စံပယ်အတွေး................
တစ်နေ့ ..ကျောင်းကိုအသွား လမ်းမှာ အပင်ပေါ်တက်ပြီး မာလကာသီးတွေ ခူးနေတုန်း ဆရာကြီးကို ပိုသတိထားလိုက်မိတာပဲ မေမေ.....။
" အာ ....ဒီကောင် ဘယ်ပေါ်တက်နေတာလဲ ဆင်းစမ်း .."
ကြိမ်လုံးကြီးနဲ့ သူက အောက်က အော်လို့ သားပြန်ဆင်းလာရတယ်။ သားကို သူကငေါက်တယ်။
" သွား ....ကိုယ့်ကျောင်းကိုယ် ဖြောင့်ဖြောင့်သွား ၊ ဘာကိစ္စ
သူများအပင်ကို သွားခူးနေရတာလဲ "
" သား မာလကာသီး စားမလို့ "
" ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ "
" ဒါဆို အောက်ကနေပဲ ခူးတော့မယ် "
အဲဒီလို ပြောပြီး တုတ်နဲ့ ရိုက်ပြီးတော့ ဖြစ်ဖြစ်၊ ခဲနဲ့ ပေါက်ပြီးတော့ ဖြစ်ဖြစ် ..
ခူးမယ်လုပ်တော့လည်း ..သူက လက်မခံဘူး ။
" မင်းမှာ အိမ်ကထည့်ပေးလိုက်တဲ့ မုန့်ဘူး ပါတယ်မဟုတ်လား။
သွား....သွား ...ကိုယ့်ကျောင်းကိုယ်ဖြောင
ခက်တော့တာပါပဲ ။ သားလည်း ဘာမှမပြောချင်တာနဲ့ လှည့်ထွက်ခဲ့တယ် ။
အမှန်ဆို မာလကာပင်ကို သား တက်ခူးစားလို့ ရသလို သူလည်း တက်ခူးစားလို့ ရတာပဲ ။ ဒါမှမဟုတ်ရင်လည်း သားခူးလာတဲ့ မာလကာသီးတွေထဲက သူ့ကို နည်းနည်း ခွဲပေးလို့ရတာပဲ ။
ခုတော့ နှစ်ယောက်လုံး ငတ်ကြရတယ် ။
တကယ်ဆို သားက သူများအပင်ကို ခိုးခူးတာ မဟုတ်ပါဘူး ။
အပင်ပိုင်ရှင် အဒေါ်ကြီးကိုယ်တိုင်က " ခူးစားလေ " လို့ ခွင့်ပြုထားပြီးသားပါ ။
ဒါပေမယ့် သားက မတီးပဲ မမြည်ချင်ဘူးလေ ။ ဆရာကြီးက
မမေးတော့ သားလည်း ပြောမပြဖြစ်တော့ဘူးပေါ့ ။
အဲ့ဒီနေ့ က စပြီး သားလည်း ဆရာကြီးကို သတိထားပြီး
စောင့်ကြည့်နေမိတော့တယ် ။
သူက သားတို့ရဲ့ ကျောင်းအုပ်ဆရာကြီး ဆိုပေမယ့် သားတို့တွေကို ပြန်ကြောက်နေပုံ ရတယ် မေမေ ။
ဘာဖြစ်လို့လည်းဆိုတော့ သူ့ကိုယ်သူ ကာကွယ်ဖို့ အတွက်
ကြိမ်လုံးကြီးတစ်လုံး အမြဲ ကိုင်ထားတတ်တယ်။
လိုအပ်ရင် အချက်ပေးဖို့အတွက် အသံထွက်ခေါင်းလောင်းကြီး တစ်လုံးကလည်း အနားမှာ အမြဲရှိပြန်ရော ။
သူ့ဘ၀က သနားဖို့ ကောင်းပါတယ် မေမေရယ် ။
ကျောင်းကိုလာရင် ဖေဖေက သားကို စက်ဘီးလေးနင်းပြီး
လိုက်ပို့ပေးတာမျိုး မဟုတ်ဘူး ။ သူ့ဖာသာ နင်းလာရတယ် ။
သားကို မေမေ ခေါင်းဖြီးပေးသလိုမျိုးလည်း
သူ့ခေါင်းကို သူ့ဖာသာ ဖြီးရတယ် ။ သားတို့လို ပေါ့ပေါ့ပါးပါး
ဘောင်းဘီတိုလေး ၀တ်ပြီး ကျောင်းလာလို့လည်း
မရဘူး ။ အမြဲတမ်း ပုဆိုးကြီး စည်းထားရတယ် ။ သားတို့လို သနပ်ခါး ပါးကွက်ကျားလေးလူးပြီး ကျောင်းကို လာဖို့ဆိုတာ ကတော့ ဝေလာဝေးပေါ့ ။
သူက သားတို့လို မုန့်ဖိုးလေး ဘာလေး မရရှာဘူး ။ ကျောင်းကနေ
သူ့ကို တစ်လတစ်ခါ ထောက်ပံ့ကြေး ပေးထားရတယ် ။
အဲ့ဒီ ပိုက်ဆံကိုပဲ သူ့ခမျာ တစ်လစာ ချွေတာသုံးနေရတယ် ။
ဆိုင်မှာပဲ ထမင်းကို လပေးစားတယ်တဲ့။ ခွံ့ကျွေးမယ့်သူလည်း မရှိဘူး ။
သူ့ဖာသာ ဇွန်းနဲ့ ခပ်စားရတယ် ။
သူက ကဗျာတွေ ဘာတွေလည်း ရေးသတဲ့ မေမေရယ် ။ သားတို့ဆို ဖတ်စာအုပ်ထဲက ကဗျာကို ရွတ်လိုက်တာပဲ။
သူ့လို အပင်ပန်းခံပြီး ရေးစပ်မနေပါဘူး ။ ဘယ့်နှယ်......မဟုတ်တာကြီး ။
တစ်ခါတစ်ခါ သူ့ဆီကို သူ့မိတ်ဆွေ
ကဗျာဆရာဆိုတဲ့ လူကြီးတွေ လာလည်ကြတယ် ။ လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ငြင်းကြခုန်ကြနဲ့ ။
သားတို့လို " ဖိုက် " စရာရှိရင် ကျောင်းဘေး လယ်ကွင်းပြင်ကို သွားပြီး အပြတ် "
ဖိုက် " လိုက်တာမျိုးလည်း မဟုတ်ဘူး ။
ဘယ်လိုမှန်း မပြောတတ်တော့ပါဘူး ။
သားတို့ကို စာပြန်သင်ဖို့အတွက် သူအိမ်မှာ စာတွေအများကြီး
ကျက်ရမှာပဲနော် ။ သားတို့တောင် ဒီလောက်
ကျက်ရတာ သူဆိုရင် နည်းမှာ မဟုတ်ဘူး ။ သူကျက်တဲ့စာတွေကို
ရသွားခဲ့ပြီးရင်လည်း သားတို့လို ပါးကို နမ်းပြီး
ဂုဏ်ပြုမယ့်သူ ရှိတာမဟုတ်ဘူး ။ နောက်ပြီး သူသင်ပေးလိုက်တဲ့
ကျောင်းသားတွေက မူလတန်းအောင်ပြီး လို့
အလယ်တန်း ၊ အထက်တန်းတွေကို ရောက်ကုန်ပေမယ့်
သူကတော့ အတန်းမတက်ရဘူး ။
မူလတန်းမှာပဲ ကျန်ခဲ့တယ်။
သူ့ဝဋ္ဋ်က ကြီးပါတယ် မေမေရယ် ။ ဘယ်လိုကြီးလည်း မသိဘူးနော် ။
သူက အသည်းလည်း ကွဲခဲ့ဘူးတယ်လို့ ကြားရတယ် ။ ကွဲနေတဲ့ အသည်းကြီးနဲ့ အသက်ရှင် လူလုပ်နေရတယ်တဲ့ ။
ဆင်းရဲတဲ့ ကျောင်းဆရာမို့လို့ သူ့ချစ်သူနဲ့ ကွဲခဲ့ရတယ်ဆိုပဲ ။
သူ့ကြိမ်လုံးကြီးနဲ့ လိုက်ရိုက်လိုက်တာ မဟုတ်ဘူး ။
သူက ခွင့်ပြုခဲ့ပါတယ်တဲ့ ။ တစ်ခါတစ်ခါကျတော့ ရုံးခန်းထဲမှာ ထိုင်ပြီး
နံရံကို ရီရီဝေေ၀ ငေးနေတတ်တယ် ။
ဒါနဲ့များတောင် မေမေက ပြောသေးတယ် ။
" သား...... ကျောင်းစာကို ကြိုးစားသင်နော် "
"ဘာဖြစ်လို့လဲ "
" အဲဒါမှ ပညာတွေ အများကြီး တတ်မှာပေါ့"
"ပညာတွေ အများကြီး တတ်တော့ ဘာလုပ်မှာလဲ"
" သားတို့ ကျောင်းမှာ ကျောင်းအုပ်ဆရာကြီး ပြန်လုပ်လို့ရတာပေါ့"
သား ကပျာကရာ ခေါင်းခါ ငြင်းမိတယ် ။
" ဟာ .....မလုပ်ချင်ပါဘူး "
"ဘာဖြစ်လို့လဲ သားရဲ့ "
" ဟာ ....ဟင့်အင်း ......မလုပ်ချင်ပါဘူး "
ဘာဖြစ်လို့လည်းဆိုတော့ မေမေ့ကို သားမပြောပြဘူး ။ ဘယ်တော့မှ
မပြောပြဘူး ။
#တာရာမင်းဝေ

No comments:
Post a Comment