Tuesday, 1 August 2017

ချစ်သော ပန်းစကား

ချစ်သော ပန်းစကား
************************
သူငယ်ချင်းတစ်ယောက်က စကားပင်တွေ အများကြီးစိုက်ချင်တယ်ဆိုပြီး မေးလာတာနဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ရေးထားပြီး မတင်ဖြစ်ခဲ့တဲ့စာကို အခန့်သင့်တင်ပေးလိုက်ရပါတယ်။
စကားပင်တွေဟာ အကြီးထွားမြန်တယ်။ မွှေးရနံ့ပြည့်ဝပြီး မတ်လကနေ အောက်တိုဘာလတွေအထိ ပွင့်ကြပါတယ်။ အပင်သေးသေးကလေးကနေ အရွယ်ရောက်လာရင် ပေ ၃၀ ထိ မြင့်နိုင်ပါတယ်။ သိပ်အေးတဲ့ အရပ်ဒေသတွေမှာတော့ စိုက်ပျိုးရခက်ခဲပါတယ်။ ဟာဝိုင်အီမှာတော့ စကားပွင့်တွေကို ရောင်းချတာ ဈေးကောင်းရပြီး ကမ္ဘာကျော်ပါတယ်။ မြန်မာနိုင်ငံထွက် စကားပွင့်ခြောက်တွေကို တရုတ်က ဝယ်လေ့ရှိပါတယ်။ အလှကုန်မျိုးစုံ၊ ဆေးဝါးမျိုးစုံ၊ ဆပ်ပြာမွှေးစတာတွေအတွက် ကုန်ကြမ်းလိုအပ်ချက်ကြီးမားတဲ့ ပန်းပွင့်ပါ။ မြန်မာနိုင်ငံမှာ စီးပွားဖြစ်စိုက်ခင်းရယ်လို့ သိပ်များများစားစားမရှိဘဲ ပန်းပွင့်ပေါပေါများများထွက်တဲ့ ဒေသတွေကနေ စုဆောင်းရောင်းချကြပါတယ်။ မြန်မာနိုင်ငံမှာ အပူပိုင်းဒေသကစလို့ အောက်အရပ် ဒေသစုံပေါက်ရောက်ပါတယ်။ ရေငတ်ဒဏ် အပူဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။ အများစုမြင်ဖူးတာက စကားပွင့်အဖြူဖြစ်ပြီး ပန်းရောင်၊ အနီရောင်စကားပွင့်တွေလည်းရှိပါတယ်။ အနီရောင်က အပွင့်နှုန်းပိုကောင်းပြီး ပိုလည်းမွှေးတယ်လို့ စကားပွင့်ကြွေကောက်ရောင်းသူ ဒေသခံ များက ပြောပြပါတယ်။
စီးပွားဖြစ်စိုက်ခင်းအနေနဲ့စိုက်မယ်ဆိုရင် စနစ်တကျစိုက်ပျိုးဖို့ လွယ်ကူပြီး အကြမ်းခံ အပူခံတဲ့အပင်မျိုးဖြစ်ပါတယ်။ ကုန်းခေါင်ခေါင်မှာ တစ်နွေလုံး နေပူပူ ရေငတ်ငတ်လည်း ရှင်နိုင်တယ်။ စနစ်တကျစိုက်မယ်ဆိုရင် ရေပေးစနစ်နဲ့ စိုက်သင့်ပါတယ်။
စကားပင်တွေက အသီးသီးပါတယ်။ အသီးဆံက ကြောင်လျှာစေ့လိုပဲ အစေ့ဖတ်ကလေးတွေပါပြီး ပါးပါးလျားလျားဖြစ်ပါတယ်။ အစေ့ကနေ အပင်ပေါက်ပျိုးရင် အလွန်ကြာတာမို့ အများစုက ကိုင်းကိုမြေထိုးစိုက်ကြပါတယ်။ အရပ်ဒေသတိုင်းမှာတော့ လွယ်လွယ်ကူကူပဲ အကိုင်းရင့်ရင့်ကို ဓါးနဲ့ခုတ်ယူပြီး မိုးဦးကျမှာ မြေထဲထိုးစိုက်ထားလိုက်တာပါ။ အလုပ်ဖြစ်ပေမယ့် ရှင်သန်မှုရာခိုင်နှုန်းနည်းပါတယ်။ စနစ်တကျကိုင်းဖြတ်ယူ ပျိုးထောင်ဖို့လိုပါတယ်။ အကယ်၍ စကားပင်တွေရဲ့ ကိုင်းကိုဖြတ်ပြီးမျိုးပွားမယ်ဆိုရင် အပင်ကြီးရဲ့ ကိုင်းဖျားတွေကို ၁ ပေ သာသာစီလောက်ဖြတ်ပါ။ ရလာတဲ့ကိုင်းဖျားတွေကို အရွက် အားလုံးချွေပစ်ပါ။ အရိပ်ထဲမှာ တစ်ပတ် သို့မဟုတ် နှစ်ပတ်လောက် ဖြန့်ထားလိုက်ပါ။ အပူရှိန်ပြင်းရင် တစ်ပတ်လောက်ပဲ ထားပါ။ ဒီလိုထားရတာက စကားပင်ကိုင်းတတ်တွေမှာ အစေးတွေပါတာမို့ အစေးခမ်းသွားအောင် ကာလတစ်ခုထားရတာဖြစ်ပါတယ်။ ဒါမှ အမြစ်ထွက်ဖို့ ရာခိုင်နှုန်းပိုများမှာပါ။ ကိုင်းတတ်တွေကို ပိုးကောင်မွှားကောင်တွေ မကိုက်ဖြတ်ပါစေနဲ့။ ဖြတ်ယူပြီး အစေးခမ်းထားတဲ့ကိုင်းတွေကို ပျိုးအိုး ဒါမှမဟုတ် ပျိုးအိတ်ထဲထည့်ပျိုးပါတော့မယ်။ ပျိုးအိုး သို့မဟုတ် ပျိုးအိတ် အနည်းဆုံးတစ်ပေအမြင့်ထဲကို မြေဆွေး ၁၀ ဆနဲ့ ဖွဲပြာ ၁ ဆခွဲ (စက်ဖွဲပြာ အမည်းရောင်ကိုသုံးပါ။ အုတ်ကျင်းက အုတ်ဖုတ်ပြီးသား စပါးခွံဖွဲပြာက ပြာဖြစ်သွားတဲ့အတွက် အငန်ပေါက်စေပြီး အရည်အသွေးမကောင်းတော့ပါ) သမအောင်ရောပြီးထည့်ပါ။ မြေဆွေးနဲ့ ဖွဲပြာ ရောထားတဲ့ စပ်မြေဟာ မစိုလွန်း မခြောက်လွန်းဖြစ်ရပါမယ်။ အဲဒီနောက် ဖြတ်ကိုင်းတွေကို ငါးလက္မလောက် စိုက်ထည့်ပါ။ မယိုင်မလဲအောင် စိုက်ထည့်ပါ။ ဒီလိုပျိုးထားတဲ့အပင်ကို ဓါတ်မြေသြဇာမကျွေးရပါဘူး။ အမြစ်သစ် သို့မဟုတ် အရွက်နုကလေးတွေ မထွက်လာ မချင်း ရေရွှဲအောင်မလောင်းရဘူး။ မြေအစိုဓါတ်ရှိရုံသာလောင်းပါ။ ပျိုးအိတ် ပျိုးအိုးထဲမှာ ရေဓါတ်မခမ်းသွားအောင် အစိုဓါတ်ရှိတဲ့ ရေတွင်း ရေကန်နားမှာထားပါ။ ဒါမှမဟုတ် ရေညှစ်ဗူးနဲ့ အစိုဓါတ်မကုန်အောင် ဘေးကနေ ရေဖြန်းပေးပါ။ အကယ်၍ ပူပြင်းခြောက်သွေ့တဲ့ရာသီမှာပျိုးမယ်ဆိုရင် အမိုးဇကာတပ် ပျိုးခြံအောက်မှာထားရပါမယ်။ အမြစ်သစ် သို့မဟုတ် အရွက်နုတွေထွက်ပြီဆိုရင် ရေနည်းနည်းပေးပါ။ ပျိုးအိုထဲမှာ ရေအစိုဓါတ်ရှိတယ်ဆိုရုံလောက်ပဲ ရေပေးပါ။ တအားလောင်းရင် အမြစ်နုတွေ ပုတ်ကုန်မှာကြောင့်ပါ။ ဒီလိုထား လိုက်ရင် ရက်ပေါင်း ၆၀ သို့မဟုတ် ၉၀ ကြာတဲ့အခါမှာ အရွက်တွေဝေပြီး မြေချစိုက်နိုင်တဲ့ အပင်တစ်ပင်ဖြစ်လာပါပြီ။ စကားပင်ကို ပျိုးကတည်းက စနစ်တကျပျိုးထားမှ ကျန်းမာသန်စွမ်းပြီး ပွင့်အားကောင်းတဲ့ အပင်တစ်ပင်ဖြစ်မှာမို့ ပျိုးတဲ့အချိန်မှာ စနစ်တကျရှိဖို့လိုပါတယ်။
ကျင်း တစ်ပေပတ်လည်တူးပြီး မြေချပါမယ်။ စကားပင်တွေဟာ ရေကြိုက်ပေမယ့် ရေ၀ပ်တာကိုတော့ မနှစ်သက်ဘူး။ ဒါကြောင့်မို့ မြေချစိုက်တော့မယ်ဆိုရင် အမြင့် ၁၀ လက္မလောက်ရှိပြီး အ၀န်း ၃ ပေပတ်လည်လောက်ကျယ်တဲ့ ကုန်းမို့မို့ဆင်း ချောသဏ္ဌာန်စိုက်ရပါမယ်။ တစ်ပင်နဲ့တစ်ပင် အနည်းဆုံး ၆ ပေ အများဆုံး ၈ ပေ ခြားပြီးစိုက်ရမယ်။ လောင်းရိပ်ကျတာ လုံးဝ မကြိုက်ပါ။ တစ်နေ့ကို အနည်းဆုံး နေရောင်ခြည် ၆ နာရီကနေ ၈ နာရီရမယ့် နေရာမျိုးမှာ စိုက်ပျိုးရမယ်။ ဒါမှ အပင်သန်ပြီး အပွင့်ထွက်နှုန်း ပိုကောင်းပါမယ်။ ရေကြိုက်တဲ့အတွက် ရေများများလောင်းပေးရမယ်။ လောင်းထားတဲ့ရေ မြေကြီးမှာ မခြောက်မချင်း နောက်တစ်ကြိမ်ရေမလောင်းပါနဲ့။ နွေရာသီမှာ ရေများများလောင်းပေးရမယ်။ တဖြည်းဖြည်းအေးတဲ့ရာသီဖက် ကူးလာရင် ရေလောင်းတာကိုလျှော့သွားရမယ်။ မိုးတွင်းမှာ ရေလောင်းတာ ရပ်ထားရမယ်။
မြေချစိုက်ပြီး ၃ ပတ်နေတဲ့အခါမှာ မြေသြဇာစကျွေးရပါမယ်။ နွေနဲ့ ဆောင်းလည်ကာလအတွင်း ၃ ပတ်တစ်ကြိမ် မြေသြဇာကျွေးရပါမယ်။ အပင်မြေချပြီးစမှာ ကျွေးရမယ့်မြေသြဇာက high-nitrogen granular fertilizer 32-6-2 ကို ၃ ပတ်တစ်ကြိမ်လောက် ကျွေးပေးရမယ်။ နောက်ပိုင်းမှာ high-phosphorus fertilizer 10-50-10 ကို ကျွေးပေးရမယ်။ ဒီနည်းအတိုင်း နှစ်ပတ်လည်မှာ အဖူးသစ် အရွက်သစ်ထွက်တဲ့ကာလမှာ hight-nitrogen ကိုကျွေးပြီး ကျန်တဲ့ အချိန်မှာ high-phosphorus ကို ကျွေးပေးရမယ်။ high-nitrogen granular fertilizer 32-6-2 တို့ high-phosphorus fertilizer 10-50-10 တို့ဆိုတာတွေက တခြားမဟုတ်ဘူး NPK ကိုဆိုလိုတာဖြစ်တယ်။ Nitrogen, Phosphorous နဲ့ Potassium တို့ကို အချိုးကျစပ်ထားတာကို ပြောတာပဲ။ ဒီလိုအချိုးကျအသင့်စပ်ပြီးသားမြေသြဇာတွေ ရောင်းပါတယ်။ မြေသြဇာကျွေးတဲ့အခါ အပင်ခြေရင်းကို ကပ်ပြီးမကျွေးမိအောင်သတိထားရတယ်။ အပင်လောင်တတ်တယ်။ သိပ်ဝေးလွန်းရင် မြေသြဇာမရဘဲ ဆုံးရှုံးတယ်။ အပင်အရွယ်အစားပေါ်မူတည် ပြီးသင့်တင့်အောင် ကျွေးရမယ်။ သိပ်များရင် အပင်ဟုန်သွားမယ်။ သိပ်နည်းရင် အပင်ကြီးတာနှေးမယ်။
ဒီနည်းနဲ့စိုက်ပျိုးတဲ့ စကားပင်ဟာ တစ်နှစ်သားအရွယ်မှာ စပြီးပွင့်ပါပြီ။
စကားပင်တွေဟာ ရောဂါအနေနဲ့ သိပ်မရှိဘူး။ ရေ၀ပ်လွန်းရင်အမြစ်နာပြီး အမြစ်ပုတ်အပင်သေနိုင်တယ်။ ပိုမွှားအနေနဲ့ ပင့်ကူနဲ့ ခါချဉ်၊ ပုရွက်ဆိတ်၊ ပိုးစေးနှဲ၊ ပြပိုးတွေရဲ့ အန္တရာယ်ရှိနိုင်တယ်။ အရွက်ကြီးအပင်မျိုးမို့ ခါချဉ်က အသိုက်ဖွဲ့နိုင်တယ်။ အရွက်နု အတတ်နုကို ခါချဉ်နဲ့ ပုရွက်ဆိတ်တွေကိုက်နိုင်တယ်။ ပင့်ကူတွေ အသိုက်ဖွဲ့ပြီး အရွက်ပေါ်ဥချတဲ့ ပိုးကောင်တွေကပ်နိုင်တယ်။ ဒါကြောင့် ဒီလိုပိုးကောင်မွှားကောင်တွေကိုနှိမ်နင်းနိုင်မယ့် ပိုးသတ်ဆေးမျိုးကို ဆောင်ထားပြီး အခြေအနေကြည့် ပတ်ဖြန်းပေးသင့်တယ်။ အထူးသဖြင့် သဘာဝကုန်ကြမ်းကထုတ်တဲ့ တမာပိုးသတ်ဆေးလိုမျိုး ပိုးသတ်ဆေးကို သုံးသင့်ပါတယ်။
ကိုးကားနှင့်ဓါတ်ပုံ - အင်တာနက်နှင့် Wiki How
ကိုဇင် အဓိပတိပစ္စယော
၂၀၁၇ ခုနှစ်၊ မတ်လ (၁၅) ရက်။







No comments:

Post a Comment