Wednesday, 2 August 2017

မျက်စိကမြင်တဲ့ ၀ီထိစိတ်ဖြစ်ပုံ


အဘိဓမ္မာ၊ ဒုတိယဆင့်၊ ဝီထိပိုင်း (၆-ခ)
ဘယ်အရာပဲဖြစ်ဖြစ် သက်တမ်းရှိတယ်နော်၊
ပြန်တွက်ကြည့်မယ်ဆိုရင် အဲဒီ မျက်စိတံခါးကနေ ဆက်သွယ်လာတဲ့ အဆင်းအာရုံလေး ဘယ်သူနဲ့ ပြိုင်ဖြစ်တုံးဆိုရင် အတီတဘဝင်နဲ့ ပြိုင်လာတယ်၊
သူ့ရှေ့က သူမထင်ခင် ဘဝင် ၃-ခု ရှိတယ်၊
အဲဒီ ပထမဘဝင်စိတ်ကလေးနဲ့ သူက ပြိုင်တူဝင်လာတာ၊
သို့သော် ပထမဘဝင်စိတ်သည် သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊
ဒုတိယဘဝင်စိတ်ကလည်း သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊
တတိယဘဝင်စိတ်ကလည်း သူနဲ့ အဆက်အသွယ် မလုပ်ဘူး၊
သူနဲ့ စပြီးတော့ အဆက်အသွယ်လုပ်တာ ပဉ္စဒွါရာဝဇ္ဇန်းကျမှသာ ဖြစ်တယ်။
ဒါကြောင့်မို့ 
"အတီတဘဝင်၊ 
ဘဝင်္ဂစလန၊ 
ဘဝင်္ဂဂုပစ္ဆေဒ၊
ပဉ္စဒွါရာဝဇ္ဇန်း၊ 
စက္ခုဝိညာဏ်၊ 
သမ္ပဋိစ္ဆိုင်း၊
သန္တီရဏ၊ 
ဝုဋ္ဌော၊ 
ဇော ၇-ကြိမ်၊ 
တဒါရုံ ၂-ကြိမ်" 
ဒီလိုပြောတာ၊
အဲဒီစိတ်တွေကို ပေါင်းပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင် ၁၇-ခု ရှိတယ်၊
အဲဒီ စိတ် ၁၇-ခုသည် ဟောဒီရူပါရုံလေးနဲ့ ဆက်သွယ်ပြီး အလုပ်လုပ်တဲ့ စိတ် ၁၇-ခု ဖြစ်သည့်အတွက်ကြောင့် ရူပါရုံသက်တမ်းကလည်း ဒုတိယ တဒါရုံရဲ့ ချုပ်တဲ့ဘင်ခဏနဲ့ သွားပြီးတော့ ဒီရူပါရုံလေးဟာ ချုပ်သွားတယ်၊
မျက်စိထဲမှာ ထင်ဟပ်လာတဲ့ ရူပါရုံလေးရဲ့သက်တမ်းဟာ ကုန်ဆုံးသွားတယ်၊
သက်တမ်းစေ့သွားပြီလို့ ပြောတယ်၊
နောက်ထပ်မြင်တာက နောက်လေ၊
တစ်နေကုန် ထိုင်ကြည့်နေလည်း ဒီလိုပဲ သွားနေမှာပဲ၊
သူ့သက်တမ်းလေးနဲ့သူ သွားနေမှာပဲ။
သို့သော် အဲဒီခြားနားချက်ကို လူတွေက မမြင်နိုင်ဘူး၊
မြင်နိုင်ပါ့မလား၊
ဖယောင်းတိုင်လေးတစ်တိုင်ပဲ ကြည့်ပါလား - ဖယောင်းတိုင်လေးတစ်တိုင် ထွန်းထားလို့ရှိရင် ဒီဆီလေးနဲ့ ဒီမီးစာလေး ကုန်သွားရင် နောက်ဆီ နောက်မီးစာ ဖြစ်သွားပြီ၊
သို့သော် အဲဒီ ခြားနားချက်ကို မြင်ရရဲ့လားဆို မမြင်ရဘူး၊
အဲဒီသဘောမျိုးပဲ၊
ဒီ လူ့ရဲ့စိတ်တွေ အာရုံတွေကလည်းပဲ အဲဒီလို အများကြီး ဖြတ်သန်းပြီးတော့ သွားနေတယ်၊
ဒါ မျက်စိထဲမှာ ပေါ်လာတဲ့ အတိမဟန္တဆိုတဲ့ အဆင်းအာရုံနဲ့ ပတ်သက်ပြီးတော့ အခုလို စိတ်တွေ ဖြစ်တယ်။
သို့သော် အဲဒီလောက်လေး ဖြစ်ရုံနဲ့ ဒီပန်းပွင့်ဆိုတာကို သိသလားလို့ဆို - မသိသေးဘူး၊
ပန်းပွင့်လေးတစ်ခု မြင်လိုက်တယ် ဆိုပါစို့-
ကိုယ့်ရှေ့ အလင်းရောင်ကောင်းကောင်းထဲမှာ ပန်းလေး မြင်တယ်ဆို 
ထင်ထင်ရှားရှားကြီး မြင်လိုက်တယ်ဆိုရင်
ဘဝင်စိတ်ကလေး ၃-ခုအပြီးမှာ
ပဉ္စဒွါရာဝဇ္ဇန်း ဖြစ်လာတယ်။
ပန်းပွင့်နဲ့ ပတ်သက်ပြီး စက္ခုဝိညာဏ်စိတ်က မြင်လိုက်တယ်၊
သမ္ပဋိစ္ဆိုင်းစိတ်က လက်ခံပေးလိုက်တယ်၊
သန္တီရဏက စူးစမ်းတယ်၊
ဝုဋ္ဌောက ပိုင်းခြားသတ်မှတ်ပေးလိုက်တယ်၊
ကြိုက်ရင် ဇဝနက လောဘဖြစ်ပြီးတော့, ဘုရားတင်မယ်ဆိုရင် ကုသိုလ်စိတ် ဖြစ်ပြီးသွားတယ်၊
တဒါရုံက ဆက်ခံပြီး နောက်ဆုံးမှာ ဒီမျက်စိထဲမှာ ထင်ဟပ်လာတဲ့ ပန်းပွင့်ဆိုတဲ့ အာရုံလေး ချုပ်ဆုံးသွားတယ်၊
ချုပ်ဆုံးသွားတော့ အဲဒီအချိန်မှာ ပန်းလို့ သိသလားဆို မသိသေးဘူးတဲ့။
ဘယ်ကျမှ သိတုံးဆိုရင် အဲဒီနောက်မှ mind door လို့ ခေါ်တဲ့ မနောဒွါရမှာ
"အဲဒါကို ငါမြင်တာလေးက ဘာလေးတုံး" ဆို ပြန်စဉ်းစားတယ်၊
ပြန်စဉ်းစားတဲ့ ဝီထိလေးကတော့ သူ့မှာလည်း ပြန်စဉ်းစားလိုက်တာနဲ့ တစ်ပြိုင်နက် စဉ်းစားတာက နောက်ကျသွားပြီ၊
ခုနက ဘဝင်တွေကနေ ဆက်ပြီးတော့ ဘဝင်္ဂစလန ဘဝင်္ဂုပစ္ဆေဒ ဆိုပြီး အာရုံအပြောင်းအလဲလေးမှာ ဘဝင်စိတ်က ပြန်စဉ်းစားတဲ့ အာရုံကို ဒီပန်းအာရုံကို မယူနိုင်ဘူး၊
မယူနိုင်သည့်အတွက်ကြောင့် ဘဝင်လေးက လှုပ်ပြီးတော့ ပြတ်သွားပြီးမှ မနောဒွါရာဝဇ္ဇန်း ဆိုပြီးတော့ ဒီအာရုံလေးကို ဖွင့်ပေးလိုက်တာ၊
အဲဒါကျတော့ အတိတ် ဖြစ်သွားပြီ။
ခုနက မျက်စိကမြင်ပြီးတော့ အလုပ်လုပ်တဲ့ စိတ်တွေကျတော့ ပစ္စုပ္ပန်တည့်တည့်လုပ်တာ၊
သူ သက်ရှိထင်ရှား ရှိနေတုန်း လုပ်သွားတာ၊
အခု နောက်ထပ်စိတ် ပြန်တွေးတာကျတော့ အာရုံက အတိတ်ဖြစ်သွားပြီ၊
တကယ်မြင်နေတဲ့ဟာ မဟုတ်တော့ဘူး၊
စိတ်ကူးထဲမှာ မှတ်ထားတဲ့အာရုံ ဖြစ်သွားပြီ၊
အဲဒီအာရုံကို မနောဒွါရာဝဇ္ဇန်းက စိတ်တံခါးကို ဖွင့်ပေးလိုက်မှ ချက်ချင်း ရောက်လာတာ၊
ချက်ချင်း ရောက်လာပြီးတော့ ပန်းဆိုတာ ဘာပါလိမ့်ဆိုတာ ပြန်စဉ်းစားသွားပြီ၊
ပြန်စဉ်းစားသွားပြီး တစ်ခါ သူတို့လည်းပဲ ချုပ်သွားပြီး နောက်ထပ်တစ်ခါ တတိယအကြိမ် တစ်အုပ်စု ပေါ်လာပြန်တယ်၊
mind door မှာပဲ။
အဲဒီပေါ်လာတဲ့ အခါမှာလည်းပဲ ဒုတိယဝီထိနဲ့ တတိယဝီထိကြားမှာ လာပြန်ပြီ - ဘဝင် ၂-ခု၊
ဘဝင်္ဂစလန၊ ဘဝင်င်္ဂုပစ္ဆေဒ လာပြီးတော့မှ ခုနက mind door တံခါးဖွင့်ပေးတဲ့ မနောဒွါရာဝဇ္ဇန်း ဖြစ်တယ်၊
ဖြစ်ပြီးရင် ဇော၊
အဲဒီကျတော့ သူက အမည်တပ်လာပြီ၊
ပန်းဆိုတဲ့အမည်လေးကို တပ်လာပြီ၊
စကားလုံးလေး ရလာပြီ၊
ရလာပြီးနောက် အနက်အဓိပ္ပာယ် နားလည်သွားတဲ့ အဆင့်ကျတော့ တတိယအဆင့်လောက်ကျမှ နားလည်တယ်။
အသံလည်း ဒီအတိုင်းပဲ၊
အနည်းဆုံး လေးဝီထိလောက် ဖြစ်ရတယ်၊
ဒါ ယေဘုယျ ပြောတာနော်၊
ယေဘုယျပြောရတဲ့စကား၊
ဒီထက် ကြာတာလည်း ဖြစ်နိုင်တယ်၊
အဲဒါ မျက်စိကမြင်ပြီး အဲဒီ ၄-နံပါတ် ဝီထိ mind door မှာ ပြန်စဉ်းစားတဲ့ ဝီထိဖြစ်ပြီးတော့မှ
"ဒါ ပန်းပါလား"ဆိုတာ သိတာ၊
အဲဒီနောက်မှာလည်း ဘာပန်းတုံးဆိုတာ တစ်ခါလာဦးမယ် ထပ်ပြီးတော့၊
အရင်တုန်းက တွေ့ဖူးရင်တော့ ချက်ချင်းလိုလို သိနေတယ်၊
မတွေ့ဖူးလို့ရှိရင် "ဘာပန်းပါလိမ့်" "ဘာပန်းပါလိမ့်" နဲ့ ခေါင်းထဲမှာ question တွေပဲ လာနေမှာပဲ၊
ပြန်တွေးလို့ရှိရင်နော်၊
ဒါ မျက်စိက မြင်တဲ့ ဝီထိစိတ်ဖြစ်ပုံကို ပြောတာ။
အသံကြားတဲ့ဝီထိလည်း ဒီအတိုင်းပဲ၊
ဆိုပါစို့-
တစ်ယောက်က ပြောလိုက်တယ် dog ဆိုတဲ့ အသံလေး ပြောလိုက်တယ်၊
အင်္ဂလိပ်စာ သိတဲ့သူတို့၊ အင်္ဂလိပ်စာ အလေ့အကျင့်ရှိတဲ့သူတို့က dog ဆိုတာ ခွေးဆိုတာ သူမှတ်လိုက်တယ်ပေါ့နော်၊
ဒီအသံလေး ကြားလိုက်တာနဲ့ တစ်ပြိုင်နက် ခုနက စက္ခုဝိညာဏ်စိတ်အစား သောတဝိညာဏ်စိတ် ထည့်ပြီးတော့ ခုနက ၁၇-ချက် စိတ်တွေဟာ ဒီအသံလေးပေါ်မှာ ဖြစ်လာတယ်၊
အသံလေးနဲ့ ယှဉ်တွဲပြီးတော့ အသံလေးပေါ်မှာ ဒီစိတ်တွေ ဖြစ်လာတာ၊
ဖြစ်လာပြီးတဲ့အခါကျတော့ ပြန်စဉ်းစားတယ်၊
dog ဆိုတဲ့ အသံကို ပြန်ပြီးတော့ တွေးတယ်၊
တွေးလိုက်တဲ့အခါကျတော့ dog ဆိုတဲ့ စကားလုံးကို သူက တတိယစိတ်လောက်ကျတော့ သိသွားပြီးတော့၊
အကောင်မြင်တာကျတော့ စတုတ္ထစိတ်လောက်ကျမှ အကောင်သွားမြင်တာ၊
ဟော dog ဆိုတာ ဒီအကောင်ပဲ၊ နားရွက်နဲ့ အမြီးနဲ့ အဲဒီလို မြင်သွားတာ၊
အဲဒါ dog ကို သိမထားဘူးဆိုရင် 
"ဘာပါလိမ့်, ဘာပါလိမ့်"
"ဒီလူပြောတာ ဘာပါလိမ့်" ဆိုပြီး question တွေချည်းလာမှာပဲ၊ ဟုတ်ရဲ့လား၊
ဒါက လူ့ရဲ့စိတ်သဘာဝက ဒီပုံစံအတိုင်း သွားနေတာ။
ဒါကို "စိတ္တနိယာမ" လို့ ခေါ်တာပဲ၊ 
ဘယ်သူကမှ လာပြီးတော့ control လုပ်နေတာလည်း မဟုတ်ဘူး၊
စိတ္တနိယာမ mental order အတိုင်း သွားနေတာ၊
ဒါ စိတ်ဖြစ်စဉ်တစ်ခုပဲ၊
အဲဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အခုပြောတာက အတိမဟန္တအာရုံနဲ့ ပတ်သက်ပြီးတော့ ပြောတာ၊
ဘဝင်စိတ် ၃-ခု၊ 
အတီတဘဝင်လေး တစ်ခု လွန်ပြီးတော့မှ ထင်လာတယ်၊
ဒါက အကြီးဆုံးအာရုံ။
သာမန်ကြီးတဲ့အာရုံကျတော့ ခုနကထက် ဘဝင်စိတ်တွေ ပိုပြီး ဖြစ်လာပြီ၊
သေးတဲ့အာရုံကျတော့ ဘဝင်စိတ်တွေက ပိုလာတယ်၊
သိပ်သေးတဲ့အာရုံကျတော့ ဝီထိစိတ်တောင် မဖြစ်တော့ဘူး၊
ဘဝင်စိတ်တွေချည်းပဲ ဖြစ်တယ်၊
ဘာနဲ့ ဥပမာတူတုံးဆိုရင် ကလေးလေးတစ်ယောက် အိပ်နေတာကို နှိုးလိုက်တယ်၊
"အင်း" ဆိုပြီး ဟိုဘက်လှည့် အိပ်သွားတယ်၊ မနိုးဘူး၊
အဲဒါမျိုးလိုပဲ တံခါးဝကနေ အာရုံက ဖြတ်ကျော်ပေမယ့်လို့ စိတ်နဲ့မတွေ့ဘူး၊
မတွေ့တော့ ပြန်အိပ်ပျော်သွားတယ်၊ 
ဘဝင်စိတ်က ပြတ်မသွားဘူးလို့ပြောတာ၊
ပြတ်မသွားဘူး ဆက်အိပ်သွားတယ်ပေါ့၊
အတိပရိတ္တာရုံ ဆိုတာ အဲဒါမျိုးကို ခေါ်တာ။
အားလုံးပေါင်းလိုက်လို့ရှိရင် စက္ခုဒွါရမှာ ၁၅-ဝီထိ ရှိတယ်၊
ဖြစ်နိုင်တာကို ပြောတာ၊
သောတဒွါရမှာလည်း ၁၅-ဝီထိ ရှိတယ်၊
၁၅-ဝီထိ ငါးလီပေါင်းလိုက်တဲ့အခါကျတော့ ၇၅-ဝီထိ ရှိတယ်တဲ့၊
ဟော- လူ့ရဲ့ သန္တာန်မှာ ဖြစ်နိုင်တာတွေကို ရေတွက်ပြီးတော့ ပြောတာ၊
၇၅-ဝီထိ၊
ဒါက နေ့စဉ် လူ့ဘဝမှာ ကြုံတွေ့နေရတဲ့ ငါးဒွါရမှာတွေ့ရတဲ့ စိတ်ဖြစ်စဉ်တွေပဲ။
ဒီဖြစ်စဉ်တွေကို သိရှိနားလည်ထားလို့ရှိရင်
"ဘယ်အရာမှ ရပ်တန့်နေတာမဟုတ်ဘူး၊
အာရုံကြောင့် စိတ်တွေဟာ ဖြစ်နေတယ်၊
ဆိုင်ရာဆိုင်ရာ အကြောင်းတွေကြောင့် ဖြစ်နေတယ်၊
ထိုဖြစ်ပေါ်နေတဲ့ စိတ်တွေဟာ မမြဲပါလား၊
'ငါ' လို့ သတ်မှတ်စရာ မရှိပါလား၊
'ငါ့ဥစ္စာ' လို့လည်း ပြောစရာ မရှိပါလား"
လို့ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ အနိစ္စ ဒုက္ခ အနတ္တ လို့ဆိုတဲ့ သဘာဝ တရားတွေက ထင်ထင်ရှားရှား ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် အဘိဓမ္မာတရားကို နာယူရသဖြင့်
မိမိတို့သန္တာန်မှာ မြဲနေတဲ့အရာ ဆိုတာလည်း မရှိဘူး၊
ချမ်းသာတဲ့အရာ ဆိုတာလည်း မရှိဘူး၊ မမြဲတဲ့အရာ၊ ထာဝရ ပြောင်းလဲနေတာ ဖြစ်ခြင်းကြောင့် မကျေနပ်စရာ ဒုက္ခတွေချည်းသာ ဖြစ်တယ်၊
ကိုယ်ပိုင်တယ်, ကိုယ့်ရဲ့အလိုကျဖြစ်တယ် ဆိုတာလည်း မရှိဘူး၊ 
အနတ္တ သဘာဝတွေသာ ရှိတယ်လို့
ကိုယ်စီကိုယ်စီ ဝိပဿ နာအမြင်ဖြင့် နှလုံးသွင်း ဆင်ခြင်နိုင်ပြီး
မဂ် ဖိုလ် နိဗ္ဗာန်ရကြောင်း သူတော်ကောင်းတရားကို 
ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေသတည်း။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)
အဘိဓမ္မာ မြတ်ဒေသနာ- "စိတ်ဖြစ်စဉ်ကို လေ့လာခြင်း" အပိုင်း(၂) တရားဒေသနာတော်မှ ကူးယူပူဇော်ပါသည်။

No comments:

Post a Comment