Saturday, 5 August 2017

အပျိုကြီး ၃ ယောက် ရှိခဲ့လေသည်...


အပျိုကြီး ၃ ယောက် ရှိခဲ့လေသည်...
မြစ်သားမြို့၏ လမ်းသွယ်တစ်ခုတွင် နှစ်ထပ်အာစီ အဆောက်အအုံ ဆေးရုံကြီးတစ်ရုံက ခံ့ညားစွာနေရာယူထားသည်။ အခြား နယ်သားများအတွက်တော့ မြစ်သားမြို့လို မြို့ငယ်လေးတစ်ခုမှာ အထူးကု ဆေးရုံကြီးများ လာဖွင့်ထားသလားဟုပင် ထင်နိုင်ပါသည်။ သို့သော် ထိုဆေးရုံမှာ အထူးကုဆေးရုံမဟုတ်ဘဲ ဆေးဖိုးမတတ်နိုင်သည့် နွမ်းပါးလူနာများ၊ ရဟန်းသံဃာနှင့် သီလရှင်များ၊ အသက် (၈၀)အထက် သက်ကြီးရွယ်အိုများ၊ ပရဟိတကျောင်းများမှ မိဘမဲ့ကျောင်းသားလေးများအား အခမဲ့ကုသပေးနေသည့်နေရာ။ အခြားလူနာများကိုလည်း စရိတ်မျှသာယူပြီး ကုသပေးနေသော ‘‘မြလှမြင့်’’ စေတနာကျန်းမာရေးဖောင်ဒေးရှင်း ဆေးရုံဖြစ်ပါသည်။


လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်ကတော့ ထိုဆေးရုံနေရာတွင် နှစ်ထပ် သွပ်မိုးပျဉ်ထောင် အိမ်ကြီးတစ်အိမ် ရှိခဲ့ဖူးပါသည်။ ထိုအိမ်ကြီးထဲတွင် ဒေါ်မြ၊ ဒေါ်လှ၊ ဒေါ်သန်းမြင့် အမည်ရ ညီအစ်မ အရင်းသုံးဦး အတူတကွနေထိုင်ခဲ့သည်။ ထိုညီအစ်မသုံးဦး၏ ဇာတိက မကွေးတိုင်းစကုမြို့ဖြစ်သည်။ သို့သော် ဖခင်ဖြစ်သူက မြေစာရင်းဝန်ထောက်မို့ တာဝန်ကျရာမြစ်သားသို့လိုက်ပါရင်း မြစ်သားမှာအခြေကျသည်။ မိဘနှစ်ပါးက သူတို့သုံးဦးအပြင် ယောက်ျားလေး နှစ်ဦးပါမွေးခဲ့တော့ စုစုပေါင်း မောင်နှမငါးဦးဖြစ်သည်။ မိဘတွေဆုံးပါးပြီး ယောက်ျားလေးနှစ်ဦးကလည်း အိမ်ထောင်အသီးသီးကျသွားခဲ့တော့ ထိုအိမ်ကြီးထဲတွင် ညီအစ်မသုံးဦးသာ အပျိုကြီးဘဝကိုယ်စီဖြင့် ကျန်ရစ်ခဲ့လေသည်။
အကြီးဆုံး ဒေါ်မြက အရပ်ပု ပြတ်ပြတ်ဖြင့် ခပ်ကျစ်ကျစ်ခန္ဓာ ကိုယ်ဖြစ်သည်။ အလတ် ဒေါ်လှ ကတော့ ဖြူဖြူသွယ်သွယ်ဖြင့် ညီအစ်မသုံးဦးတွင် ကြည့်အကောင်းဆုံးဟု ပြောနိုင်သည်။ အငယ်ဆုံး ဒေါ်သန်းမြင့်ကတော့ အသားက ညိုတိုတို။ ညီအစ်မသုံးဦးစလုံး ကျောင်းဆရာမတွေ ဖြစ်သည်။ မြစ်သားမြို့ အ.ထ.ကတွင် အလယ်တန်းပြတာဝန် ထမ်းဆောင်ကြသည်။ ပထဝီ၊ သမိုင်းနှင့် မြန်မာစာတို့ သင်ပြကြသည်။ ဒေါ်မြက နည်းနည်းငေါက်တတ်သည်။ ဒေါ်လှကတော့ အနေအေးသည်။ ဒေါ်သန်းမြင့်ကတော့ ရိုက်တတ်ပြုတတ်သည်။ သို့သော် နာအောင်၊ ကျင်အောင် ရိုက်တာမျိုးမဟုတ်။ ပြောစကား နားမထောင်သည့် ကျောင်းသားတွေကို ပါးစပ်က တတွတ်တွတ် ပြောဆိုဆုံးမရင်း ကော်ပေတံတစ်ချောင်းဖြင့် တဖတ်ဖတ် ရိုက်နေတတ်တာမျိုး ဖြစ်သည်။ 
မြစ်သားမြို့ရှိ အသက်(၆၀)တန်း တော်တော်များများက အပျိုကြီးသုံးဦး၏ လက်ငုတ်လက်ရင်း တပည့်ရင်းများ ဖြစ်ခဲ့ဖူးကြ သည်။
ဒေါ်မြတို့ ညီအစ်မတစ်တွေက ဖခင်ကလည်း အစိုးရဝန်ထမ်း၊ ကိုယ်တိုင်ကလည်း ကျောင်းဆရာမတွေ၊ နောက်ပြီး အပျိုကြီးတွေလည်း ဖြစ်ပြန်ဆိုတော့ စည်းကမ်းကလနား ကြီးလွန်းလှသည်။
အပြင်လူတွေနှင့် ထွေးရောယှက်တင်မနေတတ်။ သူတို့၏ အိမ်ခြံဝင်းတံခါးကို အမြဲလိုလို ပိတ်ထားတတ်သည်။ ‘‘မေ့လို့ တံခါးမပိတ်မိရင် အရိုက်ခံရတယ်’’ ဟု အပျိုကြီးသုံးဦးနှင့် အတူနေထိုင်ခဲ့ဖူးသူ ဒေါ်ကြင်သန်းက ပြောပြသည်။ ညဆိုလျှင်လည်း ဘယ်လောက်ပူပူ ရှိသမျှပြတင်းတံခါး အကုန်ပိတ်အိပ်ကြသည်။
အဝတ်အစားဆိုလည်း အိမ်နေရင်း စုတ်ပြဲနေတာမျိုးဝတ်ကာ နေတတ်ကြသည်။ ‘‘စုတ်မှ အေးတာအေ့လို့ ပြောသေးတာ’’ဟု ဒေါ်ကြင်သန်းက ပြောပြသည်။ ဧည့်သည်လာပြီဆို ညီအစ်မသုံးဦးစလုံး အခန်းထဲပြေးဝင်ကြသည်။ ဝတ်ထားတဲ့အစုတ်တွေသွားလဲပြီးမှ ဧည့်သည်ထွက်တွေ့ကြသည်။ နံနက် ၄ နာရီဆို ညီအစ်မသုံးဦး စလုံး အိပ်ရာကထသည်။ ထမင်းဟင်းချက်သူကချက်၊ ဘုရားဝေ ယျာဝစ္စလုပ်သူကလုပ်၊ အိမ်သန့် ရှင်းရေးလုပ်သူကလုပ်ဖြင့် တစ်နေ့တာကို ခပ်စောစောထကာ အလုပ်တွေဖြင့် စတင်တတ်ကြ သည်။
လခထုတ်ပြီဆို ညီအစ်မသုံးဦး တစ်ယောက် ၇၀ ဆို ၇၀ ဝေပုံ ကျထုတ်ကြသည်။ ထိုစုပေါင်းငွေ ဖြင့် တစ်လစာလိုတာ ဈေးမှာသွားဝယ်သည်။ ထိုတစ်လတာ ဝယ်ထားတာတွေဖြင့် လောက်အောင် သုံးသည်။ ဖယောင်းတိုင်ဆို တစ်လစာ တစ်ရက်တစ်တိုင်နှုန်းဖြင့် အတိုင် ၃၀ ဝယ်ထားသည်။ လမကုန်သေးမီ ဖယောင်းတိုင်ကုန်သွားလျှင် ထပ်မဝယ်တော့။ မှောင်ကြီးထဲငုတ်တုတ်သာ ထိုင်နေတတ်ကြသည်။
ဟင်းချက်ပြီဆိုလျှင်လည်း ထိုအချိန်က ကြက်ကိုတစ်ကောင်လုံးဝယ်ရသည့် ခေတ်မျိုးဆိုတော့ အိမ်မှာလာကူပေးသူတွေ အကျပ်ရိုက်ရတော့သည်။ ဆရာမကြီးတွေက တစ်ကောင်လုံးမဝယ်ချင်။ သူတို့အနေဖြင့် ကြက်တစ်ခြမ်း လောက်ဆိုလောက်ပြီ။ ဒါကြောင့် အိမ်နီးချင်းတွေနဲ့ ကြက်တစ်ကောင်စပ်တူဝယ်ချက်ကြရသည်။ ‘‘အန်တီဆို သူတို့နဲ့နေတော့ ကြက်တစ်ကောင်ကို ချိန်စရာမလိုဘဲ အညီအမျှ ခြမ်းတတ်တယ်’’ဟု ဒေါ်ကြင်သန်းက ရယ်မောရင်း ပြောပြသည်။ ဝယ်လာသည့် ကြက်တစ်ခြမ်းကို ဆွမ်းချိုင့်ပို့ရန်နှင့် ဆရာမကြီးသုံးဦးနှင့် လာကူပေးသူ နှစ်ဦးလောက်အတွက် အညီအမျှတုံးကာ ချက်တတ်သည်။ ကိုယ့်အတုံးနဲ့ကိုယ်။ ပိုစားလို့ လည်းမရ။
အဲဒီလို စိစစ်လွန်းတာတွေကြောင့် ဆွေမျိုးသားချင်းတွေက ဆရာမကြီးတွေနား သိပ်မကပ်ရဲကြ။ လာကူပေးသည့် ကလေးမလေးတွေဆို ပိုလို့ဒုက္ခရောက်သည်။ ကြက်ဥကို အခါခါခေါက်မှပွကာ ကြက်ဥကြော်ကြီးကြီးရမည်မို့ အကြိမ် ၃၀ တိတိ ခေါက်ပြရသည်။ မီးခြစ်ဆံဆိုလည်း ထမင်းဟင်း တစ်ခါချက်လျှင် နှစ်ဆံသာပေးသည်။ လာကူပေးသူက မီးခြစ်ဆံတစ်ဘူး ခိုးဝယ်ကာ ဆောင်ထားရသည်ဟု ဆေးရုံကော်မတီ အဖွဲ့ဝင်များက ပြောပြသည်။ ညစာဆိုလျှင်လည်း ချက်သူက ကျန် ညီအစ်မတွေကို ဆာလား၊ မဆာဘူးလား မေးသည်။ မဆာဘူးဆိုလျှင် ထိုညစာသုံးဘူးချက်ရမည့် နေရာ နှစ်ဘူးသာချက်သည်။ ညအိပ်ခြုံသည့် စောင်ဆိုလျှင် အကောင်းတွေ အများကြီးရှိပါလျက် နှစ်နံစပ်စောင်တို့၊ ဘာဘူစောင်တို့ လောက်သာ ခြုံအိပ်ကြသည်။
သို့သော် ဆရာမအပျိုကြီး သုံးဦးက သူတို့အတွက်သာ ချွေတာကြသည်။ ဧည့်သည်လာလျှင်တော့ ကောင်းတာလေးတွေ ဝယ်ကျွေးတတ်သည်။ သူတို့မသုံးဘဲထားသည့် အိပ်ရာခင်းနှင့် စောင်တွေ၊ ခေါင်းအုံးကောင်းတာလေးတွေ ထုတ်ပေးတတ်သည်။ နောက်ပြီး သုံးဦးစလုံးတူသည့်အချက်က လှူရေးတန်းရေးမှာ သဒ္ဓါတရား ကောင်းလွန်းကြတာ ဖြစ်သည်။ နေ့စဉ် ဆွမ်းချိုင့်ယူကာ ချက်ပြုတ် လှူဒါန်းသည်။ မြို့ထဲက လှူပွဲ တန်းပွဲရှိပြီဆို လက်မနှေးတတ်။
ညီအစ်မသုံးဦးက တစ်ဦးနှင့် တစ်ဦး ရိုရိုသေသေပင် ဆက်ဆံ တတ်ကြသည်။ အငယ်ကိုလည်း ‘‘မ’’တပ်ခေါ်သည်။ ကျောင်းဆရာမတွေမို့ အိမ်မှာ စာနားမလည်လို့ လာမေးတတ်ကြသည့် ကျောင်းသား၊ ကျောင်းသူတွေ ရှိတတ် သည်။ ညအိပ်ညနေ လက်ခံကာ သင်ပြပေးတတ်သည်။ သို့သော် စည်းကမ်းကြီးတာက ပြောစရာ မလိုတော့သည်မို့ မိန်းကလေးတွေဆို ယောက်ျားလေးတွေနဲ့ စကားတောင် မပြောရ။ မိန်းကလေး ဣနြေ္ဒ၊ မိန်းကလေးသိက္ခာအပြည့်ဖြင့် နေခိုင်းတတ်သည်။
ဆရာမကြီး သုံးဦးစလုံးကတော့ အိမ်ထောင်ရေးကို လုံးဝ လေသံတောင်မဟ။ စိတ်ဝင်စား လို့ စကားစကြည့်သူတွေရှိခဲ့ဖူးကြပေမယ့် သုံးဦးစလုံးက မတုန်မလှုပ် ကျောက်ရုပ်ဆိုတော့ ကိုယ်တော် ချောတွေလည်း လက်လန်ကုန်ကြ သည်ထင်သည်။ သုံးဦးစလုံး အပျိုကြီးဘဝတွေဖြင့်သာ ဖြတ်သန်းခဲ့ ကြသည်။
ထိုသို့နေလာခဲ့ရင်း အလတ် ဖြစ်သူ ဒေါ်လှနှင့် အငယ်ဆုံးဖြစ်သူ ဒေါ်သန်းမြင့်တို့ ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ကြသည်။ အသက် (၈၀)ကျော်နဲ့ (၇၆)နှစ်ကျော်တွေမှာ အေးအေးချမ်းချမ်း ကွယ်လွန်သွားခဲ့ကြတာဖြစ်သည်။ အ ကြီးဆုံး ဒေါ်မြတစ်ဦးသာ ကျန်ရစ်ခဲ့သည်။ တစ်ဦးတည်း ကျန်ခဲ့သည့် ဆရာမကြီးအား တပည့်တပန်းတွေကတော့ အိမ်တိုင်ရာ ရောက် သူဝင်ကိုယ်ထွက် လာရောက်စောင့်ရှောက်ခဲ့ကြသည်။ ဆရာမကြီးဒေါ်မြကတော့ ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာ ၂၅ ရက်မှာ နှစ်(၁၀၀)ပြည့်မွေးနေ့တောင် လုပ်သွားနိုင်ခဲ့သည်။
ရာပြည့်ပွဲပြီးတော့ ဆရာမကြီးလည်း သူ့အခြေအနေသူ သဘောပေါက်လာခဲ့ပုံရသည်။ သူ့တပည့်ရင်းတချို့က တိုက်တွန်းလာတာတစ်ကြောင်း၊ သူမသေခင် လုပ်သင့်လုပ်ထိုက်တာလေးတွေလည်း လုပ်ချင်ခဲ့တာတစ်ကြောင်းကြောင့် အိမ်ဝိုင်းထဲမှာ မြှုပ်ထားသည့် ရွှေအိုးကို ရှာခွင့်ပေးခဲ့သည်။ ထိုရွှေအိုးကို ဆရာမကြီးတို့အိမ်မှာ ငယ်စဉ်ကတည်းကနေခဲ့သည့် ဒေါ်ကြင်သန်းတို့မိသားစုကို တူးခိုင်းသည်။ ရွှေအိုးတူးသည်ဆိုတော့ နေ့ခင်းလူမြင်ကွင်းမှာ တူးလို့ကမဖြစ်။ ထို့ကြောင့် နံနက်ခင်းစောစောနှင့် ညပိုင်းတွေမှာ တူးရသည်။ ထိုသို့တူးနေချိန် ဒေါ်မြက ထိုင်ခုံတစ်လုံးဖြင့် ထိုင်ကြည့်နေသည်။
ရွှေအိုးက မြှုပ်ထားသည့်နေရာမှ အနည်းငယ်ရွေ့သွားသည်ဆိုတော့ ရက်တော်တော်ကြာအောင် တူးဖော်ရှာဖွေရသည်။ နောက်ဆုံး ရွှေအိုးကို တူးဖော်ရနိုင်ခဲ့ပါသည်။ ရလာသည့် ရွှေအိုးထဲမှ ရွှေသားများ၊ သိမ်းဆည်းထားသော လက်ဝတ်ရတနာများကို တူ၊ တူမများနှင့် ကူညီလုပ်ကိုင်ပေးသူအချို့ကို ခွဲဝေပေးခဲ့သည်။
ကျန်သည့်ရွှေများကို လူထုအကျိုးပြု လုပ်ငန်းတစ်ခုအား လှူချင်သည့်အကြောင်း ဆရာမကြီးက ဖွင့်ဟလာသည်။ ထို့နောက် မြစ်သားမြို့ရှိ အငြိမ်းစား ဆရာ၊ ဆရာမကြီးများ ကျန်းမာရေးစောင့်ရှောက်မှုကော်မတီနှင့် ချိတ်ဆက်ကာ ကျန်းမာရေးဆေးပေးခန်း တစ်ခု ဖွင့်နိုင်အောင် တိုင်ပင်ကြသည်။ ထိုအချိန် ဆရာမကြီးက အိပ်ရာပေါ်လဲနေလေပြီ။
ဆရာမကြီးက နားသိပ် မကောင်းတော့သည်မို့ ပြက္ခဒိန် နောက်ကျောတွင် ဆော့ပင်ဖြင့် ရေးကာ အပြန်အလှန် ပြောဆို ဆက်သွယ်ရသည်။ နောက်ဆုံး ဆရာမကြီးက ရွှေအိုးထဲက ကျန် သည့် ရွှေများ၊ လက်ရှိနေနေသည့် အိမ်ဝိုင်း၊ အိမ်အဆောက်အအုံ၊ အိမ်အတွင်း ပရိဘောဂများနှင့် လက်ကျန်ငွေသားများပါ မကျန် ဆေးခန်းလေးဖြစ်ဖို့ လက်ဗွေနှိပ် ကာ လှူဒါန်းပေးလိုက်သည်။ ဆေးခန်းနာမည်လေးကို သူတို့ညီအစ်မ သုံးဦး၏ နာမည်ပါအောင် ‘‘မြ လှ မြင့်’’ဟု အမည်ပေးမလားဟု ပြက္ခဒိန်ပေါ်ရေးပြတော့ ဆရာမ ကြီးက ကြည်နူးစွာခေါင်းညိတ်ပြခဲ့ ပါတော့သည်။
ဆရာမကြီး ကွယ်လွန်ပြီး လပိုင်းအတွင်း ၂၀၁၁ မတ်လ ၂၆ ရက်တွင် အပျိုကြီးဆရာမသုံးဦးခေါင်းချခဲ့သည့် ထိုအိမ်ဝိုင်းထဲတွင် ‘‘မြ လှ မြင့်’’အမည်ရ ဆေးခန်းလေးတစ်ခု စဖွင့်လာနိုင်ခဲ့ပါသည်။ ဆင်းရဲနွမ်းပါးသူတွေရဲ့ ပါးစပ်ဖျားမှာမြလှမြင့်ဆေးခန်းလေး နာမည်ရ လာခဲ့သည်။ ထိုဆေးခန်းလေးမှ တစ်ဆင့် ဆရာမကြီးသုံးဦး၏ တပည့်တပန်းတွေက ဆေးခန်းလေးကနေ ဆေးရုံအဆင့်ဖြစ်လာအောင် ငွေတွေ၊ လုပ်အားတွေ၊ ပညာတွေ ဝိုင်းဝန်းလှူဒါန်းခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၅ ဇွန်လ ၂၀ ရက်တွင်တော့ ‘‘မြ လှ မြင့်’’ ဆေးခန်းလေးမှ သည် ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ရုံ အဖြစ်သို့ ကူးပြောင်းဖွင့်လှစ်နိုင်ခဲ့လေပြီ။
ဆေးရုံတစ်ခုမှာလိုအပ်သည့် ပစ္စည်းပစ္စယမျိုးစုံ မြလှမြင့်မှာရှိသည်။ အထူးကုဆေးရုံမှာလို သီးသန့်အအေးခန်းဖြင့် ကုသလိုလျှင် လည်းရသည်။ ငွေကြေးမပါ၍ ဆေးဝယ်ရန် အခက်အခဲကြုံရမှု မျိုး မြလှမြင့်မှာမရှိနိုင်။ လူနာကို အချိန်မီကုသပေးဖို့ ဆေးဝါးတွေက စတိုခန်းထဲမှာအပြည့်။
ဆေးရုံဆင်းမှ ကျသင့်သည့်စရိတ်ကိုသာ ပေးဆောင်နိုင်သည်။ မြလှမြင့်ဆေးရုံမှာ လူနာတွေကို နွေးနွေးထွေးထွေး ကြိုဆိုဖို့၊ မငေါက်ဖို့၊ စိတ်ချမ်းသာအောင် ကုပေးဖို့ကိုလည်း ဆရာမကြီးများ၏ တပည့်ဖြစ်ခဲ့ဖူးသူ ဆေးရုံကြီးကြပ်မှုကော်မတီမှ ဦးစိုးညွန့်တို့က မှာကြားထားသည်။
ဒေါ်မြ၊ ဒေါ်လှ၊ ဒေါ်သန်းမြင့် ဆိုသည့် ကျောင်းဆရာမအပျိုကြီး သုံးဦးကတော့ တစ်ဘဝလုံး ခြိုးခြံ ချွေတာပြီး အများကောင်းကျိုး အတွက် မျိုးစေ့တွေ ချထားနိုင်ခဲ့ ကြသည်။ အခုတော့ သူတို့ချထားသည့် မျိုးစေ့မှတစ်ဆင့် ကြီးမားခံ့ထည်လွန်းလှသည့် မြလှမြင့် ဆေးရုံဟုအမည်ရသည့် အပင်ကြီးတစ်ပင် အရှိန်အဟုန်ဖြင့်ကြီးထွား လာခဲ့ရပါပြီ။
ဒေသခံတွေ ကျန်းမာရေးအတွက် တစ်တပ်တစ်အား ဖြစ်ခဲ့ရပါပြီ။ အပျိုကြီးသုံးဦး တည်ထောင်ပေးနိုင်ခဲ့သည့် ဆေးရုံမှာ မွေးဖွားလူနာတွေ အများဆုံးဖြစ်နေတာကတော့ တိုက်ဆိုင်စွာ ပြုံးချင်စရာလေးဖြစ်သည်။ ဆရာမကြီးတွေများ ရှိနေဦးမည်ဆိုလျှင် ဘယ်လိုများ ပြောဆိုလိမ့်ဦးမည်လည်း မသိ။           ။

No comments:

Post a Comment