Tuesday, 1 August 2017

"ကြည့်လည်း လုပ်ကြပါဦး"

"ကြည့်လည်း လုပ်ကြပါဦး"

ရုပ်ပွားဆင်းထုဆိုတာ
၃၂ပါးသော လက္ခဏာတော်ကြီးကို ရုပ်လုံးဖော်ပြီး
လှနိုင်သမျှ လှအောင်ပြုလုပ်ရတာ..
ရွှေမရှိတဲ့ ရုပ်ပွားဆင်းထုတော်ကို တင့်တယ်အောင်
ရွှေချတာကိုသာ ချီးမွှမ်းစရာရှိတယ်..
အခု မန္တလေး မဟာမြတ်မုနိရုပ်ပွားတော်ကြီးကို ကြည့်..
လူမိုက်တွေ ဝိုင်းအုံပြီး အရုပ်မဆိုး ဆိုးအောင်လုပ်ကြတာ..
ရုပ်ပွားကြီး ဘယ်မှာတင့်တယ်တော့လို့လဲ..

လက်ချောင်းတွေ ကြည့်
ဘုရားလက်နဲ့ တူဖို့ ဝေးစွ..
တောင်သူဦးကြီးလက်တွေလောက်တောင် မလှတော့ဘူး..
ဒူးကြီးကလည်း ဖောရောင်နေတဲ့သူရဲ့ ဒူးကြီးနဲ့သာ တူတော့တယ်..
ကိုယ်လုံးကလည်း
ငါးကြင်းကြေးကွက် ထနေတဲ့အပြင် အဖုအပိန့်တွေထပြီး
မျက်နှာကလွဲပြီး ဘယ်နေရာမှ ကြည်ညိုစရာ မရှိတဲ့အပြင်
ကြောက်စရာကြီးဖြစ်လို့..

အိုးထိန်းသည် အိုးကိုရိုက်တာဟာ လှအောင်ပဲရိုက်တာ..
ကွဲအောင်ရိုက်တာ မဟုတ်ပါဘူး..
ဆရာက ပြောတယ်ဆိုတာလည်း
ဉာဏ်ရှိစေလိုတဲ့ စေတနာနဲ့ ရိုက်ပေးတာ..
အကျိုးပေးတဲ့အခါမှာတော့
မိမိစေတနာကသာ မိမိကို ပြန်အကျိုးပေးမှာ..

ရုပ်ပွားဆိုတာ အာရုံပြုဖို့သာ ဖြစ်တယ်..
ရုပ်ပွားဆင်းထုကို မြင်သောအခါ
"၁၅၀၀ကိလေသာကို ဆရာမရှိ ကိုယ်တိုင်သိသောဉာဏ်ဖြင့်"
"တစ်ခုမကျန် အကုန်သတ်လျှက်"
"ကိလေသာဘေးမှ အအေးကြီးအေးတော်မူသော မြတ်စွာဘုရားသည်"
"ဤပုံသဏ္ဍာန်ပါလား" လို့
အရဟံဂုဏ်တော်ကြီးကို အာရုံပြုပြီး
ကြည်ညိုစိတ်တွေ ဖြစ်လိုက်ရင်
ခန္ဓာကိုယ်မှာ အလွန်အေးမြသော စေတနာမျိုးစေ့တွေ
တဖွားဖွားဖြစ်လာတယ်..
အဲဒီစေတနာမျိုးစေ့တွေက ကောင်းကျိုးတွေကို
တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်..

(နမ္မားဆရာတော်ဘုရားကြီး အရှင်ဦးဉာဏ)



No comments:

Post a Comment