မက္ကစီကို ကမ်းခြေက တံငါရွာလေးမှာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ထိုင်ပြီး အနားယူနေတုန်း တံငါသည်တစ်ယောက်က လှေငယ်လေးကို ဆွဲပြီးကမ်းကပ်လာတယ်။ လှေငယ်ပေါ်မှာလည်း အကောင် နှစ်ဆယ် လောက်ရှိတဲ့ ဆူဖြိုးဖြိုး sardine (ငါးသေတ္တာငါး) တွေ။ စီးပွားရေးလုပ်ငန်းရှင်ကြီးက ငါးတွေကိုကြည့်ရင်းနဲ့ တံငါသည်ကိုမေးလိုက်တယ်။
`ဒီလောက် ငါးတွေရဖို့ ဘယ်လောက်ကြာကြာဖမ်းရသလဲ´
တံငါသည်က
`အချိန်အကြာကြီး မလိုပါဘူးဗျ... ခဏတဖြုတ်ပါပဲ´
` ဒါနဲ့များ ဘာလို့ ပင်လယ်ထဲမှာ ကြာကြာ မနေတာလဲ၊ ကြာကြာစောင့်ပြီး ဖမ်းရင် ငါးတွေအမျာကြီးပိုရမှာပေါ့´
တံငါသည်က ငါးတွေထည့်ထားတဲ့ ပုံးကို သယ်ပြီး
`အခု ဖမ်းလာတာက မိသားစုအတွက် လုံလောက်နေပြီလေ´
စီးပွားရေး လုပ်ငန်းရှင်က နာရီကိုတချက်ကြည့်လိုက်တော့နေ့လည် ၁၂နာရီတောင် ထိုးဖို့ မိနစ်အနည်းငယ် လိုနေသေးတယ်။
`ဒါဆို... ခင်ဗျားမှာ အချိန်တွေအများကြီးပိုနေတာ ခင်ဗျားဘာလုပ်လဲ´
`ကျွန်တော်လား... နေ့တိုင်း အိပ်ရေး၀၀အိပ်ပြီး သဘာဝအတိုင်းနိုးထတယ်။ ပြီးရင် အခုလို ပင်လယ်ထဲသွားပြီး ငါးဖမ်းတယ်။ ပြီးတော့ ဈေးထဲက ဆိုင်ကိုသွားပြန်ရောင်းတယ်၊ ပြီးရင် ကျွန်တော့်သားလေး နဲ့ ဆော့တယ်၊ နေ့ခင်းနေ့လည် ဇနီးနဲ့တူတူ တရေးတမောအိပ်တယ်၊ ညနေစောင်းရင် ရွာထဲသွားပြီး သူငယ်ချင်းတွေနဲ့ အရက်လေးဘာလေးသောက်၊ ဂစ်တာလေးဘာလေးခေါက်၊ ကျွန်တော်တော့ တနေ့ကုန် အားနေတယ်လို့တောင် မထင်မိပါဘူးဗျာ´
စီးပွားရေးလုပ်ငန်းရှင်ကြီးက သူ့အကြံတွေကို တံငါသည်ကို ပြောပြလိုက်တယ်။
` ကျွန်တော်က အမေရိကန် ဟားဘတ်တက္ကသိုလ်က စီးပွားရေး ဒေါက်တာဘွဲ့ရထားတဲ့ သူတစ်ယောက်ပါ။
ကျွန်တော်ဒီ ကမ်းခြေလေးမှား လာအနားယူတာပါ။ ကျွန်တော် ခင်ဗျားကို အကြံကောင်းတွေပေးနိုင်တယ်။´
တံငါသည်က လက်ထဲက ငါးတွေထည့်ထားတဲ့ ပုံးကို အောက်ပြန်ချပြီး နားထောင်နေလိုက်တယ်။
`အရင်ဆုံး ခင်ဗျား နေ့တိုင်း အချိန်များများပိုပေးပြီး ငါတွေများများရအောင်ဖမ်းပါ။ ငါးတွေရောင်းလို့ရတဲ့ ပိုက်ဆံနဲ့ လှေကြီးကြီးတစ်စီး ခင်ဗျားဝယ်နိုင်မယ်ဆိုရင် ဒီ့ထက်ငါးတွေ ပိုဖမ်းနိုင်လိမ့်မယ်။ နောက်တော့ ခင်ဗျား သဘောင်္ငယ်တစ်စီးလောက်တော့ ပိုင်ဆိုင်လာအုံးမှာ။ တဖြည်းဖြည်းနဲ့ ငါးဖမ်းသဘောင်္ကြီးခင်ဗျား ပိုင်ဆိုင်ပြီး ငါးတွေ ဒီ့ထက် အဆပေါင်းများစွာ ခင်ဗျား ဖမ်းနိုင်လိ့မ်မယ်၊ အဲ့ဒီ့ အချိန်ရောက်ရင် ခင်ဗျား အခုလို ဈေးမှာသွားပြီးရောင်းစရာ လည်း မလိုတော့ဘူး၊ တခါတည်း မြို့တက်ပြီး ငါးဒိုင်တွေကိုပို့၊ နောက်တော့ ခင်ဗျားကိုယ်တိုင် ငါးစည်သွပ်ဗူးတွေ ထုတ်လုပ်၊ နိုင်ငံတကာကိုဖြန့်။ ခင်ဗျားချမ်းသာလာတဲ့အတွက် ဒီလို ရွာလေးမှာလည်း နေစရာမလိုတော့ဘူး၊ မက္ကစီကို မြို့ကြီးထဲကိုပြောင်းသွား၊ နောက်တော့ LA, New York ။ အဲ့ဒီ့အချိန်မှာ ခင်ဗျားဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်နေပြီပေါ့။´

တံငါသည်က ခေါင်းကိုတစ်ချက် ကုတ်လိုက်ပြီး
`ဒီလိုမျိုး သူငှေးကြီးတစ်ယောက်ဖြစ်ဖို့ အချိန်ဘယ်လောက်ပေးရမလဲ´
`အနည်းဆုံး ၁၀ နှစ် ၁၅ နှစ်လောက်တော့ကြာမှာပေါ့၊ ချက်ချင်းကြီးတော့ ဘယ်ဖြစ်လာပါ့မလဲ´
` အင်း...တော်တော်ကြာတာပဲ...ဒါနဲ့..နောက်တော့...ရော ကျွန်တော်ဘာဆက်လုပ်ရမလဲ´
တံငါသည်က စီးပွားရေးလုပ်ငန်းရှင်ကို ဆက်ပြီးမေးလိုက်တယ်။

စီးပွားရေးလုပ်ငန်းရှင်က ရီပြီးပြောတယ်။
`နောက်တော့ ခင်ဗျားက အိမ်မှာ ရှင်ဘုရင်တစ်ပါးပဲပေါ့။ အချိန်ရောက်တာနဲ့ ခင်ဗျားရဲ့ ငါးဆီသွပ်ဘူး လုပ်ငန်းကို စတော့ဈေးကွက်ထဲမှာ ထည့်ဝင်ပြီး ရှယ်ယာတွေရောင်း၊ အဲ့ဒီ့အချိန်ကျရင် ခင်ဗျားက တကယ့်
သူငှေးအကြီးစားကြီးဖြစ်ပြီပေါ့´

`ဟုတ်ပါပြီ....ခင်ဗျားပြောသလို ကျွန်တော် သူငှေးအကြီးစားကြီးဖြစ်သွားရင် ဘာဆက်လုပ်ရမလဲ´
`အဲ့ဒီ့အချိန်ရောက်ရင် ခင်ဗျား ငွေရေးကြေးရေး ပူစရာမလိုတော့ဘူး၊ ခင်ဗျား ကျွန်တော့်လို အနားယူနိုင်ပြီ။ အဲ့ဒီ့ အချိန်ကျရင် ခင်ဗျားနေခဲ့ဖူးတဲ့ ဒီပင်လယ် ကမ်းခြေလေးကို ပြန်လာ၊ နေတိုင်း သဘာဝအတိုင်းနိုးထ၊ အပျင်းပြေ ပင်လယ်ထဲသွားပြီး ငါးဖမ်း၊ ပြန်လာရင် ခင်ဗျားမြေးတွေနဲ့ဆော့၊ နေ့လည် ခင်ဗျားဇနီးနဲ့ တရေးတမောအိပ်၊ ညနေစောင်း သူငယ်ချင်းတွေနဲ့ ဂစ်တာလေးခေါက်၊ ၀ိုင်လေးသောက်၊´
တံငါသည်က စိတ်ရှုပ်သွားဟန်မျက်နှာနဲ့...ခေါင်းကို အားရပါးရ ကုတ်လိုက်ပြီး
`နောက်ဆုံးတော့လဲ ခင်ဗျားပြောတဲ့ ဘ၀က ကျွန်တော် အခုနေနေတဲ့ `ဘ၀´နဲ့ အတူတူပဲမဟုတ်လား´

( `ဘ၀´ ဆိုတာဘာလဲလို့ မေးခဲ့ရင် မတူတဲ့ လူတိုင်းမှာ မတူညီတဲ့ အဖြေတွေရှိပြီးသားပါ။ မည်သို့ပင် ဖြစ်နေပါစေ၊ ကျွန်တော်တို့ လျှောက်လှမ်းတဲ့ လမ်းဟာ ကျွန်တော်တို့အတွက် စိတ်ချမ်းသာပျော်ရွှင်နေရင် ပြီးတာပါပဲ။ `စိတ်ချမ်းသာပျော်ရွှင်ခြင်း´ ဆိုတဲ့ အရာတစ်ခုနဲ့တင် ဘ၀ ဟာ ကျေနပ်စရာကောင်းနေပါပြီ။
အသိဥာဏ်ရှိရှိ ပျော်ရွှင်မယ်၊ သတ္တိရှိရှိ အိပ်မက် တွေကို အကောင်အထည်ဖော်မယ်၊ စိတ်ပျော်ရွှင်မယ်၊ ဆိုရင် ဘ၀ဟာ ပျော်ရွှင်ခြင်းတွေနဲ့ပြည့်စုံနေမည်မှာ အမှန်ပါ။)
No comments:
Post a Comment