Tuesday, 1 August 2017

" တစ်မိုးအောက်မှာ. . ."


" တစ်မိုးအောက်မှာ. . ."
🕳🕳🕳🕳🕳🕳

" ဖိုးစံ ထမင်းစားတော့မလား သား. 
ကြီးမှုံပြင်ထားလိုက်မယ်"

ကြီးမှုံအမေးကို ခေါင်းညိတ်ရုံ ပြန်ဖြေရင်း အဝတ်ဗီရိုထဲမှ ခပ်ပွပွတီရှပ်တစ်ထည်နှင့် အိမ်နေဝတ်ပုဆိုးတစ်ထည် ကောက်ဝတ်ကာ ထမင်းစားခန်းဘက် သူလှည့်ဝင်လိုက်သည်။
"ဒီနေ့ သားကြိုက်တဲ့ ဝက်မျှစ်ချဉ်ချက်နဲ့ ငါးလေးအိုးကပ် ချက်ထားတယ်. သားဘာစားချင်သေးလဲ ကြီးမှုံကို ပြောလေ"

"ရတယ်ကြီးမှုံ ဒီဟင်းနဲ့ပဲ စားလိုက်တော့မယ်. ကြီးမှုံရော မစားသေးဘူးလား"
"ကြီးမှုံ မဆာသေးပါဘူးကွယ်"

သည်အိမ်၌ ကြီးမှုံရှိနေ၍ပင် တော်သေးသည်။ မဟုတ်လျှင် မလွယ်။ သည်အိမ်ရှိ လူအားလုံးသည် နွေးထွေးသောအသိုက်အမြုံနှင့် လက်ပွန်းတတီးမရှိကြ။ မေတ္တာမဲ့နေထိုင်ခြင်း၌သာ ယဉ်ပါးနေသားကျ နေကြ၏။

အိမ်တစ်အိမ်၌ အတူတကွနေထိုင်ကြသည့် သွေးသားရင်းချာ လူတစ်စုကို မိသားစု ဟု ခေါ်မည်ဆိုလျှင် သည်အိမ်တွင်နေကြသော သူအပါအဝင် လူခြောက်ယောက်အား မိသားစုဝင်များအဖြစ် သတ်မှတ်ရမည်သာ။ မိသားစု ဆိုသောသတ်မှတ်ချက်၏ အဓိပ္ပာယ်ကို သူလည်းအသေအချာသိသည်တော့ မဟုတ်။ 
မိသားစုဝင်များကြား အပြန်အလှန် မေတ္တာကရုဏာထားခြင်းသည် မိသားစု၏အမိ ဖြစ်ရမည်၊ တစ်ဦးအခက်အခဲကိုတစ်ဦး ကူညီရင်ဆိုင်ဖြေရှင်းခြင်းသည် မိသားစု၏အဖ ဖြစ်ရမည်၊ အတ္တစိတ်ကင်းကင်းဖြင့် နွေးထွေးစွာ ဆက်ဆံတတ်ခြင်း၊ တစ်ဦးအားနည်းချက်ကိုတစ်ဦး ဖေးမနားလည်တတ်ခြင်းတို့သည်ပင် ထိုအမိအဖတို့မှ မွေးဖွားသော သားသမီးများဖြစ်ရမည် ဟု သူထင်သည်။ 
ထိုသို့သော သိမ်မွေ့နက်နဲသည့် လောကနိယာမတရားများ ကိန်းအောင်းသက်ဝင်နေမှသာ 
သာယာချမ်းမြေ့သော မိသားစုအသိုက်အမြုံတစ်ခု ဖြစ်လာနိုင်မည် ဟူ၍လည်း သူယုံကြည်နေမိပြန်သည်။

"သားစားလေ ထမင်းမမြိန်ဘူးလား"

ဟင်းပန်းကန်များအပေါ် ယပ်တောင်နှင့်ယပ်ရင်း ဂရုတစိုက်မေးနေသော ကြီးမှုံအသံကြားမှ
"စားလို့ကောင်းပါတယ် ကြီးမှုံရဲ့"

ကြီးမှုံကျေနပ်အောင်သာ ပြောလိုက်ရသည်။ ထမင်းစား၍ မမြိန်သည်ကတော့ အမှန်။ ကိုယ့်အကြိုက်ဟင်းလျာ စုံလင်နေသော်လည်း ထမင်းစားပွဲတစ်ခုလုံး တစ်ယောက်တည်းထိုင်စားရသည်မှာ ခြောက်ကပ်ကပ်နိုင်လွန်းလှသည်။ သို့သော် မတတ်နိုင်။ သည်အိမ်တွင် လူစုံ လက်စုံနှင့် ထမင်းဝိုင်းဖွဲ့စားကြသည်မှာ မရှိသလောက်ပင် ရှားပါး၏။

"ကိုဇော်ပြန်လာတဲ့အချိန်စားဖို့ ကြက်သားဟင်းလေး နွှေးထားလိုက်အုံးမယ် သားလိုတာရှိရင် ကြီးမှုံကိုပြောနော်"
"ဟုတ်ကဲ့ကြီးမှုံ"

ကိုဇော် ဆိုသည်က သူတို့မောင်နှမသုံးယောက်တွင် အကြီးဆုံး။ ဘွဲ့ရကျောင်းပြီးကတည်းမှ အလုပ်မရှိပေ။ ဂစ်တာတစ်လုံးလွယ်ပြီး အဆိုသမားယောင်ယောင် အတီးသမားယောင်ယောင် သူငယ်ချင်းများနှင့် လမ်းထိပ်လက်ဖက်ရည်ဆိုင်တွင် အချိန်ဖြုန်းနေသည်က များသည်။ မည်သည့်အချိန်ထမင်းပြန်စား၍ အပြင်ပြန်ထွက်သည်ပင်မသိ။ သည်အိမ်တွင် နေသော်လည်း သည်အိမ်မိသားစုနှင့် သွေဖီနေသည့် ကိုဇော့်နိစ္စဓူဝကို သူစိတ်တိုင်းမကျမိ။

"သားစားပြီးရင် ဆိုင်ကိုထမင်းချိုင့် သွားပို့လိုက်အုံးနော်"

"မလတ်က တစ်ခါတည်း ယူမသွားဘူးလား ကြီးမှုံ"

"သင်တန်းနောက်ကျနေမှာစိုးလို့ ဝင်မပေးအားတော့ဘူးဆိုပြီး ယူမသွားတာ သားရဲ့"

မလတ်အကြောင်းကိုသိနေ၍ သူဘာမှ ထပ်မပြောဖြစ်တော့။ မလတ်ဆိုသည်ကလည်း ဆယ်တန်းအောင်ပြီးကတည်းမှ တက်လိုက်ရသည့် သင်တန်းများ စုံနေပြီ။ သင်တန်းမရှိသည့်နေ့ဆိုလျှင်လည်း အခန်းထဲတွင် Laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသည်မှာ မအားနိုင်။ ပိုက်ဆံတောင်းသော အချိန်မှလွဲ၍ သည်အိမ်မိသားစုနှင့် ကင်းကွာနေသည့် မလတ်အဘိဓာန်ကိုလည်း သူ ဆက်ပြီး မဝေဖန်ချင်တော့ပေ။ ပက်လက်လှန်ပြီး တံတွေးထွေးသလိုပင် ဖြစ်နေရော့မည်။
.. . ...

ကြီးမှုံထည့်ထားပေးသော ထမင်းချိုင့်ကို စက်ဘီးခြင်းထဲထည့်ကာ အိမ်မှသူထွက်ခဲ့လိုက်သည်။ ဈေးရှေ့တွင် စက်ဘီးရပ်ခဲ့ကာ ဈေးအလယ်လမ်းမအတိုင်း လျှောက်လာပြီး ညာဘက်လမ်းသွယ်ထဲ ချိုးဝင်လိုက်မှ အမေ့ဆန်ဆိုင်ကို ရောက်၏။ ဆန်ဆိုင်၌ ဆန်အိတ်လာပို့သူ ဆန်ဝယ်သူများနှင့် ရှုပ်ယှက်လျက်။ 
တစ်လတွင် လပြည့်တစ်ရက် လကွယ်တစ်ရက် ဈေးပိတ်သောကြောင့် ထိုနှစ်ရက်သာ အမေအိမ်ကပ်ရသည်။
သူလူမှန်းသိတတ်စအရွယ်ကတည်းမှ အမေ့ရင်ငွေ့ခိုလှုံခွင့် မရတော့သည်မှာ ခုချိန်ထိပင်။
ကြာလာသည်နှင့်အမျှ အေးစက်တောင့်တင်းသော ဆက်ဆံရေးသည် အတူဆုံချိန်နည်းသည့် သူတို့မိသားစုဝင်များကြား မသိမသာတိုးဝင်လာတော့သည်။
. ..
ဈေးမှအပြန် အိမ်ကိုတန်းမပြန်ဖြစ်သေးဘဲ သူငယ်ချင်း ချမ်းမြေ့ တို့အိမ်ဘက် ဆက်နင်းခဲ့လိုက်သည်။ ငယ်ရွယ်စဉ် စာသင်စအရွယ်မှ ယခု ဘဝတစ်ဆစ်ချိုးစာမေးပွဲအောင်မြင်သည်အထိပင် သူ့တွင် သူငယ်ချင်းဆို၍ ချမ်းမြေ့တစ်ယောက်သာ ရှိ၏။
စေ့ထားရုံစည်းရိုးတံခါးကို တွန်းဖွင့်ဝင်လိုက်ပြီး အိမ်ရှေ့ဗန်ဒါပင်အရိပ်အောက် စက်ဘီးရပ်လိုက်သည်နှင့် 
"ဘယ်ကလှည့်ဝင်လာတာလဲကွ"

"ဈေးကအပြန် အိမ်မပြန်ချင်သေးတာနဲ့ မင်းဆီဝင်လာတာ"

"အေး...ဈေးဆိုမှ သတိရတယ်ဖိုးစံ. မနေ့က ကျကွဲသွားတဲ့ပန်းအိုး အစားပြန်ဝယ်ဖို့  ငါမေ့နေတာ"

ချမ်းမြေ့ပြောမှပင် သူလည်းသတိရသည်။ စောစောက အမှတ်ရလျှင်တော့ အမေ့ဆန်ဆိုင်မှ ပိုက်ဆံတောင်းပြီး ချမ်းမြေ့အတွက် သူတစ်ခါတည်းဝယ်လာပေး၍ ရသည်ပဲ။
"ခု သွားဝယ်မယ်လေ"

"ထမင်းစားပြီးမှပဲ အေးဆေးသွားကြမယ် လာကွာ အိမ်ထဲကို"

အိမ်အမိုးအောက်ဝင်လိုက်သည်နှင့် ချွေးစို့နေသော ခန္ဓာကိုယ်မှ အေးမြမှုကိုခံစားရသည်။ သူတို့အိမ်အရိပ်ထက်ပင် သည်အိမ်အရိပ်က ပိုအေးမြနေသယောင် စိတ်၌ထင်မိ၏။

"ဟော ဖိုးစံ လာသား တစ်ခါတည်းဝင်ဝိုင်းလိုက်"

ထမင်းဝိုင်းပြင်နေသော ဒေါ်ကြီးစန်းက သူ့အတွက်ပါ ထမင်းတစ်ပန်းကန် ထပ်ခူးထည့်ရန် ပြင်နေသည်။
"မစားတော့ဘူး ဒေါ်ကြီးစန်း သားခုပဲအိမ်က စားခဲ့ပြီးပြီ"

ချမ်းမြေ့တို့အိမ်လေးတွင် ထမင်းစားခန်း သီးသန့်မရှိ။ ထမင်းစားပွဲဝိုင်းအပုကြီးတစ်လုံးကို မီးဖိုဆောင်အဝ အိမ်ခြေရင်းဘက်၌နေရာချ၍ မိသားစုအကုန်လုံး ဝိုင်းဖွဲ့စားကြသည်သာ။
ထမင်းဝိုင်း၌ လူစုံသည်နှင့်..

"မနေ့က ကျောင်းစာကြည့်တိုက် ဝရန်တာမှာတင်ထားတဲ့ ပန်းအိုးတစ်လုံး သားလက်နဲ့တိုက်မိပြီး ကျကွဲသွားတယ် အဲ့ဒါ အစားပြန်ဝယ်ပေးရအုံးမယ်"

ချမ်းမြေ့ဆီမှ မိမိအပြစ်ကို မိသားစုဝင်အားလုံးထံ တင်ပြသည့်သဘောဖြင့် ပြောလိုက်သံ ကြားရ၏။
မိသားစုဝင်အားလုံးကလည်း ချမ်းမြေ့စကားအဆက်ကို အလေးအနက် အာရုံစိုက်နားထောင်နေကြသည့်အသွင်။ ဟင်းခွက်များအား မတို့ထိကြသေး။

"အဲ့ဒါ ဒီတစ်ပတ်မုန့်ဖိုး မယူတော့ဘူး. သားတစ်ပတ်စာမုန့်ဖိုးထဲကနေ စိုက်ဝယ်ပေးပါနော် အမေ"

ကိုယ့်အပြစ်အတွက် ကိုယ်တိုင်ပင် တာဝန်ယူချင်စိတ်ရှိသော ချမ်းမြေ့စိတ်ဓာတ်ကို သူကြိတ်၍ လေးစားမိလိုက်သည်။

"မတော်တဆတိုက်မိလို့ ကျကွဲတာပဲ. ငါ့မောင်အပြစ်မဟုတ်ပါဘူး. ကိုယ့်မုန့်ဖိုးကိုယ့်ဘာသာသုံးပါ. မမခိုင် စာအုပ်ဝယ်ဖို့ စုထားတဲ့ ပိုက်ဆံရှိသေးတယ်. အဲ့ပိုက်ဆံနဲ့ဝယ်ပေးလိုက်မယ်နော်"

" သားမုန့်ဖိုးထဲကလည်း စိုက်ဝယ်စရာမလိုပါဘူး. သမီးလည်း စာအုပ်ဝယ်စရာရှိတာဝယ်လိုက်. ဒီလ အမေ့ဈေးဖိုးထဲကနေ နှုတ်ပြီးဝယ်ပေးလို့ရပါတယ်ကွယ်"

"ကဲပါ မစန်းရယ်...မင်းကို ဒီလအတွက်ဈေးဖိုး ငါပိုပေးမယ် ဟုတ်ပလား. ကဲ ကဲ ထမင်းဟင်းတွေ အေးမကုန်ခင် စားကြမယ်"

တစ်ဦးအပြစ်ကိုတစ်ဦး ဖေးမနားလည်ပေးတတ်သည့် အားကျအတုယူဖွယ် မိသားစုစိတ်ဓာတ်ကို သူ အတိုင်းသားမြင်လိုက်ရသည်။ တစ်ဦးအပေါ်တစ်ဦး မကောင်းမြင်စိတ်များ လျော့ပါးနေပြီး အကောင်းမြင်စိတ်များ အားမာန်ပြည့်နေသည့်မိသားစု။ ထိုမိသားစုဝင်များကြား သူပင် တမေ့တမော မျောပါသွားမိ၏။

"လာကွာ မောင်စံ ကြုံတုန်းလေး. မင်းဒေါ်ကြီးစန်း လက်ရာက တကယ်ကောင်းကွ အတို့တွေလည်း စုံတယ်"

ဦးလေးထွန်းက သူ့ကိုလည်း သတိတရလှည့်ခ်ါရင်း ဇနီးဖြစ်သူလက်ရာကိုပါ ချီးကျူးစကားဆိုလိုက်သေး၏။ ဒေါ်ကြီးစန်းမျက်နှာပေါ်မှ ကျေနပ်ပြုံးတစ်ချက်ကို လက်ခနဲ သူမြင်လိုက်ရသည်။ 
အမှန်ပင်။ ဒေါ်ကြီးစန်းလက်ရာကို သူလည်း အလျင်းသင့်တိုင်း စားဖူးနေကျ။ ဟင်းချက်ကောင်းသည်ဆိုသည်ထက် ဟင်းအမယ်ကို အစပ်အဟပ်တည့်စွာ စီစဉ်ချက်ပြုတ်တတ်သည်။
ခုလည်းကြည့်။ ငါးခူကိုအကောင်လိုက်မွှန်းပြီး ကင်ပွန်းချဉ်ရွက်နှင့်ချဉ်ရည်ဟင်းထဲ ငြုပ်သီးအစိမ်းတောင့်လေးတွေ အုပ်ထားသည်မှာ သွားရည်ယိုချင်စရာ။ 
မုန်လာဖူးပြုတ်၊ နံနံပင်၊ ပဲညွှန့်စိမ်းစိမ်းစိုစို၊ သခွားသီးကို အကွင်းလိုက်ပါးပါးလှီးကာ အတို့အစုံအလင်နှင့်။ စားခါနီးမှ ကြော်ထားပုံရသော မြေပဲစိကြော်အနံ့မွှေးမွှေးက သူ့နှာခေါင်းဆီသို့ပင် ပျံ့လာသည်။

" မူမနေနဲ့ ဝင်စားစမ်းပါဖိုးစံရာ ဒီအချိန်ကိုမှန်းပြီး မင်းလာမှန်းသိပါတယ် "
အားလုံးပန်းကန်ထဲ ဦးဦးဖျားဖျား ဦးချနေရင်း သူ့ကို ချမ်းမြေ့နောက်ပြောလိုက်မှန်း သိ၍ အားလုံးဝိုင်းရယ်ကြသည်။

"စားချင်ရင်တစ်ခါတည်းဝင်စားလိုက် ဖိုးစံရေ ပြီးမှ...' ကြီးတော် မစားရင်ငြိမ်ငြိမ်နေ ခွေးကိုက်တယ်နော်' ဆိုတဲ့အဖြစ်မျိုး ဖြစ်နေမယ်"

မမခိုင်ပြောလိုက်သော စကားအဓိပ္ပာယ်ကို သူ မသိဘဲ ရောယောင်ရယ်နေလိုက်မိ၏။
"အဲဒါ ဘာကိုပြောတာလဲဟင် မမခိုင်"

သူလည်းသိချင်နေသော ထိုအဖြစ်ဆိုသည်ကို ချမ်းမြေ့အမေးကြောင့် စားလက်စထမင်းလုတ်ကို ပါးစပ်စသပ်ရင်း မမခိုင်က...
"အဖြစ်က ဒီလို.... ပြောပြမယ်. အဒေါ်ကြီးတစ်ယောက်က အသိအိမ်တစ်အိမ်ကို သွားလည်တယ်. သွားလည်တဲ့အိမ်မှာ ဟင်းကောင်းချက်တာတွေ့တော့ မပြန်သေးဘဲ ထမင်းစားချိန်ထိ အချိန်ဆွဲနေလိုက်တယ်တဲ့. ဒါနဲ့ အိမ်ရှင်လင်မယားက ထမင်းဝိုင်းပြင်ပြီး ဝင်စားဖို့ ခေါ်တာပေါ့. ပထမတစ်ကြိမ်ခေါ်တာကို အဒေါ်ကြီးက ဝင်မစားသေးဘဲငြင်းလိုက်တယ်. ဒုတိယအကြိမ် ခေါ်တော့လည်း ဟန်ဆောင်ပြီး ဝင်မစားသေးဘူး. ဒါပေမဲ့ အဒေါ်ကြီးစိတ်ထဲကတော့ ဒီတစ်ခါခေါ်ရင် မငြင်းဘဲ ဝင်စားတော့မယ် တွေးပြီး ထလိုက်ကာမှ အိမ်ရှင်ယောက်ျားက 'ကြီးတော်မစားရင် ငြိမ်ငြိမ်နေ ခွေးကိုက်တယ်နော်' လို့လဲပြောရော အဒေါ်ကြီးခမျာ ဝင်မစားရဲတော့ဘဲ ပြန်ထိုင်နေလိုက်ရတယ်တဲ့"

မမခိုင်ပြောပြသောအဖြစ်လေးကြောင့် အစတည်းကစိုပြေနေသော ထမင်းဝိုင်းလေးအတွင်း အားလုံး၏ရယ်သံများနှင့် ပို၍စည်ကားသွားတော့သည်။
သည်မိသားစုထမင်းဝိုင်းလေးကို မြင်ရသည်မှာ သူ့ရင်ထဲ ကြည်နူးလိုက်သည့်ဖြစ်ခြင်း။ နွေးထွေးသောမေတ္တာတရားနှင့်အတူ နားလည်မှု စည်းလုံးမှု ကြင်နာမှုများဝန်းရံထားသည့် မိသားစု ထမင်းဝိုင်းလေးပင်။ ဤသို့သော မိသားစုကိုမျှ မိသားစုဟု သတ်မှတ်သည် ဖြစ်ရမည်။
. .. .. .. .
သည်နေ့ မနက်ကတည်းက အစောကြီးထကာ အင်္ဂလိပ်စာဆရာမ ဒေါ်နီနီ၏အိမ်တက်ပွဲတွင် ဝိုင်းကူလုပ်အပြီး အိမ်ပြန်ရောက်ချိန် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူအံ့အားသင့်သွားမိ၏။
သည်မြင်ကွင်းမျိုးသည် အခြားအိမ်များ၏အမြင်၌ ဖြစ်ရိုးဖြစ်စဉ် နေ့စဉ်ကြုံတွေ့နေကျ ဖြစ်သော်လည်း သည်အိမ်၏အမြင်နှင့် ကြည့်လျှင်တော့ အံ့အားသင့်ရပါလိမ့်မည်။

အိမ်တွင် လူစုံရှိနေခြင်းပင်။ 
သူတို့မိသားစုအတွက် ကြုံတောင့်ကြုံခဲလှသောအချိန်။ သည်အချိန်၌ သူ့စိတ်ကူးထဲ အနှစ်နှစ်အလလ ထင်ဟပ်နေသော မိသားစုပုံရိပ်များ ရုပ်လုံးပေါ်လာအောင် ကြိုးစားရမည်ပဲ။ 
သူအတွေးနှင့်သူ အိမ်တံခါးမကြီးကို မသိမသာ စေ့လိုက်၏။ 
သည်နေ့တစ်ရက်ကိုတော့ တံခါးမကြီးအပြင်ဘက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ မထွက်စေလို။ ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာသော မြောက်ပြန်လေကြောင့် အိမ်အတွင်းအေးစက်သွားသည် ထင်ရ၏။ ပြတင်းမှန်များပါ ဒရောသောပါး သူ လိုက်ပိတ်ပစ်လိုက်သည်။ သည်လိုအချိန် သည်အိမ်ထဲတွင် အရာအားလုံး နွေးထွေးသောအငွေ့အသက်များဖြင့်သာ ထုံမွှန်းနေစေရမည်။ 
သူတို့မိသားစုအတွင်း စိမ့်ဝင်နေသည့် အတ္တအလွှာပါးပါးကို သူတတ်နိုင်သမျှ အနားသတ်ပေးချင်မိသည်။ အားလုံးရင်ထဲသို့ မေတ္တာဓာတ်အပြည့် သိပ်ထည့်ပြီး ကြင်နာခြင်းတရားများဖြင့် မဖိတ်မစင်အောင် ဘောင်ခတ်အနားကွတ်ပေးထားလိုက်ချင်သည်။

"ဒီနေ့ ဘာဟင်းတွေချက်ဖို့ စီစဉ်ထားလဲကြီးမှုံ"

စားဖိုဆောင်ထဲတွင် အလုပ်ရှုပ်နေသော ကြီးမှုံခါးကို နောက်မှ ခပ်ဖွဖွဖက်ရင်း သူမေးလိုက်၏။

"ပုစွန်ထုပ်ကြော်နဲ့ မှိုကန်စွန်းအချိုချက်လေးချက်ထားတယ်. ခု နှမ်းဖတ်ချဉ် သုပ်မလို့. သားဘာစားချင်လဲ ပြောလေ"

ကြက်သွန်နီဥလေးတွေ ပါးပါးလှီးနေရင်းက ကြီးမှုံပြန်ဖြေသည်။ 
နှမ်းဖတ်ချဉ်ကတော့ ကြီးမှုံလက်ဖြစ်။ ပြီးခဲ့သည့်တစ်ခေါက် မြေပဲနှင့်နှမ်း အလျှံပယ်ပေါသည့် အညာဒေသမှ ဆွေမျိုးများဆီ ကြီးမှုံအလည်သွားခိုက် အိမ်ပြန်လက်ဆောင်အဖြစ် ဆီကြိတ်ဖတ်(နှမ်းနှင့်မြေပဲကို ဆီကြိတ်ရာမှ ကျန်ရှိသည့် နှမ်းဖတ်၊ပဲဖတ်)များ ပါလာ၏။ နှမ်းဖတ်ချဉ်စားချင်သည့်အခါ ထိုနှမ်းဖက်ခဲ၊ ပဲဖတ်ခဲများကို ရေစင်စွာဆေးပြီးနောက် ကြွေပန်းကန်ထဲတွင် ရေသန့်သန့်ဖြင့် မြုပ်သည်အထိလောင်းထည့်ပြီး ဆန်ခါခုံးနှင့်အုပ်ကာ အချဉ်တည်ရသည်။ ၂၄နာရီပြည့်လျှင် နှမ်းဖတ်ချဉ်အဖြစ် စားသုံးနိုင်ပြီ ဖြစ်၏။ သို့သော် ကြွေပန်းကန်စစ်စစ်မဟုတ်သည့် ကြွေရည်သုတ်ပန်းကန်၊ သံပန်းကန်၊ မြေပန်းကန်များကို အသုံးပြုလျှင် နှမ်းဖတ်ချဉ်ဖြစ်သော်လည်း အရောင်မလှတတ် ဟု သူ့အား ကြီးမှုံ စိတ်ရှည်လက်ရှည်ရှင်းပြခဲ့ဖူး၏။

"ဒီနေ့အိမ်မှာ လူစုံနေတယ် ကြီးမှုံရဲ့"

"ဒါဆိုရင် အရည်သောက်လေးတစ်မျိုးလောက် ကြီးမှုံထပ်စီစဉ်လိုက်မယ်နော်သား"

သူ့ရင်ထဲမှခံစားချက်ကို ထပ်တူနားလည်နိုင်သည့်ကြီးမှုံက အလိုက်တသိနှင့်ဆို၏။ သူတို့အိမ်ရှိလူအားလုံး မေတ္တာတရားနှင့် မျက်နှာစုံညီ ပက်ပင်းမတိုးသည်မှာ ကြာခဲ့ပြီပဲ။ 

ထမင်းပွဲအသင့်ပြင်ပြီးချိန် ကြီးမှုံကိုပါ တစ်ခါတည်းဝင်စားစေချင်၍ ထိုင်ခုံတစ်လုံးကို ကြီးမှုံအတွက် နေရာပေးလိုက်သည်။ ထမင်းဝိုင်း၌ လူအားလုံးစုံသောအခါမှ ဟင်းရည်ပူပူလေး သူခပ်ထည့်ရင်း ....၊ ကြီးမှုံကိုအရင်ဦးဆုံး. ပြီးလျှင်အဖေနှင့်အမေ. နောက် ကိုဇော်နှင့်မလတ်ကို ကြွပ်ရွနေသော ပုစွန်ထုပ်ကြော်တစ်ကောင်စီ သူ မစားခင် ဦးဦးဖျားဖျား ဦးချရမည်။ ပြီးမှ. . . .

"ချလွမ်းးးးးး"

သူအတွေးပင်မဆုံးလိုက်။ ဟင်းချိုအပြည့်နှင့် ပန်းကန်လုံးက လက်ထဲမှ မည်သို့လွတ်ကျသွားသည်မသိ။ သွားပြီ။ ကြည်နူးမှုအဟုန်ဖြင့် အရောင်တောက်နေသည့် သူ့စိတ်ကူးအားလုံး မထင်မှတ်သည့်အဖြစ်ကြောင့် ချက်ချင်းပင် အရောင်ဖျော့မှေးမှိန်ကျသွား၏။ ကြွေပြားအခင်းပေါ် ကစဥ့်ကလျားပြန့်ကြဲနေသော (ဟင်းချိုအခတ်) ဂေါ်ဖီဖက်လေးများက သူ့ကို မချင့်မရဲ ပြန်ကြည့်နေကြသည်။

"ကောင်းတယ် ကြီးမှုံကိုမလုပ်ခိုင်းဘဲ နေရာတကာဝင်ရှည်ချင်တာကိုး"

မလတ်ဆီမှ အပြစ်တင်သံကို အရင်ဦးစွာ ကြားလိုက်ရသည်။

"တော်သေးတာပေါ့ကွာ ဟင်းချိုပန်းကန်ပဲ လွတ်ကျလို့" 

သူ့ကိုပဲ ရွဲ့ပြောသည်လား။ ဘာသာပဲ ရေရွတ်သည်လား သူ မဝေခွဲတတ်။ ပုစွန်ကြော်တစ်ကောင်ကို ဦးဦးဖျားဖျားနှိုက်စားရင်း ပြောလိုက်သည့် ကိုဇော့်အသံ။

"ဖိုးစံတို့ လုပ်လိုက်ရင် အမြဲ ကချော်ကချွတ်နဲ့ မရေရာဘူး အဲ့ပန်းကန်အကွဲတွေ အရင်သိမ်းအုံး ပြီးမှစား"

မမျှော်လင့်မိသော်လည်း အမေ့ဆီမှ စိုးရိမ်စိတ်နှောသည့် စကားလေးတစ်ခွန်းလောက်တော့ဖြင့် သူကြားရမည် ထင်မိသည်။ ခုတော့ ရင်ထဲမကောင်း။ ခြေထောက်မှဟင်းချိုရည်လောင်သည့်အပူရှိန်သည် ရင်ဘတ်အထိ တက်ဟပ်နေ၏။ ကြားနေရသည့် အပြစ်တင်စကားသံများကို တုံ့ပြန်ပြောဖို့ သူ မကြိုးစားမိ။ 
ဝမ်းနည်းစိတ်ကြောင့်ထင်. တဆတ်ဆတ်တုန်နေသော နှုတ်ခမ်းတစ်စုံကို ဖိကိုက်ရင်း မျက်ဝန်းအိမ်၌ မျက်ရည်က အလိုလို ရစ်ဝဲဝေ့တက်လာ၏။ တွေးထားသမျှစိတ်ကူးများလည်း အရာမထင်တော့ပြီ။ အသံတိတ်နှစ်သိမ့်စကားသံတချို့ကိုတော့ ကြီးမှုံမျက်ဝန်းမှတဆင့် သူကြားနေရသည်။ 

တော်သေး၏။ ထမင်းစားခန်းက အဖြစ်အပျက်အားလုံး သိပင်မသိလိုက်သလိုမျိုး ထမင်းပူပူကို အေးစက်စက်ဖြင့်စားနေသော အဖေ့ဆီမှ မည်သည့်စကားသံမျှ ထွက်မလာ။ သည်လိုပါပဲ။ မိသားစုနွေးထွေးမှုကို အမြဲလျစ်လျူရှုထားနိုင်သည့်အဖေ့ကိုလည်း တစ်ကိုယ်ကောင်းဆန်တတ်သူတစ်ယောက်အဖြစ် သူအပြစ်မမြင်ချင်တော့။
တွေ့ဆုံချိန်နည်းပါးပြီး ဆုံတွေ့ချိန်လေး၌ပင် သူစိမ်းဆန်သော မိသားစုထမင်းဝိုင်းဘေးမှ သူတိုးတိတ်စွာ လှည့်ထွက်ခဲ့လိုက်သည်။ သူကိုယ်တိုင်စေ့ထားခဲ့သော တံခါးရွက်များက ခုတော့ ဟင်းလင်းပွင့်လျက်။ ရင်ဘတ်တစ်ခုလုံး ဟင်းချိုပန်းကန်နှင့်အတူ ကြေမွပျက်စီးကျန်ခဲ့ပေတော့။

အိမ်တစ်လုံး၏ တစ်မိုးအောက်မှာ အတူနေကြသည်မှန်သော်လည်း တစ်ဦးနှင့်တစ်ဦး စာနာညှာတာမှု. သိတတ်နားလည်မှု. အနစ်နာခံခင်တွယ်မှုများကို ဥပေက္ခာပြုထားသည့် သူတို့မိသားစုသည် 'မိသားစု'နှင့်မတူ။ တစ်မိုးအောက်မှာနေသည့် ' လူတစ်စု' မျှသာ။ 
. .. ...
ရည်ရွယ်ခြင်းမရှိပါဘဲ သူ့ခြေလှမ်းများ၏ ဦးတည်ချက်ကား ချမ်းမြေ့တို့အိမ်ဘက်ဆီသို့။ သည်အချိန်ဆိုလျှင် နွေးထွေးသောမိသားစု ထမင်းဝိုင်းလေးနှင့် သူ တိုးကောင်းတိုးနေပေလိမ့်မည်။ ။ 

" ညဦးနေ"

No comments:

Post a Comment