တကယ့် မြင့်မြတ်တဲ့ဥပေက္ခာဆိုတာ
★★★★★★★★★★★★★★★★
★ " နင် ငါ့ကို ဥပေက္ခာပြုလိုက်ပြီလားဟာ၊ နင့်ကိုငါဘယ်လောက်ချစ်တယ်ဆိုတာ နင်သိရက်သားနဲ့ ငါ့ရင်ထဲက ခံစားချက်တွေကို နင်နည်းနည်းလေးလောက်တော့ အသိအမှတ်ပြုသင့်ပါတယ် မိမိုးရယ်" ကျောင်းသားဘ၀တုန်းကသူငယ်ချင်းကောင်းလေး ရေးလိုက်တဲ့ စာသားလေးပါ။ ခုပဲချစ်လိုက် ခုပဲ မုန်းလိုက်နဲ့မြီးကောင်ပေါက် ဆယ်ကျော်သက်
အရါယ်မှာ အချစ်လည်း မတည်ငြိမ် အမုန်းလည်းမတည်ငြိမ် သေးပါဘူး။ "ဥပေက္ခာ" ဆိုတဲ့ စကားကိုလျစ်လှူရှု့ခြင်းလို့ပဲ မြန်မာပြန်ခဲ့တော့ လူတစ်ယောက်ကို ဥပေက္ခာ ပြုတယ်ဆိုတာ အဲ့ဒီလူအကြောင်း ကောင်းကောင်းဆိုးဆိုး ဘာမှမစဉ်းစားတော့တာ အဲ့ဒီလူရဲ့ကောင်းကျိုး
ဆိုးကျိုး အတွက်ဘာမှလုပ်မပေးတော့တာ အဲ့ဒီလူနဲ့ဘာအကြောင်း ကိစ္စရှိရှိလုံးဝ မပတ်သက်တော့တာလို့ ငယ်ငယ်တုန်းက ထင်မြင်ယူဆခဲ့ပါတယ်။

★ သာသနာဘောင်ရောက်လို့ ဘုရားဟောစာပေတွေ လေ့လာရတော့မှ ဟိုလူနဲ့ မပတ်သက်ချင် ဒီလူနဲ့ မပတ်သက်ချင် ဟိုလူနဲ့လည်း အဆက်အသွယ်ဖြတ် ဒီလူနဲ့လည်း အဆက်အသွယ်ဖြတ် ဟိုလူ့အကျိုးလည်း ဆောင်ရွက်မပေး ဒီလူ့အကျိုးလည်း ဆောင်ရွက်မပေးဆိုတာတွေဟာ 'ဥပေက္ခာ ' မဟုတ်ဘူး 'ဒေါသ' ဆိုတာသိလာတယ်။မြန်မာမှု
နယ်ပယ်မှာ သုံးနေကျမို့ ဥပေက္ခာလို့ သုံးချင်သပဆိုလည်း အဲ့ဒီဂရုမစိုက်တဲ့ ဥပေက္ခာဟာ 'ဒေါသဥပေက္ခာ' ပါ။

★ မေတ္တာ၊ ကရုဏာ ၊ မုဒိတာ၊ ဥပေက္ခာ လို့ ဗြဟ္မာစိုရ်တရား (မြတ်သောအကျင့် လေးပါရှိပါတယ်။ မေတ္တာဆိုတာ သူတစ်ပါးကောင်းကျိုးကို လိုလားတဲ့သဘော ၊ ကရုဏာဆိုတာ သူတစ်ပါး ဒုက္ခကိုဖယ်ရှားချင်တဲ့သဘော ၊မုဒိတာဆိုတာ သူတစ်ပါးကောင်းစားတာကို ၀မ်းသာတဲ့သဘော၊ ဥပေက္ခာဆိုတာ သူတစ်ပါးရဲ့ကောင်းကျိုးဆိုးကျိုးဟာ သူတစ်ပါးရဲ့
ကောင်းကံဆိုးကံပေါ် မှာပဲမူတည်တယ်လို့ နှလုံးသွင်းဆင်ခြင်တဲ့သဘောပါပဲ။ မေတ္တာပဲပွားပွား ၊ကရုဏာပဲပွားပွား၊ မုဒိတာပဲပွားပွား ၊ဥပေက္ခာနဲ့တွဲပွားမှ ပြည့်စုံနိုင်ပါတယ်။ ဥပေက္ခာနဲ့ မတွဲရင် အစွန်းရောက်တတ်ပါတယ်။

★ မေတ္တာထားရာမေတ္တာပွားရာမှာဥပေက္ခာနဲ့မပါရင်မေတ္တာဟာရာဂဘက်အစွန်း
ရောက်သွားတတ်ပါတယ်။ ကရုဏာထားရာ
ကရုဏာ ပွားရာမှာ ဥပေက္ခာမပါရင် ကရုဏာဟာဒေါသဘက်အစွန်းရောက်သွားတတ်ပါတယ်။
မုဒိထားရာ မုဒိတာပွားရာမှာ ဥပေက္ခာမပါရင် မုဒိတာဟာ မာနဘက် အစွန်းရောက်သွားတတ်ပါတယ်။အစွန်းရောက်သွားတဲ့ မေတ္တာ ကရုဏာ မုဒိတာ
က ကာယကံရှင်ကို ငြိမ်းအေးချမ်းမှုတွေ မပေးဘဲ စိုးရိမ်ပူပန်မှု သောက၊ ၀မ်းနည်းငိုကြွေးမှု ပရိဒေ၀၊ ကိုယ်ဆင်းရဲမှုဒုက္ခ၊ စိတ်ဆင်းရဲမှု ဒေါမနဿ၊ အပြင်းအထန် ပူပန်မှု
ဥပါယာသတွေပဲ၊ ပေးပါလိမ့်မယ်။

★ မေတ္တာနဲ့ကိုယ်ကောင်းကျိုးရစေချင်တိုင်လည်း သူရတာမဟုတ် သူကံရှိမှ ရတာ ၊ ကရုဏာနဲ့ ဆင်းရဲကလွတ်စေချင်တိုင်းလည်း သူလွတ်တာမဟုတ် သူကံရှိမှ လွတ်တာ၊ မုဒိတာနဲ့ ကိုယ်ချမ်းသာမြဲစေချင်တိုင်း သူမြဲတာမဟုတ် သူ့ကံရှိမှမြဲတာ၊
သူ့ကံရှိမှ သူမြဲတာလို့ သူနဲ့ကံတရား ကံတရားနဲ့သူ အကြောင်းအကျိုးဆက်စပ်ပြီး ထာစဉ် ကံသတိ၊ ကံအသိ ရှိနေမယ်ဆိုတဲ့ (ဥပေက္ခာ) ရှိနေမယ်ဆိုရင် ၀မ်းနည်းပန်းနည်း စိတ်ဆင်းရဲရတာတွေ ရှိမှာမဟုတ်တော့ပါဘူး။သတ္တ၀ါတွေရဲ့
ကိုယ်ပိုင်ဥစ္စာဟာ ကံတရားပဲ ကောင်းကံပြုရင် ကောင်းကျိုးရမယ်၊ ဆိုးကံပြုရင် ဆိုးကျိုးရမယ် ၊ ကံသာအမိ ကံသာ အဖကံသာမိတ်ဆွေ ကံသာဆွေမျိုး၊ လို့ ကံနဲ့သတ္တာဝါ သတ္တ၀ါနဲ့ကံ တစ်သားတည်းဖြစ်နေတာကို အမြဲမပြတ်သုံးသပ်နေ တာဟာ ဗြဟ္မစိုရ် ဥပေက္ခာကို ပွားများနေတာပါပဲ။

★ မြင့်မြတ်တဲ့ ဘ၀ကိုတည်ဆောက်လိုသူတိုင်း 'ပါရမီ' (မြင့်မြတ်သူဖြစိကြောင်းအလုပ်) ကိုမဖြစ်မနေ ဖြည့်ကျင့်ရပါမယ်။မြင့်မြတ်တဲ့ပုဂ္ဂိုလ်တိုင်း ပါရမီ ကိုမဖြစ်မနေဖြည့်ကျင့်ကြပါတယ်။ပါရမီ အလုပ်ကို လုပ်နေတဲ့ အဲ့ဒီအခိုက်အတန့်မှာ မြင့်မြတ်တဲ့သူပါ။ပါရမီ(၁၀)မျိုးရှိပါတယ်။ စွန့်ကြဲပေကမ်းခြင်း ဒါနပါရမီ၊ ကိုယ်နှုတ်လွန်ကျုးမှုကို စောင့်ထိန်းခြင်း သီလပါရမီ၊ ကာမဂုံ အာရုံကိုရှောင်ခွာခြင်း တောထွက်ခြင်း နေက္ခမ္မပါရမီ၊ အတတ်ပညာ မျိုးစုံ အသိပညာမျိုးစုံ သိစေခြင်း ပညာပါရမီ၊ ကုသိုလ်ကိစ္စ
ကို ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ကြိုးပမ်းအားထုတ်ခြင်း ၀ီရိယပါရမီ၊ သဘာဝဘေးဒဏ်နဲ့ သတ္တ၀ါလုပ်ဘေးဒဏ်တို့ကို သည်းခံခြင်း ခန္တီပါရမီ၊ မလိမ်မညာမလှည့်မပတ်ဘဲ ဖြောင့်မတ်မှန်ကန်စွာ ပြောဆိုလုပ်ကိုင်ခြင်း သစ္စာပါရမီ၊
ကုသိုလ်အလုပ် အပြစ်မဲ့အလုပ်တို့ကို ရည်မှန်းချက်မရောက်မချင်း စွဲစွဲမြဲမြဲ စိတ်ဇွဲသန်သန် ပြုလုပ်အားထုတ်ခြင်းအဓိဋ္ဌာန်ပါရမီ။သတ္တ၀ါများရဲ့ အကျိုးစီးပွားကို လှိုက်လှဲစွာလိုလားဖြင်း မေတ္တာပါရမီ၊ ကိုယ့်ကို ချစ်သူမုန်းသူတွေအပေါ်ကိုယ့်က ချစ်စိတ် မုန်းစိတ် မထားဘဲ တည်တည်တံ့တံ့ခံ့ခံ့ သန့်သန့်နေခြင်း ဥပေက္ခာပါရမီ တို့ပါပဲ။

★ အဲ့ဒီပါရမီ၁၀ပါးထဲမှာ နောက်ဆုံးဖြစ်တဲ့ ဥပေက္ခာ ပါရမီ ဟာတခြားပါရမီတွေ သန့်သန့်စင်စင် အောင်အောင်မြင်မြင်အထွတ်တ်အထိပ်ရောက် ပြီးမြောက်အောင် ပြည့်စုံဖို့အတွက် အရေးပါတဲ့ အနှစ်ချုပ်ပါရမီ အခေါင်အုပ်ပါရမီဖြစ်ပါတယ်။ကောင်းတဲ့အလုပ် မြင့်မြတ်တဲ့အလုပ်ကိုလုပ်ရင် ကိုယ်ကောင်းသလောက် ချစ်ခင်သူတွေ ကြည်ညိုသူတွေ ၀ိုင်းဝိုင်းလည်နေပါတယ်။
ကိုယ်က သူတို့ကို ပြန်ချစ်ပြီး သံယောဇဉ်ရစ်ပတ်တိုးနေမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ဟာ သန့်သန့်စင်စင် ကြည်ကြည်လင်လင်မဖြစ်တော့ပဲ လမ်းဆုံးပန်းတိုင်းနဲ့ သွေဖယ်သွားပါလိမ့်မယ်။ဘယ်လောက်ကောင်းတဲ့အလုပ် မြင့်မြတ်တဲ့အလုပ်ကို
ပဲလုပ်လုပ် မလိုလားမနှစ်သက်တဲ့သူ ရှိတတ်စမြဲပါ။ကိုယ်က သူတို့ကို ပြန်မုန်းပြီး ဒေါသအမျက်ထွက်နေမယ်ဆိုရင် အလုပ်မြတ်တွေဟာ ရှေ့ဆက်မတိုးဘဲ လမ်းခုလတ်မှာ ရပ်တန့်ပြိုလဲနိုင်ပါတယ်။

★ ဥပေက္ခာပါရမီရှင်ဟာ ချစ်သူ မုန်းသူ လူသတ္တ၀ါတွေ အပေါ်မှာသာ ချစ်စိတ် မုန်းစိတ် ကင်းရမှာမဟုတ်ပါဘူး၊ လာဒ်ရခြင်း မရခြင်း၊ အခြံအရံ အကျော်အဇော ရှိခြင်း မရှိခြင်း၊ ကိုယ်စိတ် ချမ်းသာခြင်း ကိုယ်စိတ်ဆင်းရဲခြင်း ဆိုတဲ့ အကောင်း လောကဓံလေးမျိုး အဆိုးလောကဓံ လေးမျိုး အပေါ်မှာလည်း ချစ်စိတ် မုန်းစိတ် နှစ်မျိုးလုံးကို
စွန့်ပယ်ရှောင်ကွင်းနိုင်တဲ့ အတည်အခံ့သဘော ဥပေက္ခာ ထားရပါမယ်။ကိုယ်လုပ်တဲ့အလုပ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့လောကဓံတွေအပေါ်မှာရော တိုက်ရိုက်မပတ်သက်တဲ့ လောကဓံတွေအပေါ်မှာပါ မတုန်မလှုပ်ခံနိုင်ရည်ရှိမှု
ခံနိုင်ရည် ရှိရုံနဲ့လည်း မပြီးသေးဘူး ဦးတည်ချက်မပျက်ရှေ့ဆက်အလုပ်လုပ်မှ လမ်းဆုံးပန်းတိုင်ကို မလွဲမသေသေချာပေါက် ဆိုက်ရောက်နိုင်ပါတယ် ဒါဟာ ဥပေက္ခာပါရမီရဲ့ အစွမ်းသတ္တိပါ။ပါရမီ ဥပေက္ခာ ဆိုတဲ့ ဥပေက္ခာအ၀န်းအ၀ိုင်းထဲမှာ လည်ပတ်လှုပ်ရှားနေတဲ့သူဟာ မြင့်မြတ်တဲ့သူပါ။ဘာလို့လဲဆိုတော့ပါရမီ ဥပေက္ခာဟာ မြင့်မြတ်သော ဥပေက္ခာ ဖြစ်လို့ပါပဲ။ဓမ္မမိတ်ဆွေ သူတော်စင်များ မြင့်မြတ်တဲ့ဥပေက္ခာနဲ့ပြည့်စုံတဲ့
သူတော်ကောင်းတွေ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(မြင့်မြတ်သောဥပေက္ခာတရားတော်မှ ကောက်နှုတ်ချက်)
ဓမ္မမိတ်ဆွေသူတော်စင်များ ကျန်းမာချမ်းသာကြပါစေဗျာ။
No comments:
Post a Comment