အောင်မဲညို (Butterfly Pea)
**********************************
**********************************
အောင်မဲညိုလို့ကြားလိုက်ရင် ကျနော့်မျက်လုံးထဲမှာ အညာသား ညိုညိုထွားထွားလူတစ်ယောက်လို့ပဲ မြင်မိတယ် ... အမှန်တော့ အောင်မဲညိုဆိုတာ ပန်းပွင့်နာမည်ပါ ... ဘယ်လိုက ဘယ်လိုအောင်မဲညို နာမည်ရသလဲဆိုတာတော့ မသိဘူးဗျ ... ဒီပန်းက အနွယ်အရုံနဲ့ပွင့်တဲ့ ပန်းအမျိုးအစားပေါ့ ... စကားမစပ်ပြောရဦးမယ် ... ဦးမိုးသိန်းက ကိုဇင်ရာ အောင်မဲညိုအကြောင်းရေးစမ်းပါတဲ့ ... ဘာပြုလို့တုန်း ဦးမိုးရာ သူများတကာရေးထားတာပဲမဟုတ်လားဆိုတော့ ခင်ဗျာ့ရေးရင် လူပိုသိလို့တဲ့ ... Share ကြတဲ့သူလည်းများတော့ လူပိုသိတာပေါ့တဲ့ ... သြော ဒီလိုပရိတ်သတ်ကြီးအားပေးနေမှတော့ ရေးရတာပေါ့ဗျာ ... နေပါဦး ... ကျနော် Psychology နဲ့ကျောင်းပြီးတယ်နော် ... ကျနော့်မိန်းမက Zoology နဲ့ကျောင်းပြီးတာ ... ငါးတစ်ကောင်လုံးဝယ်လာတဲ့အခါ သူက ငါးလည်းမကိုင်တတ်ဘူးဗျ ... တုံးလည်းမတုံးတတ်ဘူး အကြေးလည်းမထိုးတတ်ဘူး ဗိုက်လည်းမခွဲတတ်ဘူးဗျို့ ... ငါးကိုင်တာပဲမတော်တာ ကျန်တာအားလုံးတော်တယ် ... ကြိုကြိုတင်တင်ဖားထားဦးမှ ကွန်မန့်မှာ ဝင်ဆော်မှဖြင့်လေ ... ပြောချင်တာက ကျနော့်မှာ Botany နဲ့ကျောင်းပြီးထားတဲ့ သူငယ်ချင်းတွေ ဒုနဲ့ဒေး ... သူတို့ သစ်ပင်အကြောင်းရေးတာ တစ်ခါမှမတွေ့မိဘူး ... ရေးကြပါလား ဟရို့ ...
#အောင်မဲညို ဆိုတာရှိသလို အောင်မဲဖြူ အောင်မဲနီဆိုတာလည်းရှိသေးတယ်တဲ့ ... အများစု လူစိတ်ဝင်စားမှုအရဆုံးကတော့ အောင်မဲညိုပါပဲ ... အောင်မဲညိုသည်ဖြစ်စေ ဖြူသည်ဖြစ်စေ နီသည်ဖြစ်စေ အသုံးဝင်တာချင်းကတော့ ထူးမခြားနာပါ ...
အရှင်နာဂသိန်ဆေးကျမ်းအလိုအရ ...
#အောင်မဲညို ပဉ္စငါးပါးအသုံး
အောင်မဲညိုသည် ခါး၏၊ ပြေပြစ်၏၊ ဒေါသသုံးပါးပျက်သည်ကို နိုင်၏။ (စကားချပ် - ဒေါသသုံးပါဆိုတာ လေ၊ သလိပ်၊ သည်းခြေ ကိုဆိုလိုတာ) ... အေးသောဂုဏ်ရှိ၏။ လေသလိပ်ဖျားခြင်း၊ ပူလောင်ခြင်း၊ မူးဝေထိုင်းမှိုင်း၊ သွေးဝမ်းသွားခြင်း၊ ရူးသွပ်ခြင်း၊ ချောင်းအလွန်ဆိုးခြင်း၊ ပန်းနာရင်ကြပ်စွဲခြင်း၊ ခူနာ ပိုးနာနှင့် အဆုတ်ရောဂါတို့ကို များစွာကင်းဝေးစေ၏။

#အောင်မဲညိုမြစ်
အောင်မဲညိုမြစ်သည် အောင်မဲဖြူမြစ်နှင့် ဂုဏ်သတ္တိစွမ်းရည်များ တူမျှ၏။ သို့ရာတွင် ၎င်း၏ထူးခြားချက်မှာ ကာမအားကို တိုးပွားစေတတ်၏။ (စိတ်ဝင်စားဖို့တော့ကောင်းနေပြီ ... ဟို ပဲခွေးလျားလို့ခေါ်တဲ့ ပဲနက်စေ့နဲ့ ဘယ်ဒင်းကသာသလဲ စမ်းသပ်ကြည့်ဦးမှ ... အလကားနောက်တာ ... အတည်ပြောမယ် ဆရာဘုန်းကြီးတစ်ပါးက မိန့်ဖူးတယ် ... မင်းတို့ ကမြင်းကြောထဖို့ပြောတာမဟုတ်ဘူးကွ အောင်မဲညိုမြစ်ကို နွားနို့နဲ့ပြုတ်ပြီးသောက်ပေးရမယ် ... ယောက်ျားတွေမှာ သုတ္တကဓါတ်လို့ခေါ်တဲ့ အမျှင်ဓါတ်အားကောင်းဖို့လိုတယ်တဲ့ ... ဒါမှ ကျန်းမာရေးကောင်းနေမယ် ... ကျန်းမာမှ မိသားစုကို ကောင်းကောင်းမွန်မွန်ရှာဖွေကျွေးမွေးနိုင်မယ် ... မိသားစုစားဝတ်နေရေးကောင်းမှ ဘာသာရေး လူမှုရေး စတဲ့အကျိုးပြုလုပ်ငန်းတွေမှာလည်း အားတတ်သရောရှိပေလိမ့်မယ်လို့ ဆုံးမပါတယ် ... ဆေးကျမ်းအလိုကို ဆက်ဖတ်ပြမယ်နော့် ...) ပိတ်ဝမ်းသွားခြင်းကို ပယ်တတ်၏။ ကြောက်မက်ဖွယ်ကောင်းသော လေကြောများ၏ ပူလောင်ခြင်းကို ငြိမ်းအေးစေတတ်၏ (အသက်ရှူလေကြော၊ ဆီးကြော စသည်ကိုဆိုလို၏) ပန်းနာ၊ ရင်ကြပ်၊ ရေဖျဉ်းရောဂါ၊ ဝမ်းဗိုက်တင်းရောင်ခြင်းတို့ကို ပယ်ဖျောက်တတ်၏။

#နိဃဏ္ဍုကျမ်းအလို
အောင်မဲညိုသည် ခါး၏။ အဆီ အစေးရှိ၏၊ တြိဒေါသကို နိုင်၏ (ရှေ့မှာပြောခဲ့တဲ့ ဒေါသသုံးပျက်တာကို နိုင်တယ်လို့ပြောတာ) အေးသောဝိရိယဂုဏ်ရှိ၏။ လေနာ၊ သည်းခြေနာ၊ ဖျားနာ၊ ကိုယ်ပူနာ၊ မူးယစ်နာ၊ မြေဘုတ်ဘီလူးဖမ်းစားသောအနာ၊ သွေးဝမ်းသွားသောအနာ၊ ရူးသွပ်နာ၊ မူးမိုက်နာ၊ အလွန်ချောင်းဆိုးသောအနာ၊ ပန်းနာ၊ သလိပ်နာ၊ နူနာ၊ ပိုးနာ၊ ခယရုဂ်ရောဂါတို့ကိုနိုင်၏၊ ကြွင်းသောဂုဏ်တို့သည် အောင်မဲဖြူနှင့်တူသောသဘောရှိ၏။ အောင်မဲညိုရွက်သည် ချို၏။ အဆိပ်အတောက်ကို နိုင်၏။ အောင်မဲညိုမြစ်သည် လေကိုနိုင်၏။ အာဟာရအပုပ်ကို ကြေစေ၏။

ဒါ ဆရာတော်အရှင်နာဂသိန်က အာယုဗ္ဗေဒဆေးကျမ်းကြီးတွေမှာ ဖော်ပြတဲ့အတိုင်း သွန်သင်တာဖြစ်ပါတယ် ...
#တရုတ်ဆေးကျမ်းအလိုအရ
အောင်မဲညိုပွင့်ဟာ အမျိုးသမီးလိင်အင်္ဂါနဲ့တူကြောင်း ... အမျိုးသမီးများ လိင်ရောဂါအချို့အတွက် ကုသနိုင်ကြောင်း ... စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကျလွန်ခြင်း၊ စိတ်မတည်မငြိမ်ဖြစ်ခြင်းတို့အတွက်လည်း ကုသနိုင်ကြောင်း ဖော်ပြပါတယ် ...

#IVU Plant Lover's ဆိုတဲ့ Page မှာဖော်ပြထားတာကျတော့ ...
အသုံးပြုပုံ (ပဉ္စငါးပါး)
၁။ အောင်မဲဖြူသည် မြွေဆိပ်ဖြေဆေးအဖြစ် ထင်ရှား၏။ အောင်မဲဖြူမှုန့်နှင့် ဣဿရ မူလီမြစ်မှုန့် ရောစပ်သောက်သော် မြွေဆိပ်ပြေ၏။
၂။ အောင်မဲဖြူရွက်ကိုကြိတ်၍ ခူနာများ၌ စည်းပေးပြီး စည်းထားသော နေရာ၌ ရေမကြာ ခဏ ဆွတ်ပေးပါက ခူနာ ပျောက်၏။
၃။ အောင်မဲဖြူမြစ်ကို အခြားသော ဆေးမြစ်များနှင့် ရောစပ်၍ ရေဖျဉ်းရောဂါ ပျောက်ဆေးအဖြစ်သုံးသည်။
၎။ အောင်မဲဖြူ မြစ်ကို လှော်၍ အမှုန့်ပြုပြီး ရေနွေးနှင့်သောက်သော် အသည်းကြီး ရောဂါ၊ သရက်ရွက် ကြီးသော ရောဂါ၊ ရေဖျဉ်း ရောဂါ ပျောက်၏။
၅။ အောင်မဲဖြူမြစ်၏ အခေါက်ကို ရေနှင့် စိမ်သောက်သော် ကိုယ်လက် ရောင်ရမ်းသော ရောဂါပျောက်၏။
၆။ အောင်မဲဖြူ အဖိုမြစ်၏ ကြိတ်ညှစ်ရည်ကို နွားနို့အေး နှင့် ရောသောက်သော် နာတာရှည် ချောင်းဆိုး ရောဂါ ပျောက်၏။
၇။ အောင်မဲဖြူ အသီးစိမ်း အစေ့ ကြိတ်ညှစ်ရည်ကို နှာခေါင်းတွင် ခတ်ပေးက ခေါင်းတစ်ခြမ်း ကိုက်ခြင်းပျောက်၏။
၈။ အောင်မဲဖြူမြစ်ကို ကိုယ်ဝန်မလျှောကျ စေရန်လည်းကောင်း၊ လည်ပင်း၌ အကျိတ် အဖု ပေါက်သော ရောဂါ၊ သွေးအန် သွေးလျှံနာ၊ ခရုသင်း၊ မျက်စိတိမ်ကျခြင်းရောဂါများအတွက် ဆေးအဖြစ် ဖော်စပ်အသုံးပြု၏။
၉။ အပွင့်ကို နွားနို့နှင့် ကြိတ်၍ မျက်စိကို ကွင်းပေးခြင်း၊ ခတ်ပေးခြင်း ပြုက သူငယ်နာ မျက်စိနာ ပျောက်၏။
၁၀။ အစေ့ကို လိင်ဥ ရောင်ခြင်း ၊ ကြို့ထိုးခြင်းရောဂါများအတွက် သုံး၏။
မှတ်ချက်။ ။ အောင်မဲဖြူနှင့် အောင်မဲညို ဂုဏ်သတ္တိ စွမ်းရည် များစွာ ကွာခြားခြင်း မရှိသဖြင့် အောင်မဲညိုကိုလည်း အောင်မဲဖြူကဲ့သို့ပင် အသုံးပြုနိုင်၏။

တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ပန်းပွင့်ပါ ...
နိုင်ငံတကာမှာတော့ ဖျော်ရည်မျိုးစုံ၊ လက်ဖက်ခြောက်၊ ဆေးမျိုးစုံ၊ အပွင့်ကို အစားအစာ အရောင်ဆိုးတာ စတဲ့သုံးစွဲနည်းမျိုးစုံနဲ့ သုံးနေကြပါပြီ ...

ထူးခြားတာလေးတစ်ခုက သံပုရာ သို့မဟုတ် အခြားသောအသီးအနှံတွေနဲ့ ဖျော်ရည်လိုရောစပ်ဖျော်သောက်မယ်ဆိုရင် ဦးနှောက်ဉာဏ်ရည်ကိုလည်း ဖွံ့ဖြိုးစေပါတယ်တဲ့ ... ကလေးသူငယ်တွေကိုလည်း အန္တရာယ်ကင်းစွာနဲ့ တိုက်ကျွေးနိုင်ပါတယ် ...
စိုက်ပုံစိုက်နည်းလား ... မိုးတွင်းမှာ အစေ့ပစ်ချထားလိုက် နွယ်တက်စရာ စင်ကလေးထိုးရင်ထိုး မထိုးချင်လည်း ခြံစည်းရိုးဘေးသာ စိုက်ပစ် ... အပွင့်ပွင့်လာရင် ဉာဏ်ရှိသလိုအသုံးချပေါ့ ...
စိုက်စားရင် စီးပွားရေးအရ တွက်ချေကိုက်မကိုက်ဆိုတာကတော့ Value added ကုန်ချောအဆင့် ကမ္ဘာ့အဆင့်မီထုတ်လုပ်နိုင်မှသာ နိုင်ငံတကာဈေးကွက်ကို တိုးဝင်နိုင်လိမ့်မယ်ထင်ပါတယ် ... E bay တို့ Amazon တို့ နောက်အခြား Online Shopping တွေမှာ ဂရမ် ၅၀ လောက် အပွင့်ခြောက်တစ်ထုပ်ကို ဒေါ်လာ ၂၀ ကျော်ပေးရတယ်ဆိုတော့ ဈေးကမသေးလှဘူး ... နောက် အောင်မဲညိုအခြေခံ ဆပ်ပြာ၊ ခေါင်းလျှော်ရည်၊ အစားအစာ၊ အလှကုန်၊ ဖျော်ရည်စတာတွေကလည်း ဈေးကြီးပါတယ် ...
ဘာပဲပြောပြော မြန်မာပြည်ကမြေကြီးမှာ ရွှေသီးစရာတွေ တပုံကြီးပါလားနော့် ...
Credit to: အရှင်နာဂသိန်၊ Kothetnaing Kothetnaingoo, IVU Plant Lover's, Wikipedia, Google Search and Facebook Search
ကိုဇင် အဓိပတိပစ္စယော
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၈) ရက်။
No comments:
Post a Comment