ကျွန်တော်တို့  အရင်တုန်းက အများဆုံးသုံးခဲ့ကြတဲ့ အုတ်တွေကို clay brick လို့  ခေါ်ပါတယ်။ ရွံ့ စေး၊ မြေစေးကို ဖျော်၊ mould လုပ် အခြောက်ခံ၊ kiln မီးဖိုကြီးထဲမှာ မီးပြင်းဖုတ်လို့  မီးဖုတ်အုတ်လို့ လဲ ခေါ်ကြပါတယ်။ အခုနောက်ပိုင်း ကွန်ကရစ်ကို mould လုပ်ပြီး curing လုပ်ထားတဲ့ ကွန်ကရစ်အုတ်တွေ သုံးလာကြတာ တွေ့ ရပါတယ်။ ကွန်ကရစ်အုတ်တွေကို CMU Concrete Masonry Unit လို့  ခေါ်ကြပါတယ်။ CMU တွေဟာ ပုံစံအမျိုးမျိုး၊ အရွယ်အစား အမျိုးမျိုးလဲ ဖြစ်နိုင်ပါတယ်။ အုတ်နှင့် ပတ်သက်ပြီး အိမ်ရှင်တွေ အနေနှင့် အမေးများလာတဲ့ မေးခွန်းကတော့ မီးဖုတ်အုတ်နှင့် ကွန်ကရစ်အုတ် ဘယ်ဟာက ပိုကောင်းလဲ ဆိုတာပါပဲ။
ကွန်ကရစ်အုတ်ကို ASTM Standard C55 Standard Specifications for Concrete Brick မှာ A concrete masonry unit made from portland cement, water and suitable aggregates, with or without the inclusion of other materials ဆိုပြီး အဓိပ္ပာယ် ဖွင့်ပါတယ်။ ဘိလပ်မြေ၊ ရေနှင့် သင့်တော်တဲ့ရောစာနှင့် ဖျော်စပ်ပြုလုပ်ထားတဲ့ အုတ်ပေါ့။ တခြားပစ္စည်းတွေလဲ ပါနိုင်ပါသေးတယ်တဲ့။
မီးဖုတ်အုတ်ကို ASTM Standard C216 Standard Specification for Facing Brick ( Solid Masonry Units Made from Clay or Shale) မှာ A solid masonry unit of clay or shale formed or extruded into a rectangular prism while plastic and fired to high temperature ( up to 2000 degree F) in a kiln လို့  အဓိပ္ပာယ်ဖွင့်ပါတယ်။ ဖျော်ထားတဲ့ ရွံ့ စေး၊ မြေစေးကို လေးထောင့်တုံးပုံလုပ်ပြီး မီးဖိုကြီးထဲမှာ ၂၀၀၀ဒီဂရီဖာရင်ဟိုက်လောက်အထိ မီးဖုတ်တာဖြစ်ပါတယ်။ Solid Masonry Unit မို့ လို့  သူ့ ကို SMU လို့  ခေါ်ပါမယ်။ မီးဖုတ်အုတ်တွေဟာ ceramic product ကြွေထည်မြေထည်ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။
strength ခံနိုင်အားကို ကြည့်ရာမှာ မီးဖုတ်အုတ်ဟာ ကွန်ကရစ်အုတ်ထက် ၂ဆခွဲကနေ ၃ဆအထိ ပိုခံနိုင်အား ရှိပါတယ်။ မီးဖုတ်အုတ်ဟာ strength အားဖြင့် 8000 psi ကနေ 10000 psi အထိရှိပြီး ကွန်ကရစ်အုတ်က 3000 psi ကနေ 4000 psi အထိပဲ ရှိပါတယ်။
ရေစုပ်ယူနိုင်မှု absorption ကိုကြည့်ပါက မီးဖုတ်အုတ်ရဲ့  IRA Initial Rate of Absorption က 15-35 gpm ရှိပြီး ကွန်ကရစ်အုတ်က 40-80 gpm ရှိပါတယ်။ IRA ရဲ့  unit က grams of moisture per minute per 30 square inches ဖြစ်ပါတယ်။ ကွန်ကရစ်အုတ်က မီးဖုတ်အုတ်ထက် ရေကို ၂ဆကနေ ၃ဆလောက်အထိကို စုပ်ယူနိုင်တာ ဖြစ်ပါတယ်။ မိုးရွာပြီး နောက်ရက်တွေမှာဆို မီးဖုတ်အုတ်နံရံတွေက ခြောက်သွားပေမယ့် ကွန်ကရစ်အုတ်နံရံတွေက စိုနေသေးတာ တွေ့ ရပါမယ်။ ကွန်ကရစ်အုတ်တွေ စီရာမှာသုံးတဲ့ သရွတ် mortar က မီးဖုတ်အုတ်တွေ စီရာမှာ သုံးတဲ့ သရွတ်ထက် ရေပါဝင်မှု အချိုး ပိုရမှာ ဖြစ်ပါတယ်။ ထုံးစံအရ အုတ်တွေ မစီခင် ရေလောင်းရာမှာ ကွန်ကရစ်အုတ်တွေကို ရေပိုစိုအောင်လောင်းရင်လဲ ရပါတယ်။ တစ်ချို့  ကွန်ကရစ်အုတ် ထုတ်လုပ်သူတွေက ရေစုပ်ယူမှု လျော့ကျစေတဲ့ ဓါတ်ပစ္စည်းတွေ ထည့်တာမျိုးလဲ ရှိပါတယ်။
အဆောက်အအုံ အစိပ်အပိုင်း အများစုဟာ အပူချိန်၊ စိုထိုင်းမှုတွေမှာ အနည်းနှင့်အများတော့ အကျုံ့ အကြွ ရှိပါတယ်။ ကာလကြာရှည်မှာ မီးဖုတ်အုတ်များဟာ ပြန့် ကားပြီး ကွန်ကရစ်အုတ်တွေက ကျူံ့ ဝင်ပါတယ်။ သူတို့ ဆီမှာ expansion အနေနှင့် တံခါးပြူတင်းကဲ့သို့  opening တွေမှာ 3/8" လောက် joint ချန်ပြီး sealant ထည့်တယ်လို့  ဆိုပါတယ်။ သဘောတရားအားဖြင့် expansion အတွက် opening တွေရှိလို့  သိပ်မထောင်းတာလှပေမယ့် shrinkage ကျုံ့ တဲ့ကိစ္စက crack ကွဲအက်နိုင်ဖို့  ပိုများပါတယ်တဲ့။ ကွန်ကရစ်အုတ်နံရံများ စီရာမှာ ဒေါင်လိုက် vertical joint များ လိုအပ်သလို ထည့်သွင်းသင့်တယ်လို့  ဆိုပါတယ်။ joint တွေကို ရုပ်သိပ်မဆိုးအောင်၊ ရေလုံအောင်နှင့် ပြုပြင်ထိန်းသိမ်းရလွယ်အောင်တော့ စဉ်းစားရပါမယ်တဲ့။
ဈေးနူန်းအရဆိုရင် မန္တလေးမှာ မီးဖုတ်အုတ်က တစ်ချပ် ၉၀-၉၅ကျပ်လောက်ရှိပြီး ကွန်ကရစ်အုတ်က တစ်ချပ် ၇၀-၇၅ကျပ်လောက် ရှိနေပါတယ်။
အလုပ်သမားတွေအတွက် မီးဖုတ်အုတ်က သံလျက် သို့ မဟုတ် အုတ်ရိုက်တူလေးနှင့် အသာအယာ ရိုက်ဖြတ်လို့  ရပါမယ်။ ကွန်ကရစ်အုတ်ကိုတော့ အဲလို ဖြတ်တောက်ဖို့  နည်းနည်းခက်ပါတယ်။ ကိုင်တွယ်ရာမှာလဲ ကွန်ကရစ်အုတ်က နည်းနည်းပို ကြမ်းတမ်းလို့  လက်တွေ ပွန်းနိုင်ပါတယ်။ သူတို့ ဆီမှာတော့ လက်အိတ်တွေ စွပ်ပါမယ်။
သိတဲ့အတိုင်း မီးဖုတ်အုတ်က မီးဖုတ်ရလို့  စွမ်းအင်လောင်စာတွေကုန်ပါတယ်။ အဲဒါကြောင့် စွမ်းအင်သိပ်မကုန်တဲ့ ကွန်ကရစ်အုတ်တွေ သုံးစွဲမှုကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအရ အခုနောက်ပိုင်းမှာ ပိုမိုအားပေးလာကြတာကို တွေ့ ရပါတယ်။
အဲဒါတွေက Clay Brick Vs. Concrete Brick မီးဖုတ်အုတ်နှင့် ကွန်ကရစ်အုတ်ကို သင့်တော်သလို ရွေးချယ် အသုံးပြုရန် ယှဉ်တွဲစဉ်းစားစရာ အချက်တွေပါ။
No comments:
Post a Comment