Saturday, 5 August 2017

မန်းကျည်စေ့တွေထဲက တစေ့ပါ.


မန်းကျည်စေ့တွေထဲက တစေ့ပါ....
အပေါ်ထပ်ဘုရားစင်ရှေ့က သစ်သားပက်လက်ကုလားထိုင်လေးတွင် အဘွားအမြဲထိုင်တတ်သည်။ နေ့ရော ညပါ ထိုင်ရလွန်းသဖြင့် စစ်စိမ်းရောင် ကုလားထိုင်ဖျင်လေးမှာ အရောင်တွေပင် လွင့်ပြယ်နေပြီ ဖြစ်သည်။အဘွား၏အသက်က ရှစ်ဆယ်ကျော်နေပြီမို့ အပေါ်တက် အောက်ဆင်း သိပ်မလုပ်ဖြစ်တော့ပေ။ အပေါ်ထပ်တွင်ပင် ရေချိုးခန်းရော အိမ်သာရောရှိတော့ အောက်ထပ်ဆင်းရန်လည်း မလိုလှပေ။
အပေါ်ထပ်တွင်လည်း အဘွားအတွက် သွားစရာနေရာက သိပ်များများရှိသည်တော့မဟုတ်။ အခန်းထဲတွင် သူအိပ်သော ခုတင်နှင့် ခုတင်ဘေးက ကြိမ်ကုလားထိုင် ၊ ဘုရားစင်အောက်က ပက်လက် ကုလားထိုင် ၊ ထို့နောက် ရေချိုးရန် ရေချိုးခန်းနှင့် တပိုတပါးသွားရန် အိမ်သာ ၊ ထိုနေရာလေးခုကို အလှည့်ကျသွားရင်း တစ်နေ့တာ၏ ရှည်လျားလှသော အချိန်များကို တရွေ့ရွေ့ ကုန်လွန် စေရသည်။
အဘွားနှင့်အတူနေသူက သမီးအကြီးဆုံးဖြစ်သူ ဒေါ်ခင်ခင်ကြီး ဖြစ်လေသည်။ သူ့အသက်ကလည်း မသေး။ ငါးဆယ်နှင့် ငါးနှစ် ရှိနေပြီဆိုတော့ ဆံပင်တွေ ကြောင်ကြောင်ကျားကျားဖြူကာ မျက်စိလည်း မှုန်နေပြီဖြစ်လေသည်။ ဒါတွင်မကသေး။ ကိုယ်အလေးချိန်ကလည်း ပေါင်တစ်ရာ့ငါးဆယ်ကျော်လေသည်။ ဒီတော့လည်း ဒီခန္ဓာကိုယ် ဝဝကြီးကို ထောက်ပြီး ထူမထား ရသော ဒူးတွေက နာလှသည်။
အဘွားကတော့ ပိန်ပိန်ပါးပါးလေးဖြစ်သည်။ အသက်ကြီးသည်မှအပ ဘာရောဂါမှ ကြီးကြီးကျယ်ကျယ် မရှိချေ။ သွေးလည်း မတိုး ၊ သွေးလည်း မချိုပေ။ မျက်စိမှုန်သော်လည်း နားမလေး။ သတိကလည်း ကောင်းဆဲပင်။ ထို့ကြောင့်လည်း ဒေါ်ခင်ခင်ကြီးက “အမေက အသက်ကြီးပေမယ့် ကျန်းမာတယ် ၊ ငါသာ အမေ့အသက်လောက်အထိ နေရရင် ရောဂါတွေ စုံနဖာစီနေမှာ” ဟု မကြာခဏ တွေးမိတတ်သည်။ ယခု အသက်အရွယ်တွင်ပင် သူ့ခမျာ ဆီးချိုရော ၊ သွေးတိုးရော ရှိနေပြီ ဖြစ်လေသည်။
“ အဘွားကြီးကို အဘွားလေးက ပြုစုနေတာဟဲ့”
ကျန်သော မောင်နှမများရှေ့တွင် ဒေါ်ခင်ခင်ကြီးက ထိုသို့ပင် အသားယူကာပြောတတ်သည်။ သူ့ကိုယ်သူလည်း ထိုသို့ပင် ထင်သည်။ အရင်ကတော့ ဟုတ်ပါသည်။ အဘွားကို ကိုယ်ဖိရင်ဖိ ပြုစုနိုင်ခဲ့သည်။ သို့သော် ယခုနောက်ပိုင်းတွင်တော့ သူ့သမီးမွေးထားသော အမြွှာညီနောင်ကို မျက်ခြည်မပြတ် ထိန်းကျောင်းနေရ၍ အဘွားနားသို့ပင် သိပ်ပြီးကပ်ဖြစ်လှသည်တော့ မဟုတ်ချေ။
ဂဂျီနှင့်ဂဂျောင်ဟု အမည်တွင်သော အမြွှာညီနောင်မှာ အသက်သုံးနှစ်ကျော်ခါစပင် ရှိသေးလေသည်။ စကားတတ်ခါစမို့ အမေးအမြန်း ထူလှသလို မျောက်ရှုံးအောင်လည်း ဆော့တတ်သည်။ အပေါ်ထပ်ကို အဘွား၏ ပိုင်နက်အဖြစ် သတ်မှတ်ထား၍ သူတို့၏ ဘေးရန်မှ လွတ်သော်လည်း အောက်ထပ် တစ်ထပ်လုံးကိုကား ဗြောင်းဆန်ပြီး ပွစာကြဲနေအောင် အစွမ်းပြလေ့ရှိကြသည်။ ဒေါ်ခင်ခင်ကြီးခမျာ “ဟဲ့ ဟိုအကောင် ဂဂျီ ကြိမ်ကုလားထိုင်ပေါ် တက်မခုန်ပါနဲ့ဆို ၊ ပြောမရဘူးလား ၊ အကုန်လုံး အပေါက်တွေ ဖြစ်ကုန်တော့မယ်” “ဂဂျောင်နော် သံပန်းပေါ် ခိုတက်နေပြန်ပြီလား ၊ ဆင်းဆို ဆင်းစမ်း ၊ အခုဆင်းစမ်း” ဟု သုံးမိနစ် တစ်ခါလောက် အာပြဲအောင် အော်ဟစ်နေရတော့ အဘွား၏ အနားသို့ သိပ်မရောက်ဖြစ်သည်မှာ မဆန်းလှပေ။ 
နေ့ခင်းတိုင်ကျတော့လည်း သူ့မြေးတွေကို အတင်းအိပ်ခိုင်းပြီး ကလေးတွေအိပ်လျှင် သူပါရောပြီး အိပ်သွားတတ်သည်။ ညနေစောင်း၍ ကလေးတွေ အမေ ပြန်ရောက်ခါမှ သူက အဘွားအနားသို့ ခဏတဖြုတ်လာထိုင်နိုင်သည်။ အရေခွံလေးတွေ ပျော့ကာ ရှုံ့နေသော အဘွား၏ ခြေသလုံးလေးတွေကို တစ်ချက် နှစ်ချက်လောက် ဝင်နှိပ်ရင်း နာရီဝက်ခန့် ရောက်တတ်ရာရာ ပြောလေ့ရှိသည်။
“အမေ မနက်က ထမင်းစားလို့ ဝင်ရဲ့လား” ၊ “မနက်ဖြန်ခါ မနက် မုန့်ဟင်းခါးစားမလားဟင်” ၊ “နေ့ခင်းတုန်းက ခင်လေးဆီက စာလာတယ်အမေ ၊ မကွေးမှာ မြသလွန်ဘုရားပွဲအရမ်းစည်တယ်တဲ့ ၊ ဘုရားပွဲမှာ အညာစောင်တွေတွေ့လို့ အမေ့ဖို့ တစ်ထည် ဝယ်ထားတယ်တဲ့” ဟုပြောလို့မှ မဆုံးသေး။ သူ့ယောက်ျား ဦးလှဆောင် ထမင်းစားတော့မည်ဆိုတော့ အဘွားကို ထားခဲ့ပြီး ယောက်ျားနားပြေးရပြန်သည်။
အဘွားအနားတွင်နေရန် ကလေးမလေးတစ်ဦးကိုတော့ အမြဲလွှတ်ထားသည်။ သို့သော် သူစိမ်းဆိုတော့ သူစိမ်းလိုပင်။ အဘွားအတွက် ကွေကာအုတ် ဖျော်ပေးလျှင် ခွက်ထဲတွင် သူသောက်ရန် တစ်ဝက်လောက် ချန်ထားတတ်သည်။ သနပ်ခါးသွေးလျှင်လည်း စက်သွေးတွေရောကာ ထည့်ထားတတ်လေသည်။ ပက်လက် ကုလားထိုင် ပေါ်တွင်ထိုင်ရင်း အဘွားတရားမှတ်နေပြီ ဆိုလျှင်တော့ သူက ဘေးတွင်လှဲအိပ်ကာ အလျင်အိပ်ပျော်သွားတတ်သည်။ အဘွားတစ်ခုခု လိုချင်၍ နှိုးလျှင်လည်း တော်တော်နှင့် မနိုးတတ်။ ဇွတ်ပေပြီး ဆက်အိပ်နေတတ်သည်။ အဘွားခမျာ ဘယ်သို့ဘယ်ညာလည်း ပြောမနေချင် တော့သဖြင့် ရတတ်သမျှသော ဝတ်ကျေတမ်းကျေ အပြုအစုလေးများကို ခံယူကာ နှုတ်ကိုသာ ပိတ်ထားလိုက်သည်။ ရှည်လျားလှသော နေ့ရက်များ အတွက်တော့ အတွေးကိုသာ အဖော်ပြုရလေသည်။
အဘွားမှာလည်း လွန်ခဲ့သော ရှစ်နှစ်ကျော်ကျော်က ကွယ်လွန်သွားခဲ့သော အဘိုးနှင့် သူ၏ သားသမီးတွေအကြောင်းမှ လွဲ၍ တွေးစရာ အကြောင်းအရာ များများစားစား မရှိလှပေ။ သမီးအကြီးဆုံး ခင်ခင်ကြီး အပြင် မောင်မောင်ကြီး ၊ မောင်မောင်လတ် ၊ မောင်မောင်လေး ၊ ခင်ခင်လတ် ၊ ခင်ခင်လေး ၊ ခင်ခင်ထွေးဟူသော သားတွေသမီးတွေရှိသေးတော့ တစ်ယောက်အကြောင်းမှ နောက်တစ်ယောက် အကြောင်း ကူးပြောင်းတွေးရင်း အတွေးမျှင်တွေ ယှက်နေတတ်သည်။
အငယ်ဆုံးသော သမီးဖြစ်သော ခင်ခင်ထွေးပင် လေးဆယ်ကျော်နေပြီဆိုတော့ အဘွား၏ သားသမီးများမှာ ခေတ်စကားနှင့်ပြောရလျှင် အန်ကယ်ကြီး ၊ အန်တီကြီးတွေ ၊ ဘူဒါးကြီးတွေ ဖြစ်နေကြပြီ ဖြစ်သည်။
“အကြီးကောင် မောင်မောင်ကြီးက မအေကို သိပ်ချစ်တာ ၊ အငယ်တွေ တစ်ယောက်ပြီးတစ်ယောက် မွေးလာတော့ သူ့ခမျာ အမေ့နား မကပ်နိုင်ရှာတော့ဘူး ၊ ဒီတော့ အမေ့အင်္ကျီအဟောင်းလေးကိုဖက်ပြီး အိပ်တတ်တာ ၊ အင်္ကျီမှာစွဲနေတဲ့ တောင်တံကြီးနံ့နဲ့ချွေးနံ့ကို သူက အမေ့ရဲ့ အနံ့တဲ့”
အဘွားက စိပ်ပုတီးလေး တဂျောက်ဂျောက်စိပ်ရင်း တွေးသည်။
“ကျောင်းပျင်းတာက အလတ်မ မိခင်လတ် ၊ ကျောင်းနောက်ဘက် အိမ်သာနားက ခွေးတိုးပေါက်ကနေ တိုးထွက်ပြီး အိမ်ကို ပြန်ပြန်ပြေးလာတတ်တာ ၊ သူ့အဖေက စိတ်တိုတိုနဲ့ အတော်နာအောင် ရိုက်လိုက်မှ အဲဒီအကျင့် ပျောက်တော့တယ်”
“ငါ နို့နာပေါက်လို့ နို့ကောင်းကောင်းမတိုက်နိုင်တာက အငယ်ကောင် မောင်မောင်လေး ၊ သူ့ကျတော့မှ နို့ဘူးတိုက်ရတော့တာ ၊ မတ်တတ်ပြေးတော့ နို့ဘူးကြီး တန်းလန်းကိုက်လို့” 
“ အင်း ဒီနှစ် သီတင်းကျွတ်မှာ သားတွေ သမီးတွေ အိမ်မှာလာစုကြရင် ဘယ်လောက်ကောင်းမလဲ ၊ ငါမသေခင် သားသမီး အစုံနဲ့ စုစုရုံးရုံး ဓာတ်ပုံရိုက်ချင်လိုက်တာ”
ပဋ္ဌာန်းရွတ်ရင်းလည်းတွေး ၊ ရေချိုးရင်းလည်းတွေး ၊ အစာစားရင်းလည်း တွေးနှင့် အဘွား၏ အဖော်များက အတွေးများသာ ဖြစ်နေသည်။ အဘွားကသာ သားသမီးတွေအကြောင်း တတွေးတည်း တွေးနေရသော်လည်း အလုပ်တာဝန် ဖိစီးနေသော သားသမီးတွေကမူ အဘွား၏ အကြောင်းကိုတွေးရန် အချိန်သိပ်မရကြတော့ပေ။ ငယ်စဉ်က အဘွား၏ အင်္ကျီဟောင်းလေးကို ဖက်အိပ်တတ်သော မောင်မောင်ကြီးပင် ရန်ကုန်တစ်မြို့တည်းတွင် ရှိနေပါလျက် အဘွားဆီသို့ မှန်မှန်မရောက်ဖြစ်သည်မှာ ကြာချေပြီ။ မှော်ဘီဘက်တွင် ခြံဝယ်ကာ သီဟိုဠ်သရက်တွေ စိုက်နေတော့ အချိန်အားလေးရလျှင် မှော်ဘီခြံဘက် ပြေးလေ့ရှိတော့ အဘွားဆီ ခြေဦးမလှည့်နိုင်ချေ။
ခင်ခင်ကြီးနှင့် မောင်မောင်ကြီးက ရန်ကုန်တွင် ရှိကြသော်လည်း ကျန်ငါးဦးကတော့ မန္တလေး ၊ မကွေး ၊ ပုသိမ် ၊ ပျဉ်းမနားနှင့် မော်လမြိုင်တို့တွင် ရောက်နေကြသည်မို့ မြန်မာပြည်အနှံ့ ပြန့်လို့နေသည်။
တစ်ခါတလေကျတော့လည်း အဘွားသည် သူငယ်ငယ်တုန်းက သြဇာစေ့များနှင့် ဇယ်တောက်၍ ကစားခဲ့ဖူးသည်ကို သတိရသည်။ လက်ခုပ်ထဲတွင် စု၍ဆုပ်ထားသော သြဇာစေ့ကလေးများကို ကြမ်းပေါ်သို့ ကြဲချလိုက်သလို သူ့သား ၊ သူ့သမီးများသည် နေရာအနှံ့ ကျဲပြန့်၍ သွားလေသည်။ တစ်ယောက်လျှင် တစ်နေရာ ၊ တစ်ယောက်လျှင် တစ်ဘဝစီနှင့်။ သူတို့၏ ကိုယ်ပိုင် ဘဝထဲတွင် သူတို့နှင့်သက်ဆိုင်သော အလုပ်တာဝန် မိသားစုတာဝန်တို့သာမက လူမှုရေးပြဿနာ စီးပွားရေးပြဿနာများပါ အဖိစီးခံနေကြရလေသည်။ အဘွားဆီသို့ ကြုံလျှင်ကြုံသလို ဝင်လာကြ ၊ စာရေးကြ ၊ တယ်လီဖုန်းဆက်ကြ ၊ စားစရာတွေပို့ကြသော်လည်း သူတို့၏ မိခင်အိုကြီးအတွက် သူတို့၏ ကိုယ်ပိုင်အချိန်များကို များများစားစားတော့ ဖဲ့ပြီး မပေးနိုင်ကြတော့ပေ။
ဒီလို ဒီလိုနှင့်ပင် ဒီနေ့ဘယ်သူများ ပေါ်လာမလဲ ၊ ဘယ်သူများ တယ်လီဖုန်းဆက်မလဲ ၊ ဘယ်သူ့ဆီကများ စာလာမလဲ ၊ ဘယ်သူ့ဆီကများ လူကြုံရောက်မလဲ စသည်ဖြင့် မျှော်ရင်းငေးရင်း အချိန်တွေ ကုန်လာခဲ့သည်။ နေတစ်ခါထွက်လာလိုက် ၊ နောက်ပြီးပြန်ဝင်သွားလိုက် ၊ နောက်တစ်ခါ နေထွက်လာလိုက် ၊ ပြန်ဝင်သွားလိုက်နှင့် အဘွား၏ နေမင်းများသည် ဘာထူးခြားမှုကိုမှ မပေးခဲ့သည်မှာ ကြာမြင့်လှချေပြီ။
အခုတလောတော့ နည်းနည်းထူးခြားသည်။ အကောင်း ထူးခြားသည်တော့ မဟုတ်ပေ။ နေမကောင်း မဖြစ်ဖူးသော အဘွားခမျာ ပျို့ချင်ချင် အန်ချင်ချင် ဖြစ်နေခြင်းဖြစ်သည်။ ဗိုက်ထဲတွင် တင်းတင်းကြီးဖြစ်ကာ ထမင်းလေး တစ်လုတ်နှစ်လုတ်လောက် စားပြီးလျှင်ပင် ပြည့်ကယ်ကယ်ကြီး ဖြစ်သွားတတ်သည်။ အစာလည်း ကောင်းကောင်းမကြေဘဲ ချဉ်နံ့တွေ တက်နေတတ်သည်။ ဒီနေ့ မနက်တော့ ဗိုက်ကြီးက တင်းနေရုံမျှမကတော့ နာချင်ချင် ၊ အောင့်ချင်ချင်နှင့် အနေရ အထိုင်ရ ခက်လာသည်။ မတတ်သာတော့ ခင်ခင်ကြီးကို ခေါ်ရသည်။
“နေမကောင်းရင် စောစောက ပြောရောပေါ့ အမေရယ် ၊ ဟုတ်ပါရဲ့ ကျွန်မကလည်း အမေ့နားမကပ်နိုင်”
“အစာမကြေတာ ကြာပြီ သမီးရယ် ၊ လျက်ဆားလေး လျက်လိုက်ရင် သက်သာသွားမလား ထင်နေလို့ မပြောတာ”
“အခုရောဟင်”
“အခုတော့ ဗိုက်ကြီးတင်းပြီး နာတာတာဖြစ်လာတာနဲ့”
ဒေါ်ခင်ခင်ကြီးက ချက်ချင်းပင် ဆရာဝန်ပြေးခေါ်သည်။ ရပ်ဆွေရပ်မျိုးဖြစ်နေတော့ ဆရာဝန်လေးက ချက်ချင်းလိုက်လာသည်။ အဘွားကို အသေအချာစမ်းပြီးတော့ “အဘွားက အူအတက်ရောင်နေတာပဲ” ဟုပြောသည်။
“အဘွားကို ဆေးရုံတင်ဖို့ လုပ်ပါ ၊ အူအတက်ရောင်တာက ကြာရင်ပေါက်ထွက်တတ်တယ်”
“မပေါက်အောင် ဘယ်လိုလုပ်မလဲ လူလေးရယ်”
“ဗိုက်ခွဲပြီး ဖြတ်ပစ်ရမှာပေါ့ အဘွားရဲ့”
“ဘုရား ဘုရား”
ကလေးခုနစ်ယောက် မွေးဖူးသော်လည်း တစ်ခါမှ ဗိုက်အခွဲမခံဖူးသော အဘွားက ကြောက်ဒူးတုန်သွားသည်။ ဘုရား ဘုရား ၊ သူ့ဗိုက်ကြီးကို ဆွဲဖွင့်ပြီး အထဲက အူအတက်ဆိုတာကို ဖြတ်ထုတ်ပစ်မည်တဲ့။
“အဘွားကို အရည်ကလွဲပြီး ဘာမှမပေးနဲ့တော့ ၊ အရည်တောင် တတ်နိုင်ရင် သိပ်မသောက်နဲ့တော့နော် အဘွား”
ဆရာဝန်လေးပြန်သွားတော့ အဘွားခမျာ ခုတင်ပေါ်တွင် ငြိမ်ငြိမ်လေး အိပ်ခါကျန်ရစ်သည်။ သူ့ဗိုက်ကိုသူ လက်ဖဝါးလေးနဲ့အုပ်ကာ သမ္ဗုဒ္ဓေ ရွတ်သည်။ ဗိုက်ထဲကအနာက သက်သာလာသလိုလို ရှိလိုက် ၊ တိုးပြီးနာလာလိုက်နှင့် စိတ်တွေက ဘယ်လိုမှ မငြိမ်။ “အင်း ဗိုက်ခွဲရင်း ငါသေသွားရင်တော့ သားသမီးတွေကို တွေ့ရမှာမဟုတ်ဘူး ၊ ဒါပေမယ့် သူတို့လည်း လူ လားမြောက်ပါပြီလေ၊ စိတ်ချနေရပြီပဲဟာ” ဟုတွေးရင်း မျက်စိကိုမှိတ်ကာ ဝင်သက်ထွက်သက်ကို ရှုမှတ်သည်။ ခဏ နေတော့ အတန်ငယ် ငြိမ်သွားသည်။
မငြိမ်သူက ဒေါ်ခင်ခင်ကြီးဖြစ်သည်။ ပေါင်အလေးချိန် တစ်ရာ့ငါးဆယ်ကျော်ရှိသော ခန္ဓာကိုယ်ကြီးကို သယ်ရင်း အပေါ်တက်လိုက် ၊ အောက်ဆင်းလိုက် ၊ တယ်လီဖုန်းပြေးဆက်လိုက်နှင့် လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။ အဘွားကို မဟာမြိုင်တင်ရမလား ၊ ဆာကူရာတင်ရမလား ၊ ယူအိတ်(ခ်ျ)စီ ပို့ရမလား မဝေခွဲတတ်။ ဘယ်နေရာက ဘယ်ခွဲစိတ်ဆရာဝန် တော်သနည်းလည်း သူမသိ။ သူက ထမင်းဟင်း ချက်တတ် ဈေးသွားတတ်သော်လည်း မြေးထိန်းတတ်သော်လည်း အူအတက်ရောင်ခြင်းတည်းဟူသော ရောဂါကို မည်သည့်နေရာတွင် မည်သူနှင့်ကုရမည် မသိရှာချေ။ 
ထို့ကြောင့် ယောက်ျားဆီ တယ်လီဖုန်းဆက်လိုက် ၊ သမီးနှင့် သမက်ဆီ ဆက်လိုက် ၊ ရန်ကုန်တစ်မြို့တည်းရှိနေသူ မောင်ဖြစ်သူဆီ ဆက်လိုက် ၊ ကျန်သော မောင်ညီမတွေရှိရာ နယ် အဝေးတွေကို လှမ်းခေါ်လိုက်နှင့် ပျာယာခတ်နေသည်။ သူ့ဟာသူလည်း ဘာမှ မဆုံးဖြတ်တတ်ရှာပေ။
ခဏနေတော့ အိမ်ရှေ့တွင် ကားတစ်စင်းဆိုက်လာသည်။ ပျာယိပျာယာနှင့် ဆင်းလာသူက မောင်မောင်ကြီးဖြစ်လေသည်။
“နင့်ဆီကလည်း ဖုန်းဆက်ရတာ ခက်လိုက်တာ ငမောင်ရယ်”
“အမေရော”
မောင်မောင်ကြီးက အဘွားဆီသို့ တန်းပြီးတက်လာသည်။ အိပ်ရာထဲတွင် အေးအေးချမ်းချမ်း လဲလျောင်းနေသည်ကို တွေ့သောအခါမှ သက်ပြင်းတစ်ချက်ရှိုက်ကာ “စိတ်ပူလိုက်ရတာ အမေရာ” ဟုပြောသည်။ ခင်ခင်ကြီးကတော့ သူ့မောင်ရောက်လာ၍ အတော်ကြီး အားရှိသွားသည်။ ဝုန်းဒိုင်းကြဲအောင်ဆော့နေသော ဂဂျီနှင့်ဂဂျောင်ကို ထမင်းချက် အဝတ်လျှော် တာဝန်ယူထားရသော ဒေါ်လှချစ်နှင့် အဘွား၏ အပါးတော်မြဲ ကောင်မလေးတို့လက်ထဲသို့ တစ်ယောက်တစ်ကောင်စီ အပ်လိုက်သည်။ သိပ်ပြီး စိတ်ချစရာမရှိသော်လည်း မျက်နှာလွှဲလိုက်သည်။ “ဒီနေ့တော့ အမေ့နားမှာပဲ နေတော့မယ် ၊ ဒီမျောက်လောင်းနှစ်ကောင် မိုးပျံအောင်ဆော့လည်း မတတ်နိုင်ဘူး ၊ ထိပ်ပေါက်ပေါက် ခေါင်းကွဲကွဲ ဖြစ်ချင်တာဖြစ် မတတ်နိုင်ဘူး” ဟုတွေးသည်။
နေ့ခင်းကျတော့ အဘွားကို သားနှင့်သမီးများက ဘယ်တစ်ဖက် ၊ ညာတစ်ဖက်တွဲကာ ဆေးရုံသို့ခေါ်လာကြသည်။ ပုဂ္ဂလိက ဆေးရုံ ဆိုတော့လည်း နေ့ခင်းပိုင်းတွင် လုပ်စရာရှိသည်များကို ပြုလုပ်ပြင်ဆင်ထားပြီး ညနေကျမှ ခွဲကြရမည်ဖြစ်သည်။
“ခန္ဓာရှိလို့ ဝေဒနာရှိတာပဲ အမေရာ”
အဘွားကြောက်နေမှန်းသိတော့ သားကြီးက တတ်သမျှ မှတ်သမျှ အားပေးသည်။ သားသမီးတွေ စိတ်မပူအောင် ကြိုးစားပြီး ပြုံးသော်လည်း အဘွား၏အပြုံးက မပီပြင်ချေ။ မချိပြုံးလေးဖြစ်နေသည်။ သတိမေ့နေလျှင်တော်ဦးမည်။ အခုတော့ ခါးရိုးထဲ ထုံဆေးထိုးထည့်ပြီး သူ့ဗိုက်ကို ဓားကြီးနှင့်ခွဲချမည်ဆိုတော့ အဘွားခမျာ ဘယ်လိုပင် အားတင်းသော်လည်း မကြောက်ဘဲ မနေနိုင်ရှာပေ။
ည ခုနစ်နာရီတွင် ခွဲမည်ဖြစ်ရာ ခြောက်နာရီလောက်ကျတော့ သားအငယ် မောင်မောင်လေးတစ်ယောက် မောကြီး ပန်းကြီးနှင့် ရောက်လာသည်။
“အလုပ်တွေ အကုန်လွှဲပြီး တောက်လျှောက်မောင်းချလာတာ အမေရေ့၊ ညောင်တုန်းတံတားကြီး ပြီးသွားတာ သိပ်ဟန်ကျတာပဲ ၊ ပုသိမ်-ရန်ကုန် ခရီးက မြေကြောရှုံ့သွားသလို တော်တော်မြန်သွားတယ် ၊ အရင်လိုသာ ဇက်စောင့်ပြီး မြစ်ကူးနေရရင် အမေ့ကို ခွဲခန်းထဲ မသွင်းခင် မီချင်မှ မီမှာ”
မောင်မောင်လေးက အဘွားလက်ကို တင်းတင်းဆုပ်ထားသည်။ အဘွားကို ချစ်ကြင်နာစွာကြည့်ရင်း “မကြောက်နဲ့နော် အမေ ၊ ကျွန်တော်ဗေဒင်မေးလာတယ် ၊ အမေ့အသက် တစ်ရာကျော်မယ်တဲ့” ဟုပြောသည်။ အတည်ပေါက်နှင့် ဖြီးတတ်သော သူ့သားအကြောင်းကို သိပြီးသားမို့ အဘွားက ကြောက်စိတ်တွေလျော့ကာ ရယ်ချင်လာသည်။ အမေ့ကို ခွဲစိတ်ခန်းထဲ မပို့မီ မြင်ချင်၍ တရကြမ်းမောင်းလာသည် ဟူသောစကားကြောင့် တသိမ့်သိမ့် ကြည်နူးသွားသည်။ “ကြည့်စမ်း ၊ ငါကံကောင်းလိုက်တာ ၊ ငါ့သားသမီးတွေက သိတတ်လိုက်တာ” ဟု အခါခါတွေးရင်း ခွဲစိတ်ခန်းထဲကို ခပ်ပြုံးပြုံးဝင်သွားသည်။ “ဘာမှ မပူနဲ့ ၊ အမေက တရားမှတ်နေလိုက်မှာ ၊ မကြောက်တော့ပါဘူး” ဟုပြန်၍ အားပေးသွားသေးသည်။
အဘွားပြောသလိုပင်ဖြစ်သည်။ အဘွားကို အောင်မြင်စွာ ခွဲစိတ်၍ ပြီသွားသည်။
ထိုနေ့ညက အဘွားခွဲစိတ်ခန်းထဲမှ အပြင်ရောက်ပြီး တစ်နာရီလောက်နေမှ သားနှစ်ယောက်ပြန်သွားသည်။ ခင်ခင်ကြီး ကတော့ အိမ်မပြန်။ သူနာပြုဆရာမတွေနှင့်အတူ အဘွားဘေးတွင် စောင့်နေရစ်သည်။ ဆေးပိုက်တွေ ၊ နှာခေါင်းပိုက်တွေ အကုန် တန်းလန်းထည့်ထား၍ အနေခက်လှသော်လည်း မျက်စိဖွင့်ကြည့်လိုက်တိုင်း သမီးဖြစ်သူ ခင်ခင်ကြီးက “အမေ ၊ ခင်ကြီးရှိတယ်နော်” ဟု တိုးတိုးပြောတတ်တော့ အဘွားခမျာ အားတွေ အထပ်ထပ်ရှိနေသည်။
နောက်နေ့ မနက်ကျတော့ မန္တလေးမှမောင်မောင်လတ် ၊ မကွေးမှ ခင်ခင်လေးနှင့် မော်လမြိုင်မှ ခင်ခင်လတ်တို့ ရှေ့ဆင့်နောက်ဆင့်ရောက်လာကြသည်။ ပြုံးရယ်နေသော အဘွားကိုတွေ့လျက်နှင့် ခင်ခင်လတ်က “စိတ်ပူလိုက်ရတာ အမေရယ်” ဟုပြောပြီး မျက်ရည်တွေ ကျ နေသေးသည်။ မောင်မောင်လတ်ကလည်း “ရထားက ရရာတွဲနဲ့လိုက်လာရတာဆိုတော့ အိပ်စင်မရဘူးလေ ၊ ဆောင့်လိုက် ခါလိုက်တာကလည်း အရမ်း ၊ ကျွန်တော်က အအိပ်မက်တော့ မီးရထားဘယ်လောက်ခုန်ခုန် ငိုက်ခနဲ အိပ်တာပဲ ၊ အိပ်လိုက်တာနဲ့ အိပ်မက်ထဲမှာ အမေ သေတယ်ချည်း မက်တော့တာ ၊ ဘယ်နှခါမှန်းတောင် မသိဘူး ၊ အမလေး စိတ်ဆင်းရဲလိုက်တာ ၊ ပင်ပန်းလိုက်တာ ပြောမနေပါနဲ့တော့ အမေရာ” ဟု ညည်းညည်းညူညူ ပြောသည်။ သူ့မျက်စိရှေ့မှ ပျောက်ထွက်သွားမှာ စိုးသလို အဘွား၏လက်ကို တင်းတင်းဆုပ်ထားတော့ အဘွားက “အမေ မသေသေးပါဘူးသားရယ် ၊ အသက်တစ်ရာ ကျော်မယ်လို့ ဗေဒင်က ဟောသတဲ့” ဟု သူကိုယ်တိုင် မယုံဘဲနှင့် ပြန်ပြောမိသေးသည်။
နောက်ဆုံးရောက်လာသူက အငယ်ဆုံး သမီး ခင်ခင်ထွေးဖြစ်သည်။ သူက အလယ်တန်းကျောင်းအုပ် ဆရာမကြီးဆိုတော့ သူ့တပည့်တပန်းတွေ ကန်တော့သမျှ ဟောလစ်တို့ အိုဗာတင်းတို့ကို အဘွားအတွက် တစ်ထမ်းတစ်ပိုးကြီး သယ်ချလာသည်။
“ဟေ့ ဟောလစ်တွေ ၊ အိုဗာတင်းတွေ ဘာလုပ်ဖို့လဲ ၊ နောက်ဆုံးမှလာပြီး ဒါတွေသယ်လာလို့ ဘာလုပ်ရမှာလဲ”
အတည်ပေါက်နှင့် စ ဟောက်သူက မောင်မောင်လေးဖြစ်သည်။ သူက မျက်စိတစ်ဖက်မှိတ်ပြထားတော့ ကျန်အစ်ကို အစ်မများကပါ တစ်ယောက်တစ်ပေါက် ဝိုင်းပြီး ဆူကြသည်။
“ဟုတ်သားပဲ ၊ အရေးကြီးတာက အမေနေမကောင်းဘူးဆိုရင် ချက်ချင်း အရောက်လာဖို့ပဲ”
“အမေက သမီးမျက်နှာလေး ကြည့်ချင် မြင်ချင်ရှာတာ”
“အလုပ်ကတော့ အလုပ်ပေါ့ ၊ ဒါပေမယ့် အဲဒီအလုပ်က အမေ့ထက် အမြဲတမ်း အရေးကြီးနေလား”
ခင်ခင်ထွေးခမျာ သူ့ကျောင်းမှာသာ သူက ကျောင်းအုပ် ဆရာမကြီး ဖြစ်သော်လည်း မိသားစုဝင်ထဲမှာတော့ အငယ်ဆုံးဖြစ်သည်။ အစ်ကိုတွေ အစ်မတွေ ဘယ်သူ့ကိုမှ သူက ပြန်မပြောရဲရှာချေ။ မျက်လုံးလေး ပေကလပ် ပေကလပ်နှင့် ဟိုကြည့် ဒီကြည့် ဖြစ်နေရှာသည်။ အားလုံးက မျက်နှာထိ မျက်နှာထားတွေနှင့်ဆိုတော့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာသည်။ ခင်ထွေး ခင်ထွေး လာချင်ပါတယ် ၊ အဟုတ် အဟုတ်ကို လာ လာလို့ မရတာပါ ဟု ထစ်ထစ်ငေါ့ငေါ့ ပြောတော့မှ တဝါးဝါး ဝိုင်းရယ်ကြသည်။ ခင်ထွေး၏ ခေါင်းကို ချစ်စနိုး ဝိုင်းပုတ်ကြရင်း “င-အ မလေး” ဟု ထောမနာပြု ကြသည်။
အဘွားခမျာမှာတော့ အသက်လေးဆယ်ကျော် ငါးဆယ်ကျော် သူ့သား သူ့သမီးတွေကို ကြည့်ရင်း ကလေးလေးတွေလိုပင် ထင်နေသည်။ သူတို့ တစ်ဦးနှင့်တစ်ဦး ပြောကြ ဆိုကြ ရယ်ကြ မောကြနှင့် ပျော်နေကြသည်ကို ကြည့်၍ မဝ ၊ နားထောင်၍ မဝနိုင်အောင်ရှိသည်။
နောက်ရက်တွေကတော့ အဘွားအတွက် ရွှေရောင်လွှမ်းသော နေ့ရက်များဖြစ်သည်။ ရှားရှားပါးပါး လာဆုံသော သားသမီးခုနစ်ဦး နှင့်အတူတွဲပြီး ဓာတ်ပုံပင် ရိုက်လိုက်ရသေးသည်။ ရိုက်ရသည့်နေရာကလည်းကြည့်ဦး။ လူနာခုတင်ပေါ်တွင် အဘွားက ကိုယ်တစ်ပိုင်း မှီကာထိုင်နေရင်း သားသုံးယောက်နှင့် သမီးလေးယောက်က ဘေးမှ ဝိုင်းနေကြသည်။ ခွေးချေလေးနှင့် ထိုင်နေသော မောင်မောင်ကြီးက အဘွား၏ ခုတင်ပေါ်တွင် ဟန်ပါပါနှင့် လက်တစ်ဖက်ထောက်ထားသည်။ သူ့နောက်က ခင်ခင်လတ်က နှင်းဆီပန်းတွေ ထိုးထားသော ပန်းအိုးကို သူ၏ ခေါင်းနောက်ဘက်တွင် ဝှက်လျက် ကိုင်ထားသည်။ အမှတ်တမဲ့ကြည့်လျှင် မောင်မောင်ကြီးခမျာ ပန်းတွေ ဝေနေအောင် ပန်ထားသည်နှင့် တူနေသည်။ 
ခင်ခင်လတ်၏ ခေါင်းနောက်ဘက်တွင်လည်း မောင်မောင်လေးက လက်ဆယ်ချောင်းကို ဖြန့်ကာ ကားကားကြီး ထောင်ထားပြန်သည်။ ခင်ခင်ကြီးက အဘွားအတွက် ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ ဓာတ်ပုံရိုက်ရာ ဘက်လှည့်ပြီး အစွမ်းကုန်ပြုံးပြနေသည်။ သူ့နောက်မှ မောင်မောင်လတ်က ဓာတ်ဘူးကြီးကိုင်ပြီး (ဓာတ်ဘူးထဲမှာ တကယ်တော့ ဘာမှ မရှိ) သူ့ခေါင်းပေါ် လောင်းချမည့်ဟန် ပြင်နေသည်ကို မသိ။ ခင်ခင်လေးနှင့် ခင်ခင်ထွေးက ပန်းတွေနှင့်ဝေနေသော သူတို့ အစ်ကိုကြီးအားကြည့်ကာ အားရပါးရ ရယ်နေကြလေသည်။
အဘွားဘေးတွင် အားလုံးအိနြေ္ဒရရ ရပ်ကာ ရိုက်ထားသော ဓာတ်ပုံတစ်ပုံရှိသေးသော်လည်း ပထမပုံလောက် သူတို့က မကြိုက် ၊ သား မယားတွေလည်းမပါ ၊ ကလေးတွေလည်း မပါဘဲ သူတို့ မောင်နှမချည်း သက်သက် ပြန်ဆုံရသဖြင့် သူတို့ကိုယ်သူတို့ လူငယ်တွေလို ပြန်ဖြစ်ပြီး ငယ်တုန်းက အကြောင်းတွေကို ပြော၍မဆုံး ရယ်၍ မဆုံးနိုင် အောင် ဖြစ်နေကြသည်။
ဒီလိုနှင့်ပင် အချိန်တွေ လျင်မြန်စွာ ကုန်သွားသည်။ အဘွားလည်း အနာကျက်ကာ ချုပ်ရိုးဖြေရသည်။ ဆီးချိုလည်းမရှိ ၊ သွေးတိုးလည်း မတက် ၊ နှလုံးကလည်း ကောင်းသည် ၊ အဖျားလည်း မတက် ၊ အနာလည်း ပိုးမဝင် ၊ အဘွား၏အခြေအနေက ဆရာဝန် လက်ဖျားခါလောက် အောင်ပင် ကောင်းသည်။
“ဒီလို အသက်အရွယ်မှာ ခွဲစိတ်ပြီး ဒီလောက်ကောင်းတာ သိပ် ရှားတာ ၊ အဘွားကတော့ ထူးရှယ်ပါပဲ”
အစောင့်သူနာပြုဆရာမလေးက ပြောသည်။ အဘွားကတော့ အရင်တုန်းကလောက် မရွှင်တော့ပေ။ သူ နေကောင်းလျှင် အိမ်ပြန်ရတော့မည်။ အိမ်ပြန်ရောက်ပြီးလျှင်တော့ သူ့သား သူ့သမီးတွေလည်း သူတို့တာဝန် သူတို့ မိသားစုများရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် ပြန်ကြတော့မည်။
အဘွားစိုးရိမ်သောအချိန်သည် ချက်ချင်းပင် ရောက်လာသည်။ စ၍ပြန်သူက မန္တလေးမှ မောင်မောင်လတ်ဖြစ်သည်။ “ ခွင့်စေ့နေပြီ အမေရဲ့ ၊ သီတင်းကျွတ်ကျမှ တစ်ခါ လာခဲ့မယ်နော်” ဟုပြောကာ အဘွား၏ ခြေအစုံကို ခေါင်းနှင့်တိုက်၍ ကန်တော့သွားသည်။ ခင်ခင်လတ်ကိုတော့ သူ့ယောက်ျားက တယ်လီဖုန်းဆက်သည်။ သားအငယ်လေး ဖျားနေသည်။ အမြန်ပြန်လာပါ တဲ့။ 
မောင်မောင်လေးကတော့ အဘွားဆေးရုံမှ မဆင်းမီကတည်းက ပုသိမ်ကို တစ်ခေါက် ပြန်ပြေးပြီးဖြစ်သည်။ ဟိုက အလုပ်တွေကို ကြည့်ရှုစစ်ဆေးပြီး အဘွားဆီပြန်လာသည်။ ဒီမှာ လေးငါးရက်နေပြီးလျှင်တော့ တစ်ခါ မပြန်၍ မဖြစ်တော့။ သူ့အလုပ်တွေက အရေးကြီးသည်။ “ပုသိမ်-ရန်ကုန် နီးနီးလေးပါ အမေရာ ၊ ဒီတစ်ခါ ကျွန်တော်လာရင် ဗေဒင်ဆရာပါ ခေါ်လာဦးမယ်” ဟု ရယ်မောပြောသွားသည်။
တက္ကသိုလ်က ဆရာမဖြစ်သော ခင်ခင်လေးကလည်း စာမေးပွဲကိစ္စ ၊ မေးခွန်းကိစ္စ အရေးကြီးနေရှာသည်။ အမေ့ကိစ္စမို့ ဇွတ်ထွက်လာရသော်လည်း သူ့အလုပ်နှင့် တာဝန်က သူ့ကို စောင့်နေသည်။
မောင်မောင်ကြီး၏ခြံမှ သီဟိုဠ်သရက်များ မှည့်ရင့်ခါနီးပြီဖြစ်သည်။ ဒီအချိန်က ကြပ်ကြပ်မတ်မတ် မစောင့်ရှောက်လျှင် သူခိုးလက်ထဲ ပါတတ်၍ သူ၏ခြေဦးက မှော်ဘီဘက်သို့ လည်နေပြီဖြစ်သည်။ “ကျွန်တော့်ခြံကို တစ်ရက်လောက် လိုက်ကြည့်ပါဦး အမေရာ ၊ ကျွန်တော်လာခေါ်မယ်နော် ၊ အဝင်လမ်းက နည်းနည်းကြမ်းလို့ အမေအားမွေးလိုက်ဦး” ဟုပြောသည်။
နောက်ဆုံးမှရောက်လာသော ခင်ခင်ထွေးက နောက်ဆုံးမှ ပြန်သည်။ အဘွားနှင့် အတူ အချိန်ပြည့်ကပ်နေရင်း အဘွားကို ကလေးတစ်ယောက်လို ဂရုတစိုက်နှင့်ပြုစုသည်။ တောင်တံကြီးတွေကို ကျောက်ပျဉ် အပြည့်သွေးပြီး အဘွားတစ်ကိုယ်လုံး မွှေးကြိုင်နေအောင် လိမ်းပေးသည်။ အဘွားဆန်ပြုတ်သောက်လျှင် ငါးကြော်အရိုးလေးများ အသေအချာ ထွင်ပေးသည်။ အဘွားရောက်တတ်ရာရာ ပြောသမျှကို စိတ်ဝင်တစား နားထောင်သည်။ သူ့ကျောင်းမှ တပည့်လေးများ အကြောင်းကိုလည်း ပုံပြင်တွေလို ပြောပြသည်။ နောင်အခါ အဘွား အဖော်လုပ်ရမည့် အတွေးထဲတွင် ခင်ခင်ထွေး၏ တပည့်လေးများလည်း တစ်ခါတစ်ရံ ရောက်လာလိမ့်မည် ဖြစ်လေသည်။
“သူလည်း ပြန်ရမှာပါပဲလေ”
အဘွားက သက်ပြင်းလေးတစ်ရှိုက်ရှိုက်နှင့် တွေးဆဲမှာပင် ခင်ခင်ထွေးက “ခင်ထွေးလည်း ခွင့်ရက်စေ့ပြီ အမေရယ်” ဟုပြောသည်။ ဒီမှာသာ ကလေးလုပ်နေရသော်လည်း သူ့ကျောင်းမှာ သူက လူကြီး မဟုတ်လားဟု တွေးရင်း အဘွားက “ပြန်လေ သမီးရယ် ၊ စိတ်ချလက်ချပြန် ၊ အမေက ကောင်းနေပြီပဲဟာ” ဟု ပြောရသည်။
နောက်ဆုံးမှရောက်လာသော ခင်ခင်ထွေးက နော

No comments:

Post a Comment