သတိသာ ထားကြပေတော့
• စာစု(၁)
မာတုဂါမ(မိန်းမ) တွေ တွေ့ရင် မကြည့်ပါနဲ့ အာနန္ဒာတဲ့ .. ဒီတော့ အရှင်အာနန္ဒာက စောဒက တက်ပြန်တယ် .. မကြည့်မဖြစ်တဲ့ အခြေအနေ မျိုးမှာဆိုရင် ရော အရှင်မြတ်ဘုရားတဲ့ .. မြတ်စွာဘုရားက ပြန်ဖြေပါတယ် ..
“အဲလိုဆိုရင် စကားမပြောနဲ့ကွာ အာနန္ဒာ ..”တဲ့ .. ရှင်အာနန္ဒာက ဆက်ပြန်တယ် မပြောလို့လည်း မဖြစ်ဘူးဆိုရင်ကော အရှင်ဘုရား ..” တဲ့
…သာမန်ပုဂ္ဂိုလ် ဆိုရင်တော့ အတော်လေး စိတ်တိုမိမယ် ထင်တယ် .. ဒါပေမဲ့ ကိလေသာအလုံးစုံကို အကြွင်းမဲ့ ပယ်သတ် တော်မူခဲ့တဲ့ မဟာဂရုဏာရှင် မြတ်စွာဘုရား ကတော့ ..
…
“ သတိသာ ထားပေရော့ အာနန္ဒာ ရေ .. ” တဲ့

• စာစု(၂)
ရှမ်းပြည်တနေရာက ပုဗ္ဗာရုံ ပရိယတ္တိစာသင်တိုက်လေး ကို စိန်ပန်းပြာတန်းရဲ့အလွန် မြေနီလမ်းလေးရဲ့ အဆုံး မြူခိုးတွေကြားမှာ ဝိုးတဝါးတွေ့နိုင်ပါတယ် .. ကျေးငှက်သာရကာ စုံညီစွာနဲ့ တောင်ကျစမ်းရေ တောပန်းတွေ ဝေစီလို့ လူ့ရွာက နိဗ္ဗာန်ဘုံလေးလို့ တင်စားချင်တယ် .. သာမဏေလေးတွေ ဆိုတာ ဝါတော်ရင့် ရှင်ကြီးတွေလို သိက္ခာ အိနြေ္ဒ အပြည့်နဲ့ .. ကျောင်းဝိုင်းအတွင်း သွားလာနေတာ တွေ့ရတယ် ..အသားတော်ဝါဝင်းလို့ ကြည်လင်တဲ့ မျက်နှာတော်တွေရှိ ကြတယ် .. ဒါက အတွင်းစိတ် ဖြူစင် ငြိမ်းချမ်းမှု ကြောင့်ဖြစ်နိုင်တယ် .. အဲဒီ့ ကျောင်းက သာမဏေကျော် ဒုတိယအဆင့် အောင်မြင်ပြီးဖြစ်တဲ့ ကိုရင်လေး ရှင်ဝါယမ နဲ့ သိကျွမ်းခွင့်ရခဲ့တယ် .. အဆင့်သုံးဆင့်လုံးအောင်မြင် တယ် ဆိုရင် သာသနာလင်္ကာရ သာမဏေကျော်ဘွဲ့ကို ရမှာ ဖြစ်တယ် .. ပထမ နဲ့ ဒုတိယ အဆင့်မှာ ဒါတွေပါတယ်လို့ ကိုရင်လေးက ရှင်းပြပါတယ် ..
• ပထမဆင့်
(က) ဝိနည်းမဟာဝါ ပါဠိတော်
(ခ) အင်္ဂုတ္တိုရ်ပါဠိတော် (ဧကနိပါတ်မှ တိကနိပါတ်အထိ)
(ဂ) ဓမ္မပဒအဋ္ဌကထာ (ယမကဝဂ်နှင့် အပ္ပမာဒဝဂ်အကုန်အထိ)
(ဃ) သဒ္ဒါ-၅-စောင် (သန္ဓိ-နာမ်-ကာရက-အာချာတ်-ကိတ်)
(င) အဘိဓမ္မတ္ထသင်္ဂဟ အောက်သုံးပိုင်း ( စိတ်-စေတသိက်-ပကိဏ်း)

• ဒုတိယဆင့်
(က)စူဠ၀ါ ပါဠိတော် /ပရိဝါ ပါဠိတော်
(ခ)အင်္ဂုတ္တိုရ်ပါဠိတော် (စတုက္ကနိပါတ်မှ ဆက္ကနိပါတ်အထိ)
(ဂ)ဓမ္မပဒအဋ္ဌကထာ(စိတ္တဝဂ်မှဒဏ္ဍဝဂ်အထိ)
(ဃ) သဒ္ဒါ-၇- စောင်( သန္ဓိ-နာမ်-ကာရက-အာချာတ်-ကိတ်-သမာသ်-တဒ္ဓိတ်)
(င) အဘိဓမ္မတ္ထသင်္ဂဟ ခြောက်ပိုင်း (စိတ်-စေတသိက်-ပကိဏ်း-ဝီထိ-ဝီထိမုတ်-ရုပ်)

အရှင်ဘုရား ကောင်းလိုက်တာဘုရား ဒီလိုငြိမ်းချမ်း မြင့်မြတ်တဲ့ ဘဝကို ရွေးချယ်ခဲ့တာ တပည့်တော် ဝမ်းသာ ကြည်နူးလိုက်တာ ဘုရား တပည့်တော်တို့ လူတွေနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ .. လို့ လျှောက်မိပြီး အလွန်ပဲ အားကျခဲ့မိတယ် ..
• စာစု(၃)
ဒီကိုယ်တော်လေး ကို မန္တလေးမှာ မထင်မှတ်ပဲ ပြန်တွေ့ရတယ် .. ရဟန်းဝတ်မဟုတ်တော့ဘူး လူဝတ်နဲ့ ဖြစ်နေပြီ .. အရမ်းကို အံ့သြ နှမြောတသဖြစ်မိတယ် .. ဟာ ဘယ်လိုဖြစ်တာ လည်းဆိုတော့ .. ခမြာ ရှက်ပြုံးလေးပြုံးတယ် .. ပြီးတော့မှာ .. “ဖုန်းပေါ့ ဆရာ ” တဲ့ ..
ရုတ်တရက် ကိုယ်တောင် အူကြောင်ကြောင် ဖြစ်သွားတယ် ..
“ဘယ်လို .. အသေချာ ရှင်းစမ်းပါဦးကွာ ..” ဆိုတော့ ..
“ဆရာ ရေ မိုဘိုင်း ဖုန်းလေးတစ်လုံး ကို ပိုင်ဆိုင်မိတာ က စ တာပဲ .. ဖုန်းကလေးရတော့ စာကျက်ချိန်တွေမှာ စာအုပ်တွေ ကွယ်ပြီး ဖုန်းကို ခိုးသုံးတယ်.. လိုရင်း ပြောရရင် ဖုန်းထဲမှာ ကောင်မလေးတစ်ယောက် နဲ့ သိကျွမ်းခွင့် ရခဲ့တယ် .. အဲဒီ့နောက်မှာတော့ စာကို စိတ်မပါတော့ဘူး .. အာရုံတွေက သူ့ဆီပဲရောက်ကုန်တယ်.. ကုန်ကုန်ပြောရရင် ချိန်းပြီးတွေ့ ချင်လာတယ် ဆရာ .. ဒါနဲ့ လူထွက်ဖြစ်သွားတာပါပဲ .. ခု အလုပ် လုပ်မလို့ ကွန်ပျူတာသင်ပေးပါ ဆရာ .. အလုပ်ရှိမှ မိန်းမယူလို့ ရမှာ မဟုတ်လား ဆရာ ..” တဲ့
ကျွန်တော့်မှာ ခေါင်းကို တူသေးသေးလေး နဲ့ အထုခံလိုက်ရသလို တိန်ကနဲ ဖြစ်သွားတယ် .. မြတ်စွာဘုရား မိန့်ခဲ့သလို “ သတိသာ ထားပေရော့ အာနန္ဒာ ရေ .. ” ဆိုတာကို ကြားယောင်မိလို့ .. ပြုံးချင်သလိုလို ဖြစ်မိတယ် ..

ဘုရားရှင်ခေတ်က ဒီ မိုဘိုင်း ဖုန်းတွေ ရှိခဲ့ရင်လည်း ဝိနည်းအသစ် တစ်ခု ပညတ်တော် မူမည်လား မသိ ..
မီးငှက် (မန္တလေး)
No comments:
Post a Comment