Saturday, 5 August 2017

သူမနှင့်ဖိနပ်တစ်ရံ


သူမနှင့်ဖိနပ်တစ်ရံ
``````````````````````````
သူမ ဒီသက်ကြားအိုကြီးကို စတွေ့တုန်းက ဘာမှ မှတ်မှတ်ရရမရှိခဲ့ တစ်ဖက်လမ်းထိပ်က ဘုံဆိုင်ရှေ့မှာ ထိုင်ထိုင်နေသော
ကဇော်ဂျိုးကြီးတစ်ယောက်အဖြစ်သာသိရှိခဲ့သည်။ သူမက ရုံးတစ်ရုံးက လခစားဝန်ထမ်းငယ် တစ်ယောက်
နေတာက ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်လေး တစ်ခုရှိ မိုးရွာလျှင်ရွံ့ထူထပ်ပြီး နွေအခါချိုင့်ခွက်များ ဗရပွရှိနေတတ်သည့်
အခြေခံလူတန်းစား များ နေထိုင်ရာ အရပ် မနက်မိုးလင်းမျက်စိစပွင့်ချိန်တွင် တစ်ဖက်အိမ်မှ
ရန်ဖြစ်သံ၊ဈေးသည်များ အော်ဟစ်သံ၊ ဆိုက်ကားဘဲလ်သံ တစ်ညံညံဖြင့် အာရုံတက်လိုက်ကာဖွင့်တတ်သည့်ဒေသ
ထိုသို့သော ရပ်ကွက်လေးမှာ သူမကြီးပြင်းခဲ့သည်။သူမနေထိုင်ခဲ့ပုံက ရိုးရှင်းလွန်းသည်
ကျောင်းသူဘဝက ကျောင်းတက်၊ကျောင်းပြီးဘွဲ့တစ်ခုရတော့ ရုံးအလုပ်ဝင်လုပ် မနက်ရုံးသွား
ညနေရုံးပြန် ဒီပုံစံအတိုင်းပင် သူမဖြတ်သန်းလာခဲ့သည်။
မိုးတွင်းမိုးသည်းလွန်းလျှင် သူမတို့လမ်းလေးရေလွှမ်းနေတတ်သည်။ထိုသို့သော
အချိန်မျိုးတွင် သူမ ဘတ်(စ်)ကားဂိတ်မှ အိမ်အထိ ဆိုက်ကားစီးရတတ်သည်။ရေက
ဒူးဆစ်ခန့်မြုပ်တတ် သည်မို့ ဆိုက်ကားဖြင့် အိမ်ပြန်သည်က
ပိုအဆင်ပြေသည်။ ခြောက်သွေ့ချိန်တွင်တော့ လမ်းလျှောက်ပြန်တတ်
သည့်ဝန်ထမ်းတစ်ယောက် အတွက် ဆိုက်ကားခ(နှစ်ရာ) ဆိုသော ငွေကလဲ မနည်း။
တစ်ရက်မိုးသည်း ထန်စွာ
ရွာနေသည့်နေ့ သူမဘတ်(စ်)ကားဂိတ်မှအဆင်း ဘုံဆိုင်ရှေ့ မိုးရွာထဲတွင်
မတ်တပ်ရပ် နေသော
ထိုအဘိုးကြီးကို စသတိပြုမိသည်။ သူမဆိုက်ကားဂိတ်သို့ ဆက်လျှောက်လာသည်အထိ
အဘိုးကြီးမှာ
ဆက်လက်ရပ်လျက် မိုးခိုစရာတွေရှိပါလျက်နှင့် မတ်တပ်ရပ်နေသော
ထိုအဘိုးကြီးကို သူမငေးစိုက်ကြည့်နေမိသည်။ ဆံပင်ဖြူနေရာယူနေသော
ဦးခေါင်းပေါ်မှ မိုးရေစက်တို့က ပါးပြင်မ တစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံး
ရွဲရွဲစိုလို့
မျက်လုံးကမည်သည့်နေရာကိုမှမကြည့် အရက်ဆိုင်အတွင်းရှိ ကောင်တာမှ
ပုလင်းများဆီသို့သာ
စူးစူးစိုက်စိုက်ကြည်လို့ ခန္ဓာကိုယ်ပေါ်မှ စစ်ရောင်ဆွယ် တာ
အဟောင်းလေးမှာလည်း မိုးရေတို့တစ်စက်စက်
တံတောင်ဆစ်မှ စုတ်ပြဲနေသောနေရာတို့ကို ဂျင်းသားဖြင့် ချုပ်ပြီး
ဖာထေးထား သေးသည်။ ပုဆိုးဟောင်း
အပြာကွက်လေးမှာလည်း အရောင်တွေ လွင့်လို့ မိုးရေစက်တို့
ဒဏ်မခံနိုင်တော့သည့်အလား ခြေထောက်မှာတော့
ရာဘာဖိနပ်ဖနောင့်ပါး လေးစီးထားသေးသည်။ထိုမျှအထိ အသေးစိတ်သူမ ကြည့်နေမိသည်
ဆိုက်ကားဂိတ် ရောက်တော့
ဆိုက်ကားဌားသည် ဆိုက်ကားပေါ်မှလည်း သူမအဘိုးကြီးကို ကြည့်နေမိသည်
ဆိုက်ကားနင်းလာပြီး
အဘိုးကြီးဘေး အရောက်တွင် သူမနှုတ်မှ
စကားလုံးတစ်လုံးရုတ်တစ်ရက်ခုန်ထွက်သွားခဲ့သည်
"ရပ်" ဆိုက်ကားခဏရပ်ပေးပါ ဆိုက်ကားဆရာက ဘရိတ်ဆွဲလိုက်သည် အဘိုးအိုဘေးကို
သူမရောက်သွားပြီး စကားစ လိုက်သည်။
ဘာကြောင့်ထိုသို့လုပ်မိသည်ကိုတော့ သူမ မဝေခွဲတတ်ခဲ့ " အဘ ဘာလို့ မိုးရေထဲရပ်နေတာလဲ
" အဘိုးအိုအကြည့်တွေ သူမဆီရွေ့ပြီးအဖြေပေးသည် ။
" အရက်ကြောင့်ပေါ့သမီးရယ် " " အဘဆိုင်ထဲဝင်ထိုင်လို့မရဘူးလား "
သူမဆက်မေးသည် ။
" ဆိုင်ရှင်က အဘ ခဏခဏ ဟိုလူဆီယူသောက် ဒီလူ့ဆီတောင်းသောက်လုပ်တော့ ဆိုင်လာတဲ့ သူတွေ ဘဘောမကျလို့တဲ့
ဆိုင်ထဲအဝင်မခံတော့ဘူး "
သူမရင်ထဲစို့သွားသည်။ ဒီအသက်ဒီအရွယ် လူကြီးတစ်ယောက်ကို ငါးဆယ်တစ်ရာ လောက်တန်တဲ့ အရက်တစ်ခွက်အတွက် မိုးရေထဲရပ်နေတာ
ကြည့်နေရက်ကြသည့်လူတွေ ထိုငါးဆယ်တစ်ရာ လောက်တန်သည့် အရက်တစ်ခွက်အတွက် ဒီအသက်ဒီအရွယ်ကြီးနဲ့
မိုးရွာထဲရပ်နေတဲ့ သူတစ်ယောက် ဒေါသလဲထွက်သည် ရင်ထဲလဲမကောင်း " ရော့ အဘ "
သူမပိုက်ဆံအိတ်ဖွင့်ပြီး ငါးရာတန်တစ်ရွက်ထုတ်ပေးလိုက်သည်။
" နှစ်ရာဆိုရပါပြီသမီးရယ် " လက်လေးနှစ်ချောင်းထောင်ပြီးပြောသည် ။ ယူလိုက်ပါအဘရယ် ဆိုင်ထဲမှာထိုင်ပြီးသောက် ပြောပြီး သူမဆိုက်ကားပေါ်တက်လိုက်သည်။အိမ်ရောက်သည်အထိ
နေလို့ထိုင်လို့ မကောင်း ရင်ထဲမှာ တခုခုရှိနေသလို ခံစားနေရသည်။ ဒီအဘိုးအိုအတွက် တခုခု လုပ်ပေးချင်နေမိသည်။
တခုခုဖြစ်စေချင်နေမိသည်။ ပြီးမှ ကိုယ့်စိတ်ကိုယ်ဖြေပြီး ငါနဲ့ ဘာဆိုင် လို့လဲ ဒီလိုလူမျိုးတွေ
ဒို့နိုင်ငံမှာ ဒုနဲ့ဒေး အဲလိုသာတွေးပြီး သူမဖြေသိမ့်နေ လိုက်သည်။ တစ်ချက်တစ်ချက် အဘိုးကြီးအဝတ်အစိုတွေနဲ့ မူးလဲနေမှ
ပိုဆိုးမယ်ဆိုပြီး တွေးမိသေးသည် သူ့ကိုပိုက်ဆံပေးလိုက်တာ အဆိပ်ပင်ရေလောင်းသလိုများဖြစ်နေမလား
အို......ဒီအသက် ဒီအရွယ်မှတော့ အဆိပ်ပင်ရေမသောက်ရရင်သာ သေသွားနိုင်တာ ပြီးတော့ မိုးရွာထဲရပ်နေရ တဲ့ဒုက္ခ။
စားချင်တာစား သောက်ချင်တာမသောက်နိုင်တဲ့ဒုက္ခ တွေးနေရင်း တွေးနေရင်းနဲ့ သူမကိုယ်သူမ
ကယ်တင်ရှင်တစ်ယောက်လို မြင်လာသည် သူမမှ မကူညီလျှင် ဒီအဘိုးကြီး ဒုက္ခရောက်သွားနိုင်သလိုမြင်လာသည်
ပြီးနောက် သူမ ဝမ်းသာလာသည် ပီတိတွေ ဖြစ်လာသည် မာသာထရီဆာနှင့် သူမကိုယ်သူမ ယှဉ်ကြည့်မိသည်။ ဘာမှတော့မဆိုင်
လူ့သဘောလူ့မနော အရ သူမ လုပ်ချင်တာလုပ်ပြီးတွေးချင်တာတွေးနေခြင်းသာဖြစ်သည်။
နောက်ရက်သူမရုံးဆင်း အိမ်ပြန်လာတော့လည်း မိုးကသဲနေလိုက်သည့်ဖြစ်ခြင်း။ ကားမှတ်တိုင်မှ
ဆင်းပြီး ဆိုက်ကားဂိတ်သို့ ဦးတည်လျှောက်လာခဲ့သည် ဘုံဆိုင်ရှေ့မှာ သူမကူညီခဲ့သော အဘိုးကြီးမှာ
မနေ့ကအတိုင်းပင် ရပ်လျက်အရက်တစ်ခွက်အတွက် မိုးရေတို့ဒဏ်ကြံ့ကြံ့ခံလို့ သူမဒေါသထွက်
သွားသည် နေ့စဉ်ရက်ဆက် ထိုသို့ပင်လုပ်နေလျင် ဒုက္ခမဟုတ်ပါလား ဒီနေ့တော့ သူ့ထိုက်နဲ့ သူ့ကံဟု
တွေးပြီး လျစ်လျှုရှုကာ ဆိုက်ကားပေါ်တက်လိုက်သည်။ ယနေ့ အဘိုးအိုမျက်လုံးတွေက အရက်ကောင်တာ သို့သာမက
သူမကိုပါ စိုက်ကြည့်နေသည်ကို သတိပြုမိသည်။
" ရော့ အဘ "
အဘိုးကြီး၏ လက်တစ်ဘက်က တုန်ချိနဲ့စွာဖြင့် သူမကမ်းပေးသော ငွေနှစ်ရာကို လှမ်းယူ လိုက်သည်
။" ကျေးဇူးဘဲသမီးရယ် အဘ ဘယ်လိုမှ မတတ်နိုင်လို့ပါ၊ နောက်ရက်မိုးရွာထဲမှာရပ်မနေပါနဲ့ ဆိုင်ထဲမှာထိုင်စောင့်ပါ၊
သမီးလာရှင်းပေးပါ့မယ် "
အဘိုးကြီး၏မျက်နှာတွင် အားနာရှက်ရွံ့ဟန်တို့ဖြတ်ပြေးသွားသည်ကို သူမတွေ့ဖြစ်အောင် တွေ့လိုက်သေးသည်။ ထိုရက်မှစ၍
သူမမိုးသည်းသည့်နေ့တွေမှာလည်း ဆိုက်ကားမစီးတော့။ သူမ၏ ဆိုက်ကားခတို့သည် အဘိုးကြီးအတွက် အရက်ဖိုးဟုသူမ မတွေးဖြစ်ခဲ့တော့ အသက်ဆက်ရန် ဆေးတစ်ခွက်ဖိုးအဖြစ်သာမြင်ယောင်ရင်း
သူမဒူးလောက်နစ်သောရေထဲတွင် လုံချည်မကာ အိမ်ပြန်ဖြစ်ခဲ့သည်။
အဘိုးကြီးသည် သူမရုံးပြန်လာချိန်တို့ကို အရက်ဆိုင်အဝင်ဝတံစက်မြိတ်လေးမှ ထိုင်စောင့်နေ
လေ့ရှိတတ်သည်။ သူမက ဆိုင်ထဲမှာ ဘာလို့ထိုင်မနေတာလဲမေးတော့...
" ဆိုင်ထဲမှာ အရက်သမား လူရမ်းကားတွေချည်းဘဲ သမီး "
ဟုပြောတော့ သူမပြုံးမိသည်။တစ်ရက် ပိုက်ဆံပေးပြီးအထွက် လမ်းပေါ်မှာ ရေလျံနေသော ကြောင့်
ချိုင့်တို့ကို
မမြင်ရ မှန်းပြီးလျှောက်ရသောကြောင့် ခြေတစ်ဖက်ချိုင့်ထဲကျပြီး သူမဖိနပ
်လေးပြတ်သွားသည်။ ဖိနပ်လေးမှာ လေးငါးလစီးပြီးသား အဟောင်းလေးမို့
နှမြောမနေဘဲ နှစ်ဖက်လုံးလွင့်ပစ်ခဲ့ပြီး
ခြေဖလာနှင့်သူမအိမ်ပြန်သွားခဲ့သည်။ နောက်ရက်မှစ၍ ထိုအဘိုးကြီးကို သူမ
မတွေ့ရတော့ တစ်ရက်
နှစ်ရက်နေတော့ အရက်ဆိုင် ဆိုင်ရှင်ကို သူမ သွားမေးကြည့်သည်။ ဆိုင်ရှေ့ကို
မလာဟု သိရ
သည်။ လေးငါးရက်နေတော့ သူမ မနေနိုင်တော့ ။နီးစပ်ရာကိုမေးပြီး
ထိုအဘိုးကြီးနေသော
အိမ်သို့ လိုက်သွားသည်။ သူမတို့ရပ်ကွက်နောက်ဘက်ရှိ အမှိုက်ပုံကြီးများ
ဘေးနား မလှမ်းမကမ်းတွင်
တဲအိမ်လေးများထိုးပြီးနေကြသော ကျူးကျော်ရပ်ကွက်လေးတစ်ခု
အိမ်ခြေအစိတ်ခန့်ရှိပေလိမ့်မည်။
တဲဆိုမှတကယ့်တဲကလေးတွေဓနိမိုးမလုံမခြုံကိုအမှိုက်ပုံကရသည့်ပလပ်စတစ်စ၊ပီနံအိတ်အဟောင်စများဖြင့်မိုးထားကြသည်။ ကလေးတစ်ယောက်အကူအညီဖြင့် အဘိုးကြီး၏ တဲရှေ့သို့ သူမရောက် သွားသည်။ တဲရှေ့မှနေ၍ ကလေးက " အဘိုးမိုး"
"အဘိုးမိုး"ဟုအော်လိုက်သည်။
"ကောင်းစံလားဟေ့၊ နက်ဖြန်မှလာ ငါနေမကောင်းဘူး" ဟု အထဲမှပြန်ဖြေသံခပ်သဲ့သဲ့ကို ကြားရသည်။ကလေးက အဘိုးမိုးဧည့်သည်ပါတယ် "ဟုတ်လား
လာပြီ လာပြီ" ဟုဆိုကာ အဘိုးကြီးမှာ တဲတွင်းမှထွက်လာလေသည် သူမကိုတွေ့လျှင် အံ့အားသင့်ဟန်ဖြင့်…
"ဟင်သမီး....ဘာလို့လိုက်လာတာလဲ"
"အဘကို လေးငါးရက်မတွေ့တော့ နေမကောင်းဘူးထင်လို့ပါ"
"ဟုတ်တယ်သမီးရယ် သောက်နေကျလေးမသောက်တော့ ဘယ်နေလို့ထိုင်လို့ ကောင်းပါ့မလဲ ကွယ်.. လာလာ.. အထဲလာ "
ဟု ပြောပြီး တဲတွင်းဝင်ခိုင်းသည်။
အဘိုး၏တဲသည် နုံချာသော်လည်း သပ်ရပ်သန့်ရှင်းနေ၍ သူမအံ့အားသင့်မိသည် ဝါးကြမ်းခင်း
ပေါ်တွင် ဖယောင်းပုဆိုး ခင်းထားသည်
ခေါင်းရင်းတွင် ဘုရားစင်၊အောက်တွင်ဘီဒိုတစ်လုံးစာအုပ် များအပြည့်
ဘေးဘက်တွင် တစ်ယောက်အိပ် ကုတင်တစ်လုံးရှိသည် ရေနံဆီမီးခွက်က ကုတင်ဘေးကစာအုပ်စင်လေးပေါ်တွင်ရှိသည်။ မီးဖိုစင်နှင့်ပန်းကန်ခွက် ယောက်များကလဲ
စီစီရီရီ ရှိနေကြ သည်။
မသိလျှင် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ရှိသည့်အိမ်လိုပင် သူမမေးကြည့်တော့ အဘိုး၏ နောက်ကြောင်းကို
ရေရေရာရာ ဘာမှမပြောပြ ကိုယ်တွေလက်တွေ ကိုက်နေသည်ဟု သာပြောသည်။ စာအုပ်စာပေတွေ အကြောင်းသာ
အပြောများသည် သူမ မသိသော နိုင်ငံခြားသား ကဗျာဆရာ နာမည်များ သူတို့၏ဒဿနများစသည်များကို
အင်္ဂလိပ်လို တစ်ကြောင်း၊ မြန်မာလိုတစ်ကြောင်း သေချာပြောပြနေသော အမှိုက်ပုံဘေးမှာနေသော အရက်သမား
အဘိုးကြီးကို သူမ တအံ့တသြ ငေးကြည့်ပြီး အိမ်ပြန်လာခဲ့ရသည်။နောက်ရက်တွေ သူမ အဘိုးအိမ်သို့ရောက်တော့
စာအံသံ တညံညံကို ကြားနေရသည် အနီးနားပါတ်ဝန်းကျင်မှ ကျူရှင်မတက်နိုင်သော ခလေးများကို
စာပြပေးနေကြောင်းသိရသည်။သူငယ်တန်းမှ တက္ကသိုလ် ဝင်တန်းအထိ ဆယ့်လေးယောက်ရှိသည် အဘ အရင်က
ကျောင်းဆရာလားဟုမေးတော့ ပြုံးပြီး…
"ကိုယ့်ကိုကိုယ်ပြန်မဆုံးမနိုင်တဲ့ဆရာ" ပေါ့ဟုပြောတော့ သူမအတွေးရခက်သွားသည်။ နောက်ရက်များတွင် အိမ်ကိုခွင့်တောင်းပြီး အဘိုးအိမ်တွင်
ညပိုင်းလေး ခလေးတွေကို စာသွားပြဖြစ်သည်။ရပ်ကွက်လူကြီးကို အကူအညီတောင်းပြီး အဘိုးအိမ်တွင်
မီးသွယ်တန်းလို့ရအောင် သူမကြိုးစားသည်။ ထိုသို့တစ်ရက်ထက် တစ်ရက်ဖြင့် အဘိုးမိုးနှင့်သူမ
အရင်းနှီး ကြီးရင်းနှီးခဲ့သည်။သူမပေးသော အရက်ဖိုးကိုလဲ လုံးဝမယူတော့ပေ အရက်လဲ အရင်ကလို
မသောက်တော့ သူမအားလျှင် အဘိုးမိုးဆီသွားသည်။ သူမ ကျောင်းတွင်မသင်ခဲ့ရသော အကြောင်း အရာများကို
အဘိုးထံမှ သင်ယူခွင့်ရခဲ့သည်။သူမလို ဘွဲ့ရတစ်ယောက်က အမှိုက်ပုံဘေးမှ အရက်သမားကြီးထံတွင်
ပညာပြန်သင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ တွေးမထားခဲ့မိပေ။ ခုတော့ သူမ ကျေကျေနပ်နပ်ကြီးကို
သင်ယူချင်နေသည်။ကြာတော့ အဘိုးမိုးကို သူမယောဇဉ်ဖြစ်မိသည်။ ကိုယ့်အဘ ကိုယ့်အဖေတစ်ယောက်လိုကို
သံယောဇဉ်ကြီး မိသည်။အဘစားရေးသောက်ရေးအတွက် မပူရတော့ ပါတ်ဝန်းကျင်မှ သူစာသင်ပေးနေသော
ခလေးများ၏အိမ်မှဟင်းများ ထမင်းများ ပို့ပေးသည်။ အဘသည် ဟင်းကောင်းလေးများပါလာလျှင်
သူမအတွက် သပ်သပ်ဖယ်ထားပေးတတ်သည်။ ထိုအခါမျိုးတွင် သူမက အဘကို အော်တတ်သည်။
"သမီးစားဖို့မလိုပါဘူး၊ အဘသာကောင်းကောင်းစားပါ၊ သမီးကအိမ်မှာစားလဲရတယ် ၊ နောက်အဲ့လိုဖယ်ထားရင် သမီးမလာ တော့ဘူး"
ထိုအခါမျိုးတွင် အဘိုးမိုးမှာ မျက်ရည်ဝဲလျက် "အဘက သမီးကို တတ်နိုင်တာလေး ပြန်ပေးချင်တာပါ သမီးရယ်"
ဟုပြောတော့ သူမ စိတ်မကောင်းဖြစ်မိသည်။
တစ်ရက်သူမ အဘိုးမိုးအိမ်ရောက်တော့ အိမ်ရှေ့တွင် လူတွေစုစု၊စုစုဖြစ်နေသည်ကို တွေ့လိုက်ရ တော့ ရင်ထိတ်စွာ
ပြေးဝင်သွားမိသည် အဘများတခုခုဖြစ်နေ၍လားဆိုသည့်အတွေးက မောင်းထုတ်မရ။ မျက်ဝန်းအိမ်မှမျက်ရည်တို့က စိုးရိမ်စိတ်ကြောင့် ဝေသီလို့
တဲလေးထဲရောက်မှ အံ့သြဝမ်းသာဖြစ်သွားရသည်။ အဘ၏တပည့် များက အဘအားလာရောက် ကန်တော့ခြင်းဖြစ်သည်။
လက်အုပ်ချီထားသော တပည့်များ အလယ်တွင် အပြုံးမျက်နှာနှင့် ဆုတောင်းပေးနေသော အဘကိုတွေ့ လိုက်ရမှ
သူမသက်ပြင်းချလိုက်နိုင်သည် ထိုနေ့မှစ၍ အဘအရက်ဖြတ်သည် အရက်ကို လျော့သောက်နေလင့်ကစား
တုံးတိကြီးဖြတ်ချလိုက်တော့ အတော်ပင် ခံလိုက်ရသည်။ ညပိုင်းတွေ စာကောင်းကောင်း မပြနိုင်၍
သူမတစ်ယောက်တည်း တာဝန်ယူ စာပြပေးရ သည်။မလှမ်းမကမ်းရှိ ကုတင်လေးပေါ်တွင် လူးလှိမ့်ညည်းညူလျက်ရှိသော
အဘိုးမိုးကို သူမသာမက ကျောင်းသားများကပါ မကြည့်ရက်။
နဲနဲစီသောက်ပြီး ဖြတ်ရန်ပြောသည် ခေါင်းမာသော အဘက လုံးဝလက်မခံ။ ကြိတ်မှိတ်ပြီး ရအောင်နေသည်။ ထိုသို့ဖြင့်
တစ်ပါတ်ခန့်အကြာတွင် အဘိုးမိုးမှာ အိပ်ယာထဲ ဘုံးဘုံးလဲလေ တော့သည်။ သူမမှာ ဆရာဝန်ပြေးခေါ်ရ လေတော့သည်
ဆရာဝန်ပြောပြချက်အရ လေဖြတ်နိုင်သည်ဟုသိရတော့ သူမ ဘုရားတရုံသာရှိတော့သည်။ တစ်ယောက်တည်း
ယူကြုံးမရ မည်သို့ မည်ပုံ ပြုရမည်မသိ။ အဘိုးမိုးလက်ကိုသာ ဆုပ်ကိုင်ပြီး မျက်ရည်တို့ ထွေထွေကျနေမိ သည်။ရုံးတွင်လည်း
အလုပ်ထဲစိတ်မရောက် အဘတစ်ယောက်တည်း အဆင်ပြေနိုင်စရာ အကြောင်းမရှိ ခွင့်ယူပြီး ထပြန်ရမည်လား
စဉ်းစားရကြပ်လာသည်။ သူမဖြစ်ပျက်နေပုံကို ရုံးရှိလုပ်ဖော်ကိုင်ဖက် အစ်မကြီးက သတိထားမိသည်။
မေးမြန်းလာတော့ သူမအကြောင်းစုံ ပြောပြလိုက်သည်။ ထိုအစ်မကြီးထံမှ အွန်လိုင်းတွင် ဘိုးဘွားစောင့်ရှောက် ထောက်ပံ့ရေးလုပ် နေသော
အသင်းတစ်ခုရှိသည်။ ဆက်သွယ်လိုလျှင် မေးလ်အကောင့်များရှာပေးမည်ဆိုတော့
သူမအတိုင်းမသိဝမ်းသာလို့ အနည်းဆုံးတော့ သူမလောလောဆယ် စိတ်ချမ်းသာသွားသည် ။ မေးလ်အကောင့်ရတော့
သူမရသည့် အကောင့်လေးငါးခုကို တစ်ခုမကျန်လိုက် ဆက်သွယ်သည်။ သူတို့ဝက်ဘ်ဆိုက်ကိုဝင်ကြည့်တော့ ထောက်ပံ့နိုင်သည့် အချက်အလက် အားလုံးနီးပါး
အဘိုးမိုးနှင့် ကိုက်ညီနေသည်ကိုတွေ့ရသည်။ ထိုသို့ ပရဟိတစိတ်တစ်ခုတည်းဖြင့် လိုက်လံကူညီ နေသော
လူငယ်တွေ ရှိထားလိမ့်မည်ဟု သူမထင်မှတ် မထားမိခဲ့။ ခုတော့ ဆိုက်တွင်ရေးသား ဖော်ပြထားသော
အလှူများ ထောက်ပံ့မှုများက အံ့သြအတုယူ စရာကောင်းလောက်အောင်ပင်။
သူမ အသင်းမှ တာဝန်ရှိသူများနှင့်ဆက်သွယ်ရပြီး နောက်ရက်တွင်ပင် အဘိုးမိုးထံသို့ အသင်းမှ လူငယ်များရောက်ရှိလာပြီး
နောက်တိုင်ပင်ဆွေးနွေးကြသည် ချက်ချင်းပင်ဆေးရုံတင်ရန်တွက် လိုက်ပါလာသော လူငယ်များထဲမှ
ဆရာဝန်ဖြစ်ဟန်တူသူက အကြံပေးသဖြင့် ဆေးရုံသို့ တင်ပို့ကြသည်။
နောက်ရက် သူမဆေးရုံရောက်တော့ အဘဘေးတွင် လူကြီးလူငယ်အရွယ်စုံဝိုင်းလို့ သူမ
ရပ်ရန်ပင်နေရာမရှိ သလောက်
ဘေးရှိပစ္စည်းထည့်သည့် ဘီဒိုလေးပေါ်တွင် စားသောက်ဖွယ်ရာ မျိုးစုံတို့က
သူမယူလာသော မုန့်ထုပ်လေးကို
လှောင်နေသလိုပင်ရှိနေသေးသည်။ အဘိုးမိုးကတော့ လေဖြတ်သွားခဲ့ပြီ။
သူမပြောနေသည်ကို ကြားသည့်တိုင်
ပြန်မပြောနိုင်တော့သော ဘဝသို့ရောက်သွားခဲ့ပြီ။
သူမရုံးဆင်းတိုင်း အဘိုးမိုးကို ဝင်ကြည့်သည်။ အဘိုးမိုး၏
ဘယ်ဘက်တစ်ခြမ်းသည် လှုပ်မရ ညာဘက်လက်ဖြင့်
သူမခြေထောက်ကို ထိုးထိုးပြတတ်သည်။ မည်သို့ အဓိပ္ပါယ်ဆောင်သည်ကိုတော့ သူမ
မသိရှိခဲ့။ သူမ
ပြောတတ်သလောက် အားပေး နှစ်သိမ့်မှု စကားများပြောကာ သူမ အဘိုးမိုးဘေးတွင်
နေနိုင်သမျှနေပေးသည်။ ညဘက်တွင် တော့ အသင်းမှ လူငယ်များက အလှည့်ကျ
စောင့်ရှောက် ပေးကြသည်။
ထိုလူငယ်များသည်မည်သည့်အကျိုးကိုမှ မမျှော်ကိုးဘဲ ဒုက္ခဆင်းရဲခံကာကူညီပေးနိုင်သော စိတ်ဓါတ် ကိုတော့ သူမချီးကျူးမိသည်။ သူမဆေးရုံရောက်ဖြစ်သည့်အချိန်များတွင်
အသင်းမှ လူများဖြင့် စကားပြောရင်း ခင်မင်ရင်းနှီး ကြသည်။ ကူညီကြသောလူငယ်လူရွယ်များကို
အခပေးကူညီထားသော အဖွဲ့အစည်းမရှိ သူတို့ချွေးနဲစာဖြင့် စုပေါင်းကာ ကာယ၊ ဥာဏ စိုက်ထုတ် ကူညီနေကြောင်းသိရတော့
သူမ သူတို့ကဲ့သို့ ငါမလုပ်နိုင်ရကောင်းလားဟု တွေးတောမိသည်။ အဘနားတွင်ထိုင်ပြီး သူမ ထိုလူငယ်များအကြောင်း ကိုပြောပြမိသည်။
သမီးလည်း သူတို့လိုဖြစ်ချင်တယ်အဘရယ်ဆိုတော့ သူမလက်ကို အဘညာလက်က ခပ်တင်းတင်းလာဆုပ်ကိုင်သည်။
အဘ ဘာပြောချင်သည်ဆိုသည်ကို ရင်ထဲ အသည်းထဲမှ လှိုက်လှိုက်လှဲလှဲ သဘောပေါက်ခဲ့ပေပြီ။
အဘိုးမိုးဆုံးတော့ သူမအတော်လေးခံစားလိုက်ရသည် ဈာပနကတော့ တင့်တယ်ခဲ့သည် ။ အမှိုက်ပုံဘေးမှ
အရက်သမားကြီးတစ်ယောက်လို မသိမသာမဖြစ်ခဲ့ အရပ်ကောင်းလို့ အလောင်းလှခဲ့သည်တော့ မဟုတ်။
အသင်းမှ လူငယ်များနှင့်စည်ကားနေခဲ့သည်။
အဘိုးမိုးထံမကြာခဏလာကြည့်တတ်သော အကိုအမများဆို
သူမနှင့်အပြိုင်မျက်ရည်ဖြိုင် လို့.......။ လူမနေတော့ သည့်
အဘိုးမိုးအိမ်ကို စည်ပင်မှဖျက်ရန်ပြောတော့ ရပ်ကွက်လူကြီးက သူမကို
အကြောင်းကြားသည်။
သူမသိမ်းဆည်းစရာ စာအုပ်စာတန်းတွေရှိနေ၍ သူမအဘိုးမိုး အိမ်သို့
ရောက်ခဲ့သည်။တဲလေးမှာ အဘိုးမိုးရှိစဉ်က လိုပင်
သပ်ရပ်လို့ ပိုင်ရှင်မရှိတော့ သော ကုတင်လေးသာလျှင် အထီးကျန်လျက်
စာအုပ်များကလည်း စီရရီရှိကြ သေးသည်။ သူမတစ်ခုချင်း လိုက်ကြည့် မိသည်။
ဤသည်က အဘသောက်နေကျ ရေနွေးကြမ်းခွက်၊ ဟော့ဒါက သူ့လိမ်းဆေးပုလင်းလေး ဒါက သူမြတ်နိုးသော ရေနံဆီမီးခွက် သူမတစ်ခုချင်းကြည့်ရင်း
မျက်ရည်တို့ တလှိမ့်လှိမ့်ဆင်းလို့ အဘခုတင်ပေါ်တွင် ထိုင်ရင်း အဘခေါင်းအုံးဟောင်းလေးကို
ရင်ခွင်ထဲ ပိုက်ထားပြီး သူမ အသောမသတ်ငိုကြွေးနေမိသည်။ညနေလောက်မှ သူမ စာအုပ်များကို သိမ်းဆည်းရန် ဘီဒိုလေးကို
ဖွင့်လိုက်သည် အပေါ်တွင်တော့ စာအုပ်များရှိနေပြီး အောက်ထပ်တွင် စက္ကူပုံးလေး တစ်ခုသာရှိသည်
ထိုပုံးလေးပေါ်တွင် စာအိတ်လေးတစ်အိတ် သူမနာမည်ကို ရေးထားသည်။
"သမီးဖိနပ်ပြတ်သွားတဲ့နေ့ အဘ ဘဝကိုပြန်ဆက်မိတယ်"
သူမဖွင့်ကြည့်သော တစ်နေ့နေ့တွင် တွေ့စေရန် ရည်ရွယ်၍ထည့်ထားခဲ့ခြင်းဖြစ်မည် စာထဲတွင် သူမ အဘိုးမိုးကို
ငွေပေးပြီး အပြန်တွင် ဖိနပ်ပြတ်သွားသည်ကို တွေ့ပြီး စိတ်မကောင်းကြောင်းနှင့် ထိုနေ့မှစ၍
သူမအား ဖိနပ်လေးတစ်ရံပြန်ဝယ်ပေးနိုင်ရန် ကြိုးစားခဲ့ပုံကို ရေးသားထားသည်။ စက္ကူပုံးလေးတွင်းမှာတော့
ကတ္တီပါဖိနပ် အသစ်လေးတစ်ရံ။
သူမအိမ်ပြန်လာတော့ အရက်ဆိုင်ရှေ့သို့လှည့်ကြည့်မိသည် တစ်ဦးတစ်ယောက်မျှတော့ ရပ်မနေ
သို့သော် အဘိုးမိုးရှိနေသလို ခံစားနေရသည် ထိုအချိန်တွင်ပင် သူမ စီးထားသော ဖိနပ်လေးမှာ
သဲကြိုးပြုတ်သွားတော့သည်။ သူမချက်ချင်းပင် အဘိုးမိုးထားပေးခဲ့သော ဖိနပ်လေးကို ချစီးလိုက်လေ
သည်။ သို့သော် သူမ၏စိတ်တွင်တော့ အဘိုမိုးပေးခဲ့သော ဖိနပ်လေးသည် သမရိုးကျ လျှောက်လှမ်းသော ခြေလှမ်းများအတွက် မဖြစ်စေဘဲ အနာဂါတ်တွင် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့်
ထောက်ပံ့ရေးအသင်းအတွက် အကျိုးပြုနိုင်သော ခြေလှမ်းများကို သယ်ပိုးနိုင်သော ဖိနပ်လေးတစ်ရံဖြစ်စေရမည်ဟု
သံန္ဓိဌာန်ချလျက်....... ပေါ့ပါးတက်ကြွလို့...။
ရော်ရွက်ဝါ
Save The Aged copy from...http://savetheaged.ning.com

No comments:

Post a Comment