( ၁ )
စာသင်သား ဦးဇင်းပေါက်စ ဘဝက ဘေးနားက ခြင်ထောင်ထဲမှ ဦးဇင်းတစ်ပါး မနက်စောစော တရားထိုင်နေတာကို တွေ့ဖူးသည်။
အခြားဦးဇင်းများ အိပ်လို့ကောင်းချိန်ကြီးဖြစ်၏။ ဘယ်သူမှ သူတရားထိုင်တာကို မသိ။ ပြောပြလဲ မယုံကြ။
မိမိသည်ပင် ကပ်လျက်ဖြစ်ပေမယ့် ကံကောင်းလို့ မြင်ခွင့် ရခဲ့ခြင်းပင်။ နေ့စဉ် ဝတ်မပျက်ဘဲ သူများအိပ်ချိန်ကျမှာပဲ သူ တရားထိုင်တတ်မှန်း နောက်မှပင် သိခွင့်ရခဲ့၏။
( ၂ )
အသက်လေး ရလာချိန်တွင် အဲလိုမျိုး ဦးဇင်းတစ်ပါးနှင့် ထပ်မံတွေ့ဆုံခွင့်ရပြန်သေးသည်။
သူက နာမည်ကြီး ဆရာတော်တစ်ပါးအတွက် တရားစာလေးတွေ ရှဲဒိုးရေးပေးနေသူ။
ပိုက်ဆံလည်းမရ။ သူရေးမှန်းလဲ ဘယ်သူမှ မသိ။ အဲလို ရေးပေးခွင့် ရနေတာကိုပဲ သူ့ခမျာ ကြေနပ်နေသူ။
သူ့နာမည်ထက် ခုလို နာမည်ရှိပြီးသား ကလောင်အမည်နဲ့ ထုတ်ပေးလိုက်တော့ သူ့ရဲ့ စာလေးတွေ အများပြည်သူ ဖတ်ခွင့်ပိုရတာပေါ့တဲ့။
( ၃ )
တမျိုးကြီးတော့ ဖြစ်နေမလားမသိ။
ရဟန္တာလို့ နာမည်မကြီးပေမယ့် ငယ်ငယ်က တွေ့ဖူးခဲ့တဲ့ လူမသိ သူမသိ ခြင်ထောင်ထဲမှာ တရားထိုင်နေတဲ့ ဦးဇင်းလေးကိုပဲ မေ့ပျောက်မရအောင် စိတ်ထဲမှာ ကြည်ညိုနေမိသည်။
ပရဟိတသမားလို့ လူသိမများပေမယ့် သူ့အမည်မသုံးဘဲ သူ့ရဲ့စာလေးတွေကို တိတ်တဆိတ် ဖြန့်ဝေပေးနေတဲ့ စာရေးသူ ဦးဇင်းလေးရဲ့ စွန့်လွှတ်အနစ်နာခံမှုကိုပဲ စိတ်ထဲမှာ လေးစားနေမိသည်။
ဟုတ်ပါတယ်။ ငါကိုက တမျိုးကြီးဖြစ်နေတာပါ။
No comments:
Post a Comment