“ ကိုရင်ငပိန် ”
========(ချောအိမာန်-မန္တလေး)
========(ချောအိမာန်-မန္တလေး)
ဒီနေ့ မိုးတွေက မှိုင်းနေတာ နေတောင်မပွင့်ဘူး။ ရာသီဥတုကလည်း ဒီနောက်ပိုင်းဆို ပိုအေးလာတော့မယ်။ ဗီရိုထဲမှာ အခင်းတွေရှိသလို ခြုံထည်စောင်တွေ ရှိသေးတယ်။ ထုတ်ထားဦးမှ။ ဒီညတော့ ဒီအတိုင်းကျိန်းလို့မဖြစ်ဘူး။ ဟိုတစ်နေ့ကတောင် စောင်မခြုံမိလို့ လက်ဖျံတစ်ခုလုံး အေးစက်နေတာ။ တွေးရင်းပဲ မနှစ်က မယ်တော်ကြီးလှူထားတဲ့ တဘက်ချည်စောင်ကြီးကို ထုတ်ဖို့ သတိရမိတယ်။
“ ဆရာတော် ဆရာတော် ”
“ ကိုယ်တော် အမောတကောနဲ့ ဘာလဲ ”
“ ဟို ကိုရင်ငပိန်လေ ပြောစကားနားမထောင်ပြန်ဘူးဘုရား ”
“ ဟေ ဘာဖြစ်ပြန်ပြီတုံး ”
“ တစ်ခါတုန်းက တီဗီခိုးကြည့်တယ်…..အခု ထမင်းတွေခိုးထားတာ တွေ့တယ် ”
“ ဟေ ဟုတ်လား….. ဘယ်လိုတွေ့တာတုံး ”
“ ကြွပ်ကြွပ်အိတ်နဲ့ အထပ်ထပ်ထုပ်ပြီး ကျောင်းအောက်က ၀ါးလုံးတန်းတွေ ထိုးထားတဲ့အထဲမှာ ညှပ်ထားတာဘုရား….တပည့်တော် မသင်္ကာလို့လိုက်ကြည့်တော့ တွေ့တာပဲ….ဆရာတော်မဟုတ်ရင် တပည့်တော်တို့ကို မကြောက်ဘူး ဘုရား ”
“ ဒီကိုရင်ငပိန်နဲ့တော့ ခက်ပါတယ် ”
“ ဒီကိုရင်ကြောင့် အခြားစာလာသင်ယူနေကြတဲ့ ကိုရင်တွေပါ ပျက်စီးတော့မှာပဲ ”
“ ဟုတ်တာပေါ့လေ…..ကဲ ကိုယ်တော်…..ကိုရင်ငပိန်လွှတ်လိုက်…..ဆရာတော် ခေါ်နေတယ်လို့ ”
“ တင်ပါ့ဘုရား….တပည့်တော် သွားပါဦးမယ် ”
“ အေး….အေး ”
ငပိန် ငပိန်။ ဒီအမည် နာမကလည်း သူတို့ကိုရင်အချင်းချင်း ပေးလိုက်ကြတာနဲ့ ကိုယ်တော်ကိုယ်တိုင် ငပိန်လို့ပဲ ခေါ်မိနေတဲ့အဖြစ်။ နာမည်အရင်းကတော့ ပြောတော့ပြောသွားပါရဲ့။ မမှတ်မိတော့ဘူး။ ကျောင်းရောက်ခါစ မြင်ကွင်းကို မှတ်မိနေသေးတယ်။ မည်းညစ်နေတဲ့ စွပ်ကျယ်ချိုင်းပြတ် ခပ်ရွဲရွဲ ခပ်ပြဲပြဲကြားက မည်းပိန်ညစ်နေတဲ့ လက်ဖျံလေးတွေဟာ ကျူရိုးလေးလား အောက်မေ့ရတယ်။ ပုဆိုးက ၀တ်ထားတဲ့နေရာမှာ လုံးပြီး ကြီးနေသေး။ မနိုင်တနိုင့်။ ပုဆိုးတောင် ကျွတ်ကျလိုက်သေးတယ်။ လူက ငယ်ငယ်။ အင်း…. ခုနှစ်နှစ်ဝန်းကျင်ပဲ ရှိသေးတယ်။ ဆံပင်တွေဆိုတာ ရွှံ့ခဲတွေတောင် ကပ်နေသေးတယ်။ ရွာမှာ ကျွဲကျောင်းတာဆိုပဲ။ ကျွဲနဲ့အပြိုင် ရွှံ့လူးနေခဲ့ပုံရတယ်။ အသားအရေကလည်း မည်းပိန်ခြောက်ကပ်နေတာ။ ရွာမှာ အဖေက အရက်သမားစစ်စစ်။ ရေမရောဘူး။ တွေ့ကရာ ထိုးအိပ်နေတာ။ အမေက နောက်အိမ်ထောင်ပြုသွားတော့ ဒီငပိန်ကို ဘယ်သူမှ ကြည့်ရှုစောင့်ရှောက်မယ့်သူ မရှိဘူး။ သူတို့ရွာက မိန်းမက ကြီးဒေါ်မြတဲ့။ သူ လိုက်ပို့တာ။ ဒီကျောင်းရောက်တဲ့ ကလေးတွေအားလုံး အကုန် ကိုရင်ဝတ်၊ သင်္ကန်းဆီးပေးတယ်။ စာသင်ပေးတယ်။ ငပိန်က ဘယ်ဝတ်ချင်လိမ့်မလဲ။ ဒါပေမယ့် ထမင်းစားစရာနေရာဆိုလို့ သူ့အတွက် ဒီနေရာပဲရှိတယ်။ ဒါကြောင့် သူ ကိုရင်ဝတ်ရတယ်။ ကိုရင်ဝတ်မှ ထမင်းစားရမယ်လို့ ငပိန် နားလည်ထားတယ်။ သူက ပြဿနာလေးတွေတော့ အမျိုးမျိုးရှာလာတတ်တယ်။ ရောက်စကတော့ ကုပ်ချောင်းကုပ်ချောင်းနဲ့ ။ အခု ကျောင်းကိုရောက်တာ သုံးနှစ်ကျော်ရှိပြီဆိုတော့ ကျောင်းပါးဝလာတယ် ခေါ်မလား။ ကျုပ်ကလွဲရင် ဘယ်သူ့ကိုမှ သိပ်မကြောက်ဘူး။ သူတို့တွေကို ကိုယ်ချင်းစာစိတ်နဲ့ ငဲ့ညှာတာကို ကမ်းတက်ချင်လာတာလား။ ဟင်း….။
“ ဆရာတော် တပည့်တော် ရောက်ပါပြီဘုရား ”
“ ကိုရင်ငပိန် အပြစ်သိတယ်နော် ”
“ တင်ပါ့ ”
“ မနက်ဖြန်မနက် ကိုရင်တွေအားလုံးရှေ့မှာ မတ်တတ်ရပ်ပြီး အော်ရမယ်…ပြီးရင် နားရွက်ဆွဲ ထိုင်ထ ငါးဆယ်လုပ်ရမယ်….ကြားလား ”
“ ကြားပါတယ်ဘုရား ”
“ လိုက်မှတ် ”
“ တင်ပါ့ဘုရား ”
“ ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက်တွင် ၀ှက်ထားမိပါတယ်….နားရွက်ဆွဲ ထိုင်ထ အခါငါးဆယ်လုပ်ရမယ် ”
“ မှတ်မိလား….ပြန်ဆို ”
“တင်ပါ့ဘုရား ”
“ အခုတစ်ခါတော့ နောက်ဆုံးအကြိမ်….ဒီလောက်နဲ့ သက်ညှာပေးလိုက်မယ်….သွားတော့ ”
ကိုရင်ငပိန် ထွက်သွားတော့မှ မယ်တော်ကြီးစောင်ကိုထုတ်ရင်း သတိရမိတဲ့အကြောင်းအရာ ပေါ်လာတယ်။ ကိုရင်ငပိန်တို့လို ဆယ်နှစ်ကျော် အရွယ်တွေ မဆိုထားနဲ့။ ကျုပ် ဆယ့်ခုနှစ်နှစ်သားမှာ ကျောင်းမှာ စာချကိုယ်တော်တောင်ဖြစ်နေပြီ။ အဲဒီအချိန်တုန်းက ဗိုက်က သိပ်ဆာတတ်တာ။ ဗိုက်ဆာလာရင် ဘာမှလုပ်လို့ကိုင်လို့ မရတော့ဘူး။ ကျောင်းမှာ ကိုယ်တော် လေးပါးလောက်ရှိတယ်။ ကျုပ်အရွယ်ပေါ့။ ဒီတုန်းကလည်း ဆရာတော်ကို တုန်နေအောင် ကြောက်ရတာပဲ။ အခုလို အမှားတစ်ခုခုလုပ်မိရင် ကျောင်းပေါ် စာသင်ကိုရင်တွေရှေ့ မှောက်ပြီး အပြစ်ခံရတယ်။ အရှက်ကွဲတာတော့ ပြောမနေနဲ့။ ကိုယ့်ထက်ငယ်တဲ့ ကိုရင်တွေရှေ့ကိုး။ နောက်ပြီး ထင်းခွဲရတယ်။ ရေခပ်ရတယ်။ အများထက် ပိုအလုပ်လုပ်ရတယ်။ ကျုပ်တို့တုန်းက ပဲခြမ်းကြော်ထုပ်လေးတွေကို ၀ယ်ပြီး သင်္ကန်းဝတ်တဲ့ထဲ လိမ်နေအောင် ကျစ်ထုပ်ထားတယ်။ အပြင်မှာဆိုရင် မမြင်အောင်၊ အသံမမြည်အောင် တစ်စေ့ချင်း အံနဲ့ကျိတ်ပြီး ခိုးစားကြတယ်။
နေ့လည် ဆွမ်းစားချိန်မှာ သပိတ်ထဲ ဆွမ်းတွေ ပိုထည့်ထားပြီး ကြွပ်ကြွပ်အိတ်လေးနဲ့ အသာထုပ်ထည့်ထားတယ်။ နောက်မှ အဲဒီအထုပ်လေးကို လစ်သလိုယူပြီး ကျောင်းနောက်က မြေကျင်းလေးတူးထားတဲ့အထဲမှာ သွားမြှုပ်ထားလိုက်ပြီး အပေါ်က သစ်သားသုံးပြားလောက် မမြင်ရအောင်အုပ်ထားတယ်။ ကျောင်းပတ်ဝန်းကျင်ကနေ ကြွက်များဆွဲသွားမလားလို့။ ညနေ မှောင်ရီရီမှာ ဆရာတော် လစ်ပြီဆိုရင် ကိုယ်တော်တစ်ပါးကို ကျောင်းနောက်ပေါက် ၀င်းထရံတွေ ပျက်နေတဲ့နားကနေ ထိုးထွက်ပြီး သိပ်မဝေးလှတဲ့ မပြားအိမ်က ငံပြာရည်နဲ့ငရုတ်သီးမှုန့် တစ်ကျပ်ဖိုး သွားဝယ်ခိုင်းရတယ်။ တစ်ခါတစ်လေ ငံပြာရည်မရရင် ဆားနဲ့ ပွဲပြီးသွားတတ်တယ်။ ငံပြာရည်နဲ့ ငရုတ်သီးကို သင်္ကန်းနဲ့ဝှက်ပြီး မသိမသာ ယူလာတဲ့ကိုယ်တော်က အချက်ပေးတယ်။ ကျုပ်တို့ ကိုယ်တော်နှစ်ပါးက ကျောင်းအောက် မသိမသာဆင်းပြီး နေ့ခင်းက ၀ှက်ထားတဲ့ ထမင်းထုပ်ကို မြေကြီးတွင်းထဲက ပြန်ထုတ်ကြတယ်။ အဲဒီကျင်းကလည်း ပြောရရင် အိမ်သာနဲ့ သိပ်မဝေးဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ အဲနောက်တော့ ခပ်မှောင်မှောင်ပဲ ငံပြာရည်နဲ့ ငရုတ်သီးမှုန့်ကို ထမင်းအိတ်ထဲ လောင်းချပြီး နယ်ဖတ်စားကြတော့တာပဲ။
အဲဒီလို နေ့စဉ်မဟုတ်ပေမယ့် လစ်ရင်လစ်သလို ခိုးစားနေကျ ဖြစ်နေတယ်။ ဆရာတော်ကလည်း မရိပ်မိဘူး။ သိသွားလို့ကတော့ ဘယ်ချောင်မလဲ။ ဆရာတော်က သိပ်စည်းကမ်းကြီးသလို အားလုံးကို ပညာတတ်ဖြစ်စေချင်တယ်။ အဲဒီလိုဆရာတော်ကို ကြောက်တဲ့ကြားကပဲ တစ်နေ့မှာ……။
ဒီတစ်ခါ ငံပြာရည်နဲ့ ငရုတ်သီးမှုန့်ဝယ်ရမှာ ကျုပ်အလှည့်။ ပိုက်ဆံတစ်ကျပ်တန်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မပြားအိမ်ကို ၀င်းထရံကြားကနေ တိုးထွက်ခဲ့တယ်။ မပြားက အဲဒီနေ့က စေတနာတွေပိုပြီး ပုစွန်ခြောက်မှုန့်နည်းနည်းတောင် ငံပြာရည်ထဲ ထည့်ပေးလိုက်သေးတယ်။ ဆရာတော်ကို ပြန်မတိုင်ဖို့ နှုတ်ပိတ်ခဲ့ရသေးတယ်။ ဆရာတော်သိလို့ကတော့ ခြေသလုံးနဲ့ကြိမ်လုံး မိတ်ဆက်ခံရဦးမှာ။ မပြားအိမ်က ပြန်လာတော့ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်က ကိုယ်လာတဲ့လမ်းကနေ မျက်နှာချင်းဆိုင် တည့်တည့်ကြီး လာနေတာ။ ဒုက္ခပဲ။ ဇောချွေးတွေ ပြန်လာရင်း လက်ထဲ ကိုင်လာတဲ့ ငံပြာရည်ထုပ်ကို ၀င်းထရံဘက် ထိုးချိတ်လိုက်တယ်။ တော်သေးတယ်။ ဆရာတော်က အဲဒီကိစ္စပြီးမှ ကျုပ်ကို မြင်သွားတာ။ ကိုယ်တော် ဒီဘက် ဘာလာလုပ်တာလဲမေးတော့ ကျုပ် မသိမသာ တုန်သွားတယ်။ ဒီနားခဏ လမ်းလျှောက်ထွက်တာပါဘုရားလို့ ကျုပ်ဖြေလိုက်တယ်။ ဆရာတော်က ဘာမှထပ်မပြောပေမယ့် မျက်နှာက သိပ်ကြိုက်ပုံမရဘူး။ ကျုပ်လည်း ခပ်ကုပ်ကုပ်နဲ့ ထွက်လာတာပေါ့။ ကျုပ်ကိုစောင့်နေတဲ့ ကိုယ်တော်တွေက ထမင်းထုပ်အဆင်သင့်နဲ့ ဗိုက်ဆာပြီး စောင့်နေကြတယ်။ ကျုပ်ပြောပြတော့ သက်ပြင်းချရင်း ဘယ်လိုလုပ်မလဲတဲ့။ ခဏနေတော့ ဆရာတော်ပြန်လာပြီး ကျောင်းပေါ်တက်သွားတာ တွေ့ရတယ်။
ကျုပ်ကလည်း ထပ်မသွားချင်တော့တာနဲ့ ကျုပ်တို့ထဲက နည်းနည်းငယ်တဲ့ ကိုယ်တော်ကို ၀င်းထရံမှာချိတ်ခဲ့တဲ့ ငံပြာရည်ထုပ်ကို သွားယူခိုင်းလိုက်တယ်။ ခပ်မှောင်မှောင်မှာ ကိုယ်တော်က မှောင်ရိပ်ထဲ ပျောက်သွားတယ်။ ကျုပ်ကလည်း ဆရာတော်ကို ချောင်းနေရတယ်။ ခဏနေတော့ ကိုယ်တော်က အထုပ်ကလေးဆွဲပြီး ကျုပ်တို့ဆီ သုတ်ခြေတင်လာတယ်။ ထမင်းထုပ်ကို ခါတိုင်းလိုပဲ မြေတွင်းထဲက ဖွက်ယူခဲ့ပြီး ခုနက ယူလာတဲ့ ကိုယ်တော်က ငံပြာရည်ထုပ်ကို ဖြေရင်း ထမင်းထုပ်ထဲ လောင်းထည့်လိုက်တယ်။ ကျုပ်တို့ကိုယ်တော်သုံးပါပေါ့ လက်ဆေးချိန်တောင် မရဘူး။ တစ်လုတ်၊ နှစ်လုတ်…..
“ ဟ…..ကိုယ်တော် ကိုယ်တော့်ငံပြာရည်နံ့က တစ်မျိုးကြီးပဲ ”
“ ဟုတ်တယ် ပုစွန်ခြောက်မှုန့်တွေများ ဖြူးလိုက်လို့လား ”
“ မဟုတ်ဘူး….အနံ့ကိုက ငံပြာရည်နံ့မဟုတ်သလိုဘဲ ”
“ ဟင် ဒါ….ဒါ ကွမ်းနံ့ရသလိုပဲ ”
“ ဟာ ဟုတ်တယ်…..ဒါ ကိုယ်တော် ဘယ်ဘက်ထရံက ဖြုတ်ခဲ့တာလဲ ”
“ ဟို မြောက်ဘက်ထရံကလေ ”
“ ဟာ ကိုယ်တော်ချိတ်ခဲ့တာ တောင်ဘက်ဝင်းထရံ…..ဟ ဒါဆို သွားပြီ….ဒါကြီးက ငံပြာရည်ထုပ်မဟုတ်ဘူး…..ကွမ်းနံ့ရနေတော့ ကွမ်းတံတွေးရည်တွေပေါ့…..အမလေး ”
“ ဝေါ့…….အော့ ဝေါ့ ”
“ ဒါကြောင့် ပါးစပ်ထဲ ချွဲပျစ်ပျစ်ဖြစ်နေပါတယ် အောက်မေ့တယ် ”
“ တော်ပါတော့…. ဝေါ့ ”
ကျုပ်ကလည်း အန်ချင်လိုက်တာ ပြောမနေပါနဲ့တော့။ ဆာနေတဲ့ ဗိုက်တောင် ဘယ်ရောက်သွားမှန်းမသိဘူး။ အဲဒီအဖြစ်ပျက်ကြောင့် ငံပြာရည်နဲ့ ထမင်း ခိုးမစားဖြစ်တာ ကြာသွားခဲ့တယ်။
အဲဒီတုန်းက ကျုပ်တို့တွေ ဆယ့်ခြောက်၊ ဆယ့်ခုနှစ်နှစ်တွေ။ စာချပုဂ္ဂိုလ်တွေဖြစ်နေပြီ။ မရရအောင် ခိုးစားခဲ့ကြတဲ့အကျင့်တွေကို သိနေတာမို့ ခုလို ငပိန်လုပ်တာလောက်တော့ ဘာဟုတ်သေးလို့လဲ။ ကျုပ်တို့တုန်းက ဆရာတော်ကြီး မမိသွားလို့၊ မိသွားရင် ခုလို ငပိန်ကို လုပ်ခိုင်းသလိုမျိုး နောက်မလုပ်ရဲအောင် ဒဏ်ခတ်ခံရမှာ။
ကျုပ်တို့ ထမင်းကို ကွမ်းတံတွေးရည်နဲ့ မှားစားမိတဲ့အဖြစ်ကို ပြန်တွေးမိလိုက်ရင် အခုချိန်ထိ ဆွမ်းစားပျက်တယ်။ ကျုပ်နဲ့ အတူစားခဲ့ကြတဲ့ ကိုယ်တော်တွေလည်း အခု နေရာအသီးသီးမှာ ဆရာတော်တွေဖြစ်နေပါပြီ။ ကျုပ်တို့တုန်းက စာပေကို လိုက်စားကြတော့ ၀ါသနာလည်းပါ၊ စိတ်လည်း ၀င်စားတော့ တော်ကြတယ်။ စာတတ်ပုဂ္ဂိုလ်တွေဖြစ်ကြတယ်။ အခုဟာက ငပိန်တို့လိုကလေးတွေ ကျောင်းမှာ အများကြီးပဲ။ စောင့်ထိန်းအုပ်ချုပ်မယ့်သူ မရှိတဲ့ကလေးတွေကို ကျုပ်ကျောင်းမှာ စာတတ်လေးတွေ ဖြစ်သွားစေချင်တယ်။ နောင် သူတို့ဘ၀ရပ်တည်ဖို့ပေါ့။ ကလေးတွေကတော့ ဘာမှမသိဘူး။ သိတဲ့ကလေးက သိတယ်။ အရွယ်စုံကိုး။ ဥာဏ်ရည်မြင့်မားတဲ့ ကလေးပါသလို၊ မမီတဲ့ကလေးလည်း ပါမှာပေါ့။ ငပိန့်လိုကလေးကျ သွန်သင်ရတာ နည်းနည်းခက်တယ်။ သူလုပ်ချင်ရာကို လုပ်တယ်။ ခဏခဏ တိုင်ခံရတယ်။ စာလည်း စိတ်မ၀င်စားဘူး။ ဟိုတစ်လောကလည်း ကလေးတွေ စာလာသင်ပြတဲ့ ဆရာမရဲ့ ခြင်းတောင်းထဲ ဖားပြုပ်ကြီးထည့်ထားလို့ ဆရာမမှာ တက်မတတ် ငယ်သံပါအောင် အော်တော့တာပဲ။ ငပိန်ကို ကြိမ်လုံးနဲ့ သုံးချက်ချပြီး အပြစ်ပေးတယ်။ ဒီလိုအပြစ်ပေးခံရတိုင်း စိတ်ညစ်စိတ်ပျက်ပြီး ရှက်ရကောင်းမှန်းလည်း မသိဘူး။
ဒီတစ်ခါတော့ မရတော့ဘူး။ ငပိန့်ကို ဘယ်လိုလုပ်မှ ရှက်မလဲဆိုတာကို စဉ်းစားမိပြီး သူ့ထက်ငယ်တဲ့ ကိုရင်တွေရှေ့ ထိုင်ထလုပ်လို့ အော်ခိုင်းလိုက်တယ်။ မှတ်ကရော။

××××××××××××××××××××××××××××××××××××××
“ ကိုရင်ငပိန် ဆွမ်းများကို ခိုးပြီး ကျောင်းအောက် ၀ှက်ထားမိပါတယ်။ နားရွက်ဆွဲ၊ ထိုင်ထ အခါငါးဆယ်လုပ်ရပါမယ် ”
“ တစ် ”
စာသင်ကျောင်းပေါ်က ငပိန့်အသံပါလား။ ကိုရင်တွေက တစ်၊ နှစ်၊ သုံး လုပ်ပေးနေတယ်။ ဒီလိုတော့လည်း ဟုတ်သား။ ဒါမှ မှတ်မှာ။ ခိုးခိုးခစ်ခစ် ရယ်သံတွေလည်း ကြားရတယ်။ မနေ့က စာချကိုယ်တော်တစ်ပါးကို ခေါ်ပြောထားလို့ သူက ဘေးကနေ ကြီးကြပ်ပေးနေတယ်။ ကျုပ်ကတော့ ကျုပ်ကျောင်းပေါ်ကနေ လှမ်းကြည့်ပြီး နားထောင်နေမိတယ်။
ငပိန့်အသံက ပထမတော့ အားနဲ့မာန်နဲ့။ နောက်တော့ တဖြည်းဖြည်း အသံပျော့လာတယ်။
“ လုပ် လုပ်….အသံက အော်လေ ”
ဘေးက စာချကိုယ်တော်က အော်တယ်။
“ လေးဆယ်….လေးဆယ့်တစ်….လေးဆယ့်နှစ်…. ”
တံခါးပေါက်နားကနေခွာရင်း မနက်ဖြန် ခရီးထွက်ရမှာမို့ ပြင်ဆင်မိတယ်။ ရှမ်းပြည်နယ်ဘက်ကို သုံးလေးရက်လောက် သွားရမယ်။ မရောက်တာ ကြာပြီမို့ တစ်ကြောင်း၊ ကျုပ်နဲ့ ထမင်းအတူတူ ခိုးစားခဲ့တဲ့ ကိုယ်တော်က ကြွဖြစ်အောင် ဆက်ဆက်ကြွပေးပါဆိုတာကြောင့် ကျုပ် သွားဖို့ဆုံးဖြတ်ခဲ့တယ်။ ကျောင်းကို ကိုယ်တော်နှစ်ပါးဆီမှာ သေချာအပ်ခဲ့တယ်။ ကိုရင်ငပိန်ကိုလည်း သေချာကြည့်ထားဖို့ ထပ်ဆင့်မှာရတယ်။ တော်နေ ကိုယ်သွားတုန်း တစ်ခုခု ဖြစ်သွားမှာစိုးလို့။
ရှမ်းပြည်နယ်ဘက် ခရီးထွက်ရတာ ကောင်းလှတယ်။ ပြင်ဦးလွင်မှာ မိုးသိပ်မရွာသေးဘူး။ ရှမ်းပြည်နယ်ဘက်တက်ရင် မိုးရွာနေမှာပဲလို့ ထင်ပေမယ့် ကျုပ်သွားတဲ့ရက်မှာ မိုးမရွာဘူးဆိုတော့ ပိုကောင်းသွားတယ်။ ကွတ်ခိုင်အ၀င် အောင်ချမ်းသာမှာ ကားရပ်တယ်။ ကားပေါ်က ဒကာတစ်ယောက်က ရှမ်းထမင်းကပ်တယ်။ ပူပူနွေးနွေးရှမ်းထမင်းက စားချင့်စဖွယ်။ ခေါင်းထဲမှာ ဖျတ်ခနဲ ကိုရင်ငပိန်ကို သတိရမိတယ်။ ဒီရှမ်းထမင်းနဲ့ ငပိန်ကို ကျွေးချင်စိတ်ပေါ်လာမိတယ်။ ဆွမ်းစားပြီး မြေပြင် ခင်းရောင်းနေကြတဲ့ သစ်သီး သီးနှံအစုံကို လျှောက်ကြည့်နေမိတယ်။ လမ်းတစ်လျှောက် ရာသီဥတုက သာယာတယ်။
ကွတ်ခိုင်ထဲမှာပဲ သိပ်မကြာခင်မှာ ကျုပ်မိတ်ဆွေ ကိုယ်တော့်ကျောင်းကို ရောက်ခဲ့တယ်။ တစ်ခါမှ မရောက်ဖူးတော့ နေရာစိမ်းတစ်ခုမှာ ကြည့်စရာတွေကလည်း အများကြီး။ ကိုယ်တော့်ကျောင်းကလည်း အလှူရှင်တွေ မဆိုးသလို စာသင်သားလည်း များတယ်။ နောက်နေ့ ကိုယ်တော်က ကျုပ်ကို မန်လွယ်မှာရှိတဲ့ ဓာတ်တော်ရှင် ကျိုက်ထီးရိုးစေတီတော်ကိုတောင် လိုက်ပို့သေးတယ်။ သဘာဝအရ ပေါ်ထွန်းနေတာဆိုတော့ ကြည်ညိုစရာကောင်းလိုက်တာ။ အဲဒီနားက နမ့်ဖက်ကာ၊ နမ့်ဖက်လွန်းတို့ ခိုမုန်း၊ ဆွမ်းလုံဆိုတဲ့ ရွာနာမည်တွေကလည်း လှမှလှပဲ။ လမ်းတစ်လျှောက်မှာတော့ တောင်ယာတွေ၊ တောင်စောင်းတွေ အများကြီးပဲ။ အပြင်ထွက်ခဲတဲ့ ကျုပ်ကို ခေါ်ခဲ့တဲ့ ကိုယ်တော့်ကိုလည်း ကျေးဇူးတင်မိတယ်။ ညပိုင်းတွေ မကျိန်းခင်မှာ စကားပြောရတာ၊ ရေနွေးကြမ်းသောက်ရတာ သိပ်အရသာရှိတာပဲ။ မှတ်မှတ်ရရ ကိုယ်တော်က စကားစပေးလို့ ထမင်းခိုးစားတဲ့အကြောင်းပြောပြီး အားရပါးရ ရယ်မောခဲ့ကြတယ်။
တကယ်တော့ ဒီလို အဖြစ်အပျက်တွေက ဘယ်လောက်အသက်တွေ၊ ၀ါတွေ ကြီးလာပေမယ့် ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ပါဘူး။
အဲဒီလိုနဲ့ပဲ ကျုပ်ဘ၀မှာ မေ့လို့မရနိုင်မယ့်အဖြစ်အပျက်တစ်ခု ထပ်ဖြစ်လာခဲ့တယ်။ ကျုပ် ကျောင်းကို ပြန်ရောက်လာတဲ့နေ့မှာပဲ ကိုယ်တော်က ကျုပ်ကို ဆီးပြောတယ်။ ကိုရင်ငပိန်ကို ဆေးရုံတင်ထားတယ်တဲ့။
ကျုပ် မျက်လုံးပြူးသွားတယ်။ မနေ့ကမှ တင်လိုက်တာတဲ့။ ကျုပ် ရှမ်းပြည်နယ် ထွက်သွားတဲ့ညက ကိုရင်ငပိန် ပျောက်သွားတယ်။ ဘယ်မှလည်း ရှာမရကြဘူးတဲ့။ မိုးတွေကလည်း တအားရွာတယ်။ မနေ့ကမှ ချောင်းအစပ်မှာ သတိလစ်ပြီး လဲနေတာတွေ့ခဲ့တယ်။ မိုးရေတွေကရွှဲ၊ တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေတာပဲ။ ဒါနဲ့ ဆေရုံ အမြန်တင်လိုက်ရတယ်တဲ့။
ဘုရား ဘုရား။ ဒီကလေး ဘာဖြစ်သွားတာပါလိမ့်လို့ အတွေးစိတ်ဝင်ရင်း ဆေးရုံကို ကိုယ်တော်နှစ်ပါးနဲ့အတူ ချက်ချင်းပဲ လိုက်လာခဲ့တယ်။
ဆေးရုံခုတင်ပေါ်မှာ ငပိန်ကို ပုလင်းချိတ်လျက် ဖြူဖျော့နေတာကို တွေ့ရတယ်။ ကိုရင်ငပိန့်လက်လေးကို ကျုပ် အသာလှမ်းကိုင်လိုက်တယ်။ နွေးတော့ နွေးမနေဘူး။ ဒါပေမယ့် အေးစက်နေတယ်။ မိုးထဲမှာ ဘယ်လောက်များ ကြာကြာနေခဲ့ပါလိမ့်။ အခုထိ သတိမရသေးဘူး။
ဆရာဝန်ကြီးနဲ့တွေ့တော့ အဆုတ်ကို တော်တော်အအေးပတ်သွားတယ်။ နောက် သူ့မှာ ငှက်ဖျားဓာတ်ခံရှိနေတယ်တဲ့။ ငှက်ဖျားလည်း ဖြစ်နေတယ်လို့ ဆရာဝန်ကြီးက ပြောသွားတယ်။ ကျုပ် တော်တော်စိတ်မကောင်းဘူး။ သူ ဘာဖြစ်လို့ ကျောင်းပြန်မတက်ဘဲ မိုးရေထဲမှာ နေခဲ့ရတာလဲ။ ကျုပ် အပြစ်ပေးတာ လွန်သွားပြီလား။ ကိုရင်ငပိန်ကို အရှက်မရှိ၊ မရှက်တတ်တဲ့ကလေးလို့ ယူဆထားတာ မှားများမှားသွားပြီလား။ အရမ်းများ ရှက်သွားလို့လား။ ကျုပ်ကို စိတ်ဆိုးသွားလို့လား။ အိုး…..အတွေးတွေ မွန်းကျပ်လာတယ်။
ငပိန် ကျန်းမာပြီး အမြန်သတိရလာဖို့ ဆုတောင်းမိတယ်။ ဒါပေမယ့် ကျုပ်ဆုတောင်း မပြည့်ခဲ့ဘူး။ နောက်တစ်နေ့ သတိလည်း လည်မလာသလို ကျုပ်လက်ပေါ်မှာတင် ဆုံးပါးသွားခဲ့တယ်။ သူ့ကိစ္စကို အကြောင်းကြားခဲ့ပေမယ့် ဘယ်သူမှမလာခဲ့ကြဘူး။ ကျုပ်လည်း တစ်ခါတလေ ပုထုဇဉ်လူသားဆိုတော့ ခံစားမိတယ်။ ကျုပ်စိတ်ထဲမှာ ငပိန့်ကို သတိရနေမိတယ်။ ငပိန့်ကိစ္စလေးကို သေသေချာချာ လုပ်ပေးခဲ့တယ်။
ဘုရားရှေ့မှာ အမျှဝေတိုင်း ကိုရင်ငပိန်ဟာ ဘုရားတပည့်တော်အပေါ် စိတ်တစ်ခုခုဖြစ်သွားတာဆိုရင် အားလုံး ကျေအေးခွင့်လွှတ်ဖို့ တောင်းဆိုမိတယ်။
တစ်နေ့တော့ ကိုရင်ငပိန်ထက်ငယ်တဲ့ ရှစ်နှစ်အရွယ် စာသင်သား ကိုရင်ပေါက်စလေးက ကျောင်းပေါ်တက်လာတယ်။ သူ့ပုံစံလေးက တုန်တုန်ရီရီနဲ့။
“ ကိုရင်လေး…. ”
သူ့ကို အငယ်ဆုံးလေးမို့ ကျုပ်က ကိုရင်လေးလို့ပဲခေါ်တယ်။
“ ကိုရင်လေး ဘာဖြစ်လာတာလဲ…..တုန်လို့…..နေမကောင်းဘူးလား ”
“ မဟုတ်ပါဘူးဘုရား….တပည့်တော် ဗိုက်အရမ်းဆာလို့ပါ ”
“ သြော် ”
“ ကဲ…..ကိုရင်လေး ဟိုကြောင်အိမ်ထဲမှာ ငှက်ပျောသီးတွေရှိတယ်….စား….၊ ဆွမ်းစားချင်တယ်ဆိုလည်း စား ”
ကိုရင်လေးကို သနားတာနဲ့ ကျွေးလိုက်မိတယ်။ အစာအိမ်တွေ ဘာတွေဖြစ်ရင် ခက်မယ်။ ကလေးတွေကိုး။
ကိုရင်လေးက ငှက်ပျောခိုင်က သုံးလုံးဖြုတ်ပြီး တစ်ခါတည်း စားပစ်လိုက်တယ်။ ဆွမ်းတော့ မစားဘူးတဲ့။
အရင်က ဒီလိုတစ်ခါမှ လာပြီး မလျှောက်ဖူးပါဘူး။
“ ကိုရင်လေး….အရင်က ဒီလို တစ်ခါမှမဖြစ်ဖူးပါဘူး….အခု ဗိုက်ဆာတဲ့ဒဏ်ကို သည်းမခံနိုင်တော့ဘူးလား ”
“ တင်ပါ့ဘုရား…..အရင်က တပည့်တော်ကို ကိုရင်ငပိန်က ညနေပိုင်းရောက်ရင် ထမင်းခိုးခိုးကျွေးပါတယ်…..အခု သူမရှိတော့ ဗိုက်အရမ်းဆာတာ မအောင့်နိုင်လို့ပါ ”
“ ဟေ…..ငပိန်က ထမင်းခိုးကျွေးတယ်…… ”
“ သူမဆုံးခင် အပြစ်ပေးခံရတုန်းက ဆွမ်းတွေခိုးတာ တပည့်တော်အတွက်ပါ….သူ လုံးဝမစားပါဘူး….တပည့်တော်ကို သနားလို့ သူ့ထဲကဆွမ်းကို ချန်ထားပြီး ညနေစာစားရအောင် ဆွမ်းထုပ်ကို ကျောင်းအောက်သိမ်းတာ သိသွားလို့ ဆွမ်းသူခိုးလို့ စွပ်စွဲခံရတာပါ ဘုရား ”
“ ဟေ ဟုတ်လား….ဒါနဲ့ ကိုရင်လေး သူမဆုံးခင်ကအကြောင်း သိရင် ပြောပြပါဦး ”
“ သူ့အပြစ်ပေးခံရတော့ ရှက်သွားတယ်ထင်ပါ့ဘုရား….တပည့်တော်ကို ကောင်းကောင်းနေခဲ့လို့မှာပြီး အဲဒီနေ့ည မတွေ့ရတော့တာပဲ….တပည့်တော်အတွက် သူလုပ်တာပါ ဘုရား ”
“ အေးကွယ်….နောင်ခါ ဆာရင်လည်း ပြော….ခိုးပြီးတော့ မလုပ်နဲ့ ”
“ တင်ပါ့ဘုရား….တပည့်တော် သွားပါဦးမယ် ”
“ အေး အေး ”
ကိုရင်လေး ကျောင်းအောက်ဆင်းသွားပြီး ပျောက်ကွယ်သွားတဲ့တိုင် အချိန်အကြာကြီး ကျုပ် အသိစိတ် ကင်းလွတ်သွားခဲ့တယ်။ ကျုပ်ရင်ထဲက ဆို့နစ်ပြီး မျက်ရည်တွေ ကျလာတယ်။
မိုးတွေ သဲသဲမဲမဲ ရွာနေတယ်။
ဒီလို မိုးတွေရွာတဲ့နေ့ဆို ကိုရင်ငပိန်ကို ပိုသတိရနေမိတယ်။
သြော်….တစ်ချိန်တစ်ခါက ကျုပ်တို့ ဆွမ်းခိုးစားတဲ့အဖြစ်ဟာ ရယ်စရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပေမယ့် အခု ကိုရင်ငပိန် ဆွမ်းခိုးတဲ့အဖြစ်ကတော့ တကယ်ကို ကြေကွဲစရာကောင်းနေပါပေါ့လား။
တွေးရင်းနဲ့ မိုးစက်တွေနဲ့အတူ ကျုပ်မျက်ဝန်းမှာ၊ ကျုပ်နားထဲမှာ စာသင်ကျောင်းပေါ်ဆီက ထွက်လာတဲ့ အသံတစ်ခု။
“ ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက် ၀ှက်ထားမိပါတယ်…..နားရွက်ဆွဲ ထိုင်ထ အခါငါးဆယ် လုပ်ရပါမယ် ”
“ ကိုရင်ငပိန်….. ”

credit = ချောအိမာန်(မန္တလေး)
ရွှေအမြုတေမဂ္ဂဇင်း
ရွှေအမြုတေမဂ္ဂဇင်း
No comments:
Post a Comment