Tuesday, 1 August 2017

ဖုန်ရင်ရာဇီရေခဲတောင် ဓာတ်ပုံမှတ်တမ်း

Phonyin Razi Photo Diary
ဖုန်ရင်ရာဇီရေခဲတောင် ဓာတ်ပုံမှတ်တမ်း
အရင်နှစ်က ဖုန်ကန်ရာဇီတက်ပြီးသား ဆိုတော့ ဒီနှစ်မှာ ဖုန်ရင်ရာဇီကို တက်ဖို့ စီစဉ်ခဲ့ကြတယ်။ ပူတာအိုမြို့လေးကတော့ အရင်နှစ်ကအတိုင်း အေးချမ်းမြဲ၊ တိတ်ဆိတ်မြဲ၊ စိမ်းစိုမြဲ၊ ရေခဲတောင်တွေ ဝန်းရံလျှက်ပါပဲ။ ပူတာအိုကတော့ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလတွေမှာ ညအပူချိန် ၅ ဒီဂရီနဲ့ နေ့အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ်ဝန်းကျင်လောက်ရှိတယ်။ ပူတာအိုအနီးက ရေခဲတောင်တွေက အများအားဖြင့် နှစ်စဉ် ဒီဇင်ဘာလ ကနေ မေလကုန်လောက်အထိ တောင်ထိပ်တွေမှာ ရေခဲတွေ ဖုံးနေတတ်ပါတယ်။ ခါကာဘိုရာဇီ နဲ့ ဂန်လန်ရာဇီရေခဲတောင်တွေကတော့ တစ်နှစ်ပတ်လုံး ရေခဲဖုံးနေတာပါ။ ဖုန်ရင်ရာဇီရေခဲတောင်တက်သွားရာလမ်းက ဇီယာဒမ်းရွာမှာတော့ အခုချိန် ညပိုင်းမှာ ရေခဲတာတွေ ကြုံနေရပြီ။ အရင်နှစ်က အတွေ့အကြုံကိုသင်ခန်းစာယူပြီး ရေခဲတောင်တက်ဖို့ ရက်သတ်မှတ်ပြီး ဒီနှစ်တော့ လေယာဉ်လက်မှတ်ကို ရန်ကုန်-ပူတာအို အသွားအပြန် တစ်ခါတည်း အပြီး ဝယ်ထားလိုက်တယ်။ အခြားရေခဲတောင်တက်အဖွဲ့ထဲက ကောင်မလေးတစ်ချို့တော့ ရေခဲတောင်က အပြန်မှာ ပူတာအိုကနေ အပြန်လေယာဉ်လက်မှတ် အဆင်မပြေလို့ ငါတို့တော့ ပူတာအိုမှာ နွားကျောင်း နေရတော့မယ်ထင်တယ်လို့ ဖေ့စ်ဘုတ်မှာ တင်နေတယ်တဲ့ 😂 လေယာဉ်လက်မှတ်ရဖို့ သူတို့ ပူတာအိုမှာ ၂ပတ်လောက် စောင့်လိုက်ရတယ်။ လေကြောင်းလိုင်းကပဲ ပူတာအိုရဲ့ အဓိကဆက်သွယ်ရေးဆိုတော့ လေယာဉ်လက်မှတ်က ကြိုတင်ဝယ်မထားရင် ရဖို့ မလွယ်ပါဘူး။
ဒါကြောင့် ရေခဲတောင်တက်ခရီစဉ်ကို သေခြာဆွဲထားတယ်။ ဆွဲထားတဲ့အတိုင်းလည်း ရောက်အောင် သွားခဲ့ကြတယ်။
ပထမနေ့ - ပူတာအို မှ ဇီယာဒမ်း 
ဒုတိယနေ့ - ဇီယာဒမ်း မှ စခန်း(၁)
တတိယနေ့ - စခန်း(၁) မှ စခန်း(၃)
စတုတ္ထနေ့- စခန်း(၃) မှ ရေခဲစပ်စခန်း
ပဉ္စမနေ့ - ရေခဲစပ်စခန်း မှ ရေခဲတောင်ထိပ်၊ ပြီးတော့ စခန်း(၃) မှာ ညအိပ်
ဆဋ္ဌမနေ့ - စခန်း(၃) မှ ဇီယာဒမ်း ကို အပြန်
သတ္တမနေ့ - ဇီယာဒမ်း မှ ပူတာအို
တကယ်တော့ ဖုန်ရင်ရာဇီတောင်တက်ခရီးက အနည်းဆုံး ၉ ရက်ကြာပါတယ်။ မိုးမရွာတာ နည်းနည်းကြာသွားတာကြောင့် ပူတာအိုကနေ ဇီယာဒမ်းကို ဆိုင်ကယ်နဲ့ သွားနိုင်ပါတယ်။ အဲဒီအတွက် ၂ ရက်သက်သာသွားတယ်။ စုစုပေါင်း ၇ ရက်ပဲ ကြာလိုက်တယ်။ ကျောက်စိမ်းတောင်လို့ ခေါ်တဲ့ အထက်ဆန်ကောင်တောင်ကို ဆိုင်ကယ်နဲ့ တွန်းတလှည့် ဆင်းတလှည့် စီးတလှည့် ဆွဲတလှည့်နဲ့ ကျော်ဖြတ်ပြီး ညနေပိုင်းမှာ ဇီယာဒမ်းရွာကို ရောက်သွားပါတယ်။ ဆွဲတယ်ဆိုတာက မတ်စောက်လွန်းတဲ့ ကုန်းဆင်းတွေမှာ ဆိုင်ကယ်ပေါ်က ဆင်းပြီး တစ်ယောက်က လက်ကိုင်ကိုထိမ်း တစ်ယောက်က ဆိုင်ကယ်ကို နောက်ကနေ ဆွဲပြီး ထိမ်းပြီး ဆင်းရတာပါ။
ဇီယာဒမ်းရွာမှာ စခန်းချတော့ ဇီယာဒမ်းချောင်းထဲမှာ ညနေပိုင်း အရမ်းအေးနေတဲ့ အချိန်မှာ ရေချိုးတာကတော့ ရေခဲတောင်ရဲ့ အအေးဒဏ်ကို အံတုဖို့ ပထမဆုံး လုပ်ရမယ့် အလုပ်လို့ ယူဆတယ်။ ရေခဲတောင်က ရေခဲတွေ အရည်ပျော်ရာကနေ ဖြစ်လာတဲ့ ချောင်းဆိုတော့ ရေထဲကို ဝုန်းခနဲ ခုန်ချပြီး ချက်ခြင်းပြန်တက်ရတယ်။ ရေချိုးနေတဲ့ ဓာတ်ပုံတွေကတော့ ဆင်ဆာငြိမှာစိုးလို့ ဒီမှာ မပြတော့ပါဘူး.. 😛 .. အဲဒီလို ရေချိုးလိုက်မှပဲ အေးတဲ့ ရာသီဥတုနဲ့ သဟဇာတဖြစ်သွားပြီး နေရတာ အဆင်ပြေလာတယ်။ ပြီးတော့ ကျောက်တုံးတွေပေါ်မှာ ထိုင်းရင် ညနေခင်း မြူနှင်းမြူခိုးတွေဝန်းရံနေတဲ့ ချောင်းထဲမှာ Marlboro စီးကရက်သောက်လိုက်တော့မှ ပိုပြီး နွေးထွေးပြည့်စုံသွားသလိုပါပဲ။
ရေခဲတောင်တက်ရာမှာ အရေးကြီးတာက မလောဖို့နဲ့ မလိုအပ်တဲ့ လေးလံတဲ့ ပစ္စည်းတွေ သယ်မလာဖို့ပါ။ နောက်ပြီး တကယ်လိုအပ်တဲ့ ပစ္စည်းတွေ ပါလာဖို့ပါပဲ။ ကျနော်နဲ့အတူတက်တဲ့ သူငယ်ချင်းကတော့ ထွန်းရွှေဝါတစ်ဗူးကိုတောင် မယူခဲ့ပါဘူး။ တောင်ပေါ်ရောက်တော့ မင်းကို ပေးထားတဲ့ ထွန်းရွှေဝါဗူးဘယ်မှာလဲဆိုတော့ လေးလို့ ထားခဲ့လိုက်ပြီတဲ့။ ပြီးမှ ကျနော့် ထွန်းရွှေဝါဗူးကို ငှားသုံးနေတယ် .. 😅 နောက်နေ့မနက်က စပြီး ကိုယ့်ကျောပိုးအိတ်ကို ကိုယ်တိုင်သယ်ပြီး ခြေလျှင်ခရီး စပါပြီ။ ထူးဖောင်ဒေးရှင်းက ဆောက်ပေးထားတဲ့ တောတောင်ထဲက စခန်းလေးတွေမှာ ညအိပ်အနားယူခဲ့တယ်။ ပျဉ်ထောင်ကာ အဆေက်အဦးရဲ့ နံရံအချို့ကို ခွာပြီး ဖျက်ဆီးထားကို တွေ့တော့ တော်တော် စိတ်မကောင်းဖြစ်မိတယ်၊ အရိပ်နေနေ အခက်ခက် ချိုးချိုးဆိုတာ ဒီလို လူမျိုးကို ပြောတာ ဖြစ်မယ်လို့ တွေးလိုက်မိသေးတယ်။ မြန်မာနိုင်ငံရဲ့ အခြားဒေသက ကျွန်းသစ်တွေကို ရေခဲတောင်မှာ ခက်ခက်ခဲခဲသယ်ပြီး ဆောက်ထားတာပါ။ ထူးဖောင်ဒေးရှင်းက ကျွန်းသစ် အလကား ရထားနိုင်ပေမယ့် တောင်ပေါ်ကို ရောက်အောင် သယ်ပေးထားတဲ့ ဒေသခံလူတွေရဲ့ လုပ်အားကို တန်ဖိုးထားသင့်တယ်လို့ ယူဆတယ်။ အမှန်တကယ် ပင်ပန်းနေတဲ့ အချိန်မှာဆိုရင် တောင်ပေါ်မှာတော့ ခြေတစ်လှမ်းက ကုဋေတစ်သန်းပါပဲ။ ကိုယ်တိုင်တက်ဖူးမှ သိတာ။ ဒါပေမယ့် အခုတစ်ခေါက်တော့ တောင်တက်လမ်းကြောင်းကိုလည်း အရင်တက်ဖူးတဲ့ အတွေ့အကြုံရ ပိုပြီး နားလည်လာတာကြောင့် အေးအေးဆေးဆေး စကားတပြောပြောနဲ့ ရှူခင်းကြည့်ရင်း ဖြည်းဖြည်းပဲ တက်လာခဲ့ကြတယ်။ ဒါကြောင့်လည်း လမ်းခရီးမှာ ပင်ပန်းတယ်လို့တောင် မထင်လိုက်ရပါဘူး။ နောက်ကျတာတို့ လမ်းမှားတာတို့ ဖြစ်ရင်တောင် ကိုယ်ဘာသာ စခန်းချပြီး နားနိုင်အောင် လက်နှိပ်မီး၊ စားစရာ၊ ရေ၊ အနွေးထည်၊ မိုးကာအင်္ကျီတို့ကို ကျောပိုးအိတ်ထဲမှာ အမြဲအဆင်သင့် လုပ်ပြီး တပါတည်း သယ်ထားတယ်။ စခန်းရောက်လို့ ညအိပ်ယာဝင်မှပဲ ခြေထောက်တွေ ညောင်းနေလို့ ထွန်းရွှေဝါလိမ်းပြီး အိပ်ရတယ်။ အတူပါလာတဲ့ ဒေသခံရဝမ်သူငယ်ချင်းတွေကတော့ တောင်ဆိတ်ဆီဆိုတဲ့ ဗူးလေး ထုတ်ပြီး လိမ်းနေတယ်။ ဟာ.. မင်းတို့ တောင်ဆိတ်ဆီက အစစ်လား.. ဘယ်က ရတာလဲ..လို့ မေးကြည့်တော့.. အောက်ပိုင်းက လာတာလေ.. တဲ့..  .. ဒါပေမယ့် စခန်း(၃) မရောက်ခင်မှာ သူတို့က ရှေ့က သွားတာဆိုတော့ တောင်ဆိတ်အထီး တစ်ကောင် တွေ့လိုက်တယ်တဲ့..
တောင်ထိပ်ရောက်ခါးနီးမှာ ခါကာဘိုရာဇီရေခဲတောင်လို့ ယူဆရတဲ့ ရေခဲတောင်အမြင့်ကြီးတွေကို ရာသီဥတုကြည်လင်နေတုန်းလေးမှာ ခဏ မြင်လိုက်ရသေးတယ်။ ရန်ကုန်မှာ သဗ္ဗညုပုထိုးတော်ကြီးကို အဝေးကနေ မြင်ရသလိုပဲ ဖြူဖြူဖွေးဖွေး ချွန်ချွန်တောင်ကြီးကို လှမ်းမြင်နေရတယ်။ တောင်တန်းတွေအပေါ်မှာ ထူးကဲပြီး ချွန်ထွက်နေတဲ့ ရေခဲတောင်ဖြူဖြူကြီး။ ပတ်ဝန်းကျင် ဘယ်ကိုပဲ ကြည့်ကြည့် ရေခဲတောင်တန်းတွေအပြည့်ပါပဲ။ ပေ ၁၄၄၀၀ လောက်မြင့်တဲ့ ဖုန်ရင်တောင်ထိပ်အထိတက်ဖို့ စီစဉ်ထားပေမယ့် တောင်ထိပ်ကို မရောက်ခဲ့ပါဘူး။ တောင်ထိပ်မှာ ရေကန်ရှိတယ်.. အခုချိန်ဆို အဲဒီရေကန်လည်း ရေခဲနေပြီး ခဲနေတဲ့ ကန်ရေပြင်ပေါ်ကနေ လမ်းလျှောက်သွားရမယ်..၊ ဒီကန်က မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးရေကန်ဖြစ်လိမ့်မယ်လို့ စိတ်ကူးရင်နေပေမယ့် မရောက်ဖြစ်တော့ဘူး။ စိုစွတ်နေတဲ့ ကျောက်တုန်းတွေ၊ စီးနေရင်း ခဲသွားတဲ့ ပြောင်ချောနေတဲ့ ရေခဲပြင်တွေ၊ မတ်စောက်လွန်းတဲ့ တစ်ချက်မှားလိုက်တာနဲ့ ပြန်လမ်းမရှိတဲ့ တောင်စောင်းတွေ၊ ချော်ကျသွားရင်တောင် လှမ်းဆွဲစရာ ချုံပုတ်၊ သစ်ပင် သစ်ကိုင်းမရှိတဲ့ ရေခဲတောင်စောင်းတွေ။ တောင်ထိပ်ရောက်ဖို့ နာရီဝက်လောက်အလိုမှာ ရေခဲတွေ ကျလာတာကြောင့် ပတ်ဝန်းကျင်ကို ကောင်းကောင်းမမြင်ရတော့ပါဘူး။ တောင်ထိပ်ကို ဝိုးတဝါးမြင်နေရပေမယ့် ပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျနော်တို့ရဲ့ ရေခဲတောင်တက်လမ်းပြကတော့ ဆရာတို့ဆက်တက်မယ်ဆိုရင် နာရီဝက်လောက်ပဲ လိုတော့တယ်၊ ကျနော်တို့တက်မယ်ဆိုရင်တော့ ငါးမိနစ်လောက်ပဲ တက်ဖို့ လိုတော့တယ်.. တဲ့…။ ရေခဲကျလို့ အပြန်လမ်းတွေ ဖုံးသွားပြီး လမ်းမှားမှာ စိုးရိမ်ရတယ်.. တဲ့။
ဧဝရတ်တောင်၊ ခါကာဘိုရာဇီတောင်တက်တဲ့သူတွေ တောင်ထိပ်ရောက်ခါနီးပေမယ့် ရာသီဥတု၊ ကျန်းမာရေး စတဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်ပြန်လှည့်ကြပြီး နောက်နှစ်မှာ နောက်တစ်ခေါက် ထပ်တက်ဖို့ စီစဉ်ကြတယ် ဆိုတာကို အခုကိုယ်တိုင် ကြုံမှပဲ ကိုယ်ချင်းစာမိတော့တယ်။ လူ့အသက်ထက် တန်းဖိုးကြီးတာ ဘာမှ မရှိဘူးလေ။ စွန့်စားပြီးတက်လိုက်လို့ အသက်ဆုံးရှုံးသွားရင် နောက်နှစ် ပြန်တက်ဖို့တောင် အခွင့်အရေးမရှိဘူး ဖြစ်သွားမယ်။ ဒါပေမယ့် စနစ်တကျစီစဉ်ပြီး ကြိုစားမယ်ဆိုရင်တော့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်လည်း ခြေဖဝါးအောက် ရောက်ရတာပါပဲ။
နောက်တစ်ခါတက်ရင်တော့ တောင်တက်ဂီယာ အပြည့်အစုံ(ကြိုး၊ ချိတ်၊ ရေခဲဖိနပ်၊ ရေခဲဦးထုပ်)နဲ့ ထပ်တက်မယ်လို့ ကြုံးဝါးထားလိုက်တယ်။ 
အခုမှ စပြီး ရေခဲတောင်တက်မယ့် အပျော်တမ်းတောင်တက်သမားတွေအနေနဲ့ကတော့ အမြင့်ပေ ၁၁၉၂၀ ရှိတဲ့ ဖုန်ကန်ရာဇီက ပိုပြီးသင့်တော်တယ်လို့ ထင်မိတယ်။ ဖုန်ရင်ရာဇီတောင်တက်လမ်းက ပိုပြီး မတ်စောက်တာကြောင့် ဖုန်ကန်ရာဇီတက်ပြီးတဲ့ အတွေ့အကြုံရှိရင်တော့ ဖုန်ရင်ရာဇီကိုလည်း တက်ဖို့ရာ အဆင်သင့် ဖြစ်ပါပြီ။ ကြိုးစားမှူ၊ ကြံ့ခိုင်မှူသာရှိမယ်ဆိုရင် ဘယ်သူမဆို တောင်ကြီး ဖဝါးအောက်ပါပဲ။ ဘယ်တောင်ကိုပဲ တက်သည်ဖြစ်စေ အဲဒါတွေထက် ပိုပြီး အရေးကြီးတာကတော့ လမ်းခရီးမှာ ကျန်းမာရေးနဲ့ ကိုက်ညီပြီး အာဟာရဖြစ်အောင် ချက်ပြုတ်ကျွေးမယ့် ထမင်းချက်သမားရယ်၊ ရေခဲတောင်ရဲ့ အလှအပတွေကို လမ်းညွန်ပြသရင်း ဘေးအန္တရာယ်ကင်းကင်းနဲ့ ခရီစဉ်ကို လမ်းညွှန်ပြသပေးမယ့် ရေခဲတောင်လမ်းပြ ရှိနေဖို့ပါပဲ။ အဲဒီနှစ်ခုပြည့်စုံပြီး ကိုယ်တိုင်ကလည်း ကျန်းမာသန်စွမ်းမယ်ဆိုရင် ဘယ်တောင်ကိုပဲ တက်တက် အဆင်သင့်ပါပဲ … 💪🏼
ဖုန်ရင်ရာဇီ ရေခဲတောင်ခရီးစဉ်အတွက် လိုအပ်တဲ့ ကူညီမှူ၊လမ်းညွှန်မှူတွေပေးတဲ့ … Moe Min Thein Putao ကို ကျေးဇူးအထူးတင်ပါတယ်။ အေးစိမ့်နေတဲ့ မိုးရေထဲမှာ သောက်ခဲ့ရတဲ့ ကိုမိုးမင်းသိန်းရဲ့ ပူပူနွေးနွေး ဂျင်းဖျော်ရည်တစ်ခွက်ကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး … ☕️
ရန်ကုန်-ပူတာအို လေယာဉ်လက်မှတ်တွေ စီစဉ်ပေးတဲ့ Travel Queen Ticketing Agency က မစုဝေ Su Wai ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ Discount ပေးတဲ့အတွက်လည်း ကျေးဇူးပါ.. 
နောက်ထပ် ကျေးဇူးတင်တာကတော့ လမ်းခရီးမှာ အစအဆုံးကူညီပေးကြတဲ့ ဒေသခံရဝမ်တိုင်းရင်းသား မိတ်ဆွေတွေပါပဲ။
xxxxxxxxxx
ရေခဲတောင်တက်ချင်တဲ့ မိတ်ဆွေတွေအတွက် ထပ်ဖြည့်လိုက်တာပါ..
အက်ဖ်အေကျူ ပေါ့ .. 
၁- ပူတာအိုအနီးက ရေခဲတောင်ကို ဘယ်အချိန်မှာ တက်ရမလဲ..
- နှစ်စဉ် ဒီဇင်ဘာကနေ မေလ အထိ အဆင်ပြေတဲ့ အချိန်မှာ တက်ပါ။ ရေခဲရှိပါတယ်။ သင်္ကြန်ပိတ်ရက်မှာ အပူရှောင်ဖို့ ရေခဲတောင် သွားတက်သင့်ပါတယ်.. 
၂- ဘယ်ရေခဲတောင်ကို တက်သင့်လဲ
- မိန်းကလေးတွေဆိုရင်တော့ ဖုန်ကန်ရာဇီက ပိုသင့်တော်ပြီး ယောက်ျားလေးတွေကတော့ ဖုန်ရင်ရာဇီလည်း တက်နိုင်ပါတယ်။ အခြားရေခဲတောင်တွေလည်း အများကြီး ရှိပါသေးတယ်၊ အခြားတောင်တွေကတော့ ပိုဝေးပြီး ပိုလည်း မြင့်ပါတယ်။ မိမိတို့နဲ့ ချိတ်ဆက်မယ့် ဝန်ဆောင်မှူ ပေးမယ့်သူကို အသေးစိတ် ထပ်မေးပါ။
၃- ရေခဲတောင်တက်ဖို့ သက်ဆိုင်ရာရဲ့ ခွင့်ပြုချက် လိုသေးလား..
- မြန်မာနိုင်ငံသားတွေအတွက်ကတော့ မလိုပါဘူး
၎- ပိုက်ဆံ ဘယ်လောက် ကုန်မှာလဲ..
- မိမိတို့ အဖွဲ့မှာ ပါတဲ့ လူဦးရေပေါ်မှာ မူတည်ပြီး ဝန်ဆောင်ခ ဈေးနှုန်းက အတိုးအလျော့ ရှိပါတယ်... မိမိနဲ့ ချိတ်ဆက်တဲ့ ဝန်ဆောင်မှူအဖွဲ့အပေါ် မူတည်ပါတယ်။
တစ်ယောက်ကို ခန့်မှန်း ၇ သိန်းကနေ ၁၁ သိန်း အထိ ကုန်နိုင်ပါတယ်.. ဒါက ပူတာအိုကနေ ရေခဲတောင်အထိ အသွားအပြန်ပါ.. 
ရန်ကုန်၊ မန္တလေးကနေ ပူတာအိုအထိလာဖို့ကတော့ မိမိဘာသာ စီစဉ်ခဲ့ရမှာပါ.. ကြိုတင်မစီစဉ်လို့ အပြန်လေယာဉ်လက်မှတ် မရရင်တော့ ပူတာအိုမှာ နွားကျောင်းဖို့သာ ပြင်ထားပါ.. 
၅- ပူတာအိုကို ဘာနဲ့ သွားရမလဲ။
- အချိန်ကုန် သက်သာအောင်၊ လူပင်ပန်းသက်သာအောင် လေယာဉ်နဲ့ သွားပါလို့ပဲ အကြံပြုပါတယ်။ မြစ်ကြီးနားအထိ ရထားနဲ့ သွားပြီး မြစ်ကြီးနားကနေ ပူတာအိုကို ကားနဲ့ သွားရင်လည်း ရပါတယ်။ ရထားလမ်းပျက်လို့ ကားလမ်းပျက်လို့ရှိရင်တော့ အချိန်မခန်းမှန်းနိုင်လောက်အောင် ကြာတာမို့ အားမပေးပါဘူး။ ရန်ကုန်-ပူတာအို မိုင် ၁၂၀၀ ကျော် အကွာအဝေးကို လေယာဉ်လက်မှတ်က တစ်သိန်း သုံးသောင်းဝန်းကျင်ဆိုတော့ တစ်မိုင်ကို တစ်ရာကျော်ပဲ ကျလို့ တန်ပါတယ်။ 
လေးကြောင်းလိုင်း တစ်ခုနဲ့ တစ်ခု ဈေးနှုန်း မတူတာကြောင့် လက်မှတ်ဈေးနှုန်း အတိအကျ သိချင်ရင် ကျနော့်အတွက် ပူတာအို လက်မှတ်တွေ စီစဉ်ပေးတဲ့ Travel Queen (https://www.facebook.com/majestictravelqueen) မှာ စုံစမ်းနိုင်ပါတယ်။
၆- ပူတာအို ရောက်ရင် ဘယ်လိုလုပ်ရမလဲ..
- မိမိနဲ့ ချိတ်ဆက်ထားတဲ့ ခရီးသွား ဝန်ဆောင်မှူအဖွဲ့က လေဆိပ်ကို လာကြိုမှာပါ။
၇- ပူတာအိုမှာ ဘယ်မှာ တည်းရမလဲ..
- မိမိရဲ့ ဘက်ဂျက်အပေါ်မှာ မူတည်ပြီး ကြိုက်တဲ့ နေရာ တည်းလို့ ရပါတယ်.. ထဝမ်ရာဇီ တည်းခိုခန်း၊ ပူတာအို ထရက်ကင်းဟောက်စ်၊ ဟိုတယ်ပူတာအို၊ မလိခလော့..၊ တစ်ရက်စာအခန်းခ ဈေးနှုန်းတွေကတော့ ၃သောင်း ၅သောင်း ၆ သောင်း ၈သောင်း.. သိန်းဂဏန်းအထိ အစားအစားပါပဲ..
(ကျနော်ကတော့ သူငယ်ချင်းတည်းနေတဲ့အိမ်ကို သူငယ်ချင်းရဲ့ ဧည့်သည်အနေနဲ့ အခမဲ့ သွားတည်းတာပါ..  )
၈- ရေခဲတောင်တက်ရင် လမ်းမှာ ကျွတ်တွေ မျှော့တွေရှိလား.. 
- ရှိပါတယ်၊ ကိုက်မှာပါ၊ ခြေထောက်ကို ပရုပ်ဆီလိမ်း၊ ခြေအိပ်ရှည် ဝတ်ထားရင် မကိုက်ပါဘူး။
၉- ဘာတွေ ကြိုတင်ပြင်ဆင်ဖို့ လိုလဲ..
- ဘယ်အရာမဆို ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ပါပဲ။ တောင်မတက်ခင် နှစ်လခန့်က စပြီး ကျန်းမာရေးကို ဂရုစိုက်ပြီး အနည်းဆုံးတော့ တစ်ပတ်ကို တစ်ကြိမ် နှစ်ကြိမ်လောက် လမ်းလျှောက်တာ အပြေးလေ့ကျင့်တာ လုပ်ထားသင့်ပါတယ်။ ကျန်တဲ့ အားကစား တစ်ခုခုကို လိုက်စားပြီး ကျန်းမာနေတဲ့ သူအဖို့ကတော့ ဘာမှ ထူးပြီး ပြင်ဆင်ဖို့ မလိုပါဘူး။
၁၀- ရေခဲတောင် တက်ရင် အချိန် ဘယ်လောက် ကြာမှာလဲ၊ ဘယ်နှစ်ရက်လောက် ကြာမှာလဲ..
- ကြာချိန်ကတော့ မိမိတို့ ရွေးချယ်တဲ့ တောင်အပေါ်မှာ မူတည်ပါတယ်၊
ဖုန်ကန်ရာဇီဆိုရင် အနည်းဆုံး ၉ ရက် လောက် လျာထားသင့်တယ်
ဖုန်ရင် ရာဇီဆိုရင် အနည်းဆုံး ၁၂ ရက် လောက် လျာထားသင့်တယ်
ပူတာအိုအနီးအနား လည်ပတ်ဖို့နဲ့ အနားယူဖို့ ၃ ရက်လောက်နဲ့ ပေါင်းရင် အနည်းဆုံး ၁၅ ရက်လောက်တော့ ကုန်ပါမယ်။
၁၁- အခြား ဘာတွေ ပြင်ဆင်သင့်သေးလဲ..
- ခရီးသွား အသက်အာမခံ ဝယ်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။
၁၂- ရေခဲတောင်ကို ခရီးသွားဝန်ဆောင်မှူကို မအပ်ဘဲ ကိုယ့် အစီအစဉ်နဲ့ကိုယ် သွားလို့ မရဘူးလား..
- ရပါတယ်။ တောထဲမှာ ဘယ်လို စားမလဲ၊ ဘယ်လို အိပ်မလဲ၊ တောင်ပေါ်မှာ ဘယ်လို ထင်းရှာပြီး ဘယ်လို ချက်စားမလဲ.. တောင်ပေါ်တက်ဖို့ လမ်းသိလား၊ စခန်းချတဲ့ နေရာမှာ စိမ့်စမ်းရေက အနီးဆုံး ဘယ်နားမှာ ရနိုင်လဲ.. ဒါတွေ သိရင်တော့ ကိုယ့်ဘာသာ တက်သင့်ပါတယ်။
၁၃- ဝန်ဆောင်မှူ ပေးတဲ့ သူကို အပ်လိုက်ရင် ဘာတွေ စီစဉ်ပေးမှာလဲ..
- ဝန်ဆောင်မှူ ပေးတဲ့သူက
လေဆိပ်ကို လာကြိုပေးပါမယ်..
တည်းခိုမယ့် နေရာကို လိုက်ပို့ပေးပါမယ်..
ရေခဲတောင်ကို တာဝန်ယူပြီး လိုက်ပို့ပါမယ်..
တောင်တက်လမ်းမှာ ကျန်းမာရေးနဲ့ ညီညွတ်အောင် ချက်ပြုတ်ကျွေးမွေးပါမယ်..
တောင်တက်လမ်းမှာ အိပ်ဖို့ တဲ အဆင်သင့် လုပ်ပေးပါမယ်..
(တောထဲမှာဆိုတော့ ဖိုက်စတားတော့ မဟုတ်ပါဘူး)
ကြိုတင်စီစဉ်ထားတဲ့ အထမ်းသမားတွေက ပစ္စည်းတွေ ကူသယ်ပေးပါမယ်..
ဒါပေမယ့် မိမိရဲ့ တစ်ကိုယ်ရေသုံး ပစ္စည်းတွေကိုတော့ မိမိတို့ ကိုယ်တိုင် သယ်ရမှာပါ။
၁၄- ရေခဲတောင်တက်ချင်ရင် ပူတာအိုက ဝန်ဆောင်မှူ ပေးတဲ့ ဘယ်သူ့ကို ဆက်သွယ်ရမလဲ..
- ကျနော်နဲ့ ဆက်သွယ်ဖူးတဲ့ ကိုမိုးမင်းသိန်းကို Moe Min Thein Putao ဆက်သွယ်ပါလို့ အကြံပြုပါတယ်၊ အခြားဝန်ဆောင်မှူပေးတဲ့ သူတွေ ရှိပေမယ့်၊ ဝန်ဆောင်မှူ ကောင်းလား မကောင်းလားဆိုတာ မသိလို့ပါ။ ကိုမိုးမင်းသိန်းဆီမှာတော့ စနစ်တကျ လေ့ကျင့်ထားတဲ့ ထမင်းချက် အဖွဲ့တွေ ရှိတယ်၊ ရေခဲတောင်ကို အကြိမ်များစွာ သွားဖူးတဲ့ လမ်းပြတွေ ရှိတယ်၊ လမ်းခရီးမှာ ဆောင်ရန် ရှောင်ရန် မှတ်သားရန် စသည်တို့ကို ပြောပြပေးနိုင်ပါတယ်။ ဈေးနှုန်း နဲ့ ခရီးစဉ် အသေးစိတ်ကို သိချင်ရင် သူ့ကို ဆက်သွယ်ပြီး မေးကြပါလို့ အကြံပြုပါတယ်..
၁၅- ပူတာအိုဒေသမှာ တိုက်ပွဲတွေ မရှိဘူးလား..
- ပူတာအိုနဲ့ ရေခဲတောင်သွားရာ လမ်းတစ်လျှောက်မှာတော့ မရှိပါဘူး။ သွားမယ့်အချိန်မှာ မိမိတို့နဲ့ ချိတ်ဆက်တဲ့ ဝန်ဆောင်မှူပေးတဲ့ သူဆီမှာ အသေးစိတ်စုံစမ်းပြီးမှ သွားဖို့ အကြံပြုပါတယ်.. ဒါမှမဟုတ် များများ အပြေးလေ့ကျင့်ထားပါလို့ မှာလိုက်ပါရစေ.. 😝
၁၆- အခုလို ကြော်ငြာပေးတာ ကွီးက ပွဲစားခ ရလို့လား..
- တစ်ပြားမှ မရပါဘူးဗျာ.. မြန်မာနိုင်ငံထဲမှာ အခုလို သာယာလှပတဲ့ ရေခဲတောင်တန်းတွေ ရှိတယ်ဆိုတာ သိစေချင်လို့၊ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ခံစားတတ်တဲ့သူတွေ သွားရောက်လည်ပတ်နိုင်ဖို့ အခမဲ့ ကြော်ငြာပေးနေတာပါ.. မက်ဆင်ဂျာကနေ ခဏခဏ မေးကြလွန်းလို့ အခုလို အက်ဖ်အေကျူလုပ်ပြီး စုပေါင်း ပြန်ဖြေလိုက်တာပါ.. 

No comments:

Post a Comment