၃ နာရီ
----------
မစ်ချီဂန် တက္ကသိုလ်က ပညာရှင်တွေ သုတေသနပြုထားတာလေး စိတ်ဝင်စားမိပါတယ်။
သူတို့အမေရိကန် အရွယ်ရောက်သူတွေရဲ့ တစ်နေ့တာ လည်ပတ်ပုံစနစ်တွေပါ။
အိပ်ချိန် ၈ နာရီ
အလုပ်လုပ်ချိန် ၈ နာရီ
စားချိန် ၂ နာရီ
သွားချိန် ပြန်ချိန် လမ်းပေါ်မှာ ကြာချိန် ၂ နာရီ
ကျန်းမာရေးကစားချိန် ၁ နာရီ
ဒါတွေဟာ အမေရိကန်တွေ အများဆုံး ကျင့်သုံးလိုက်နာကြတဲ့ အချိန်တွေတဲ့။
တစ်ရက်မှာ ၂၄ နာရီဆိုတော့ အဲဒီအထဲမှာ ၃ နာရီ မပါသေးဘူး။
အဲဒီ ၃ နာရီကိုတော့ ကိုယ်ဝါသနာပါတာ ကိုယ်လုပ်ကြတယ်။ စာဖတ်မယ်၊ ပါတီတက်မယ်၊ တီဗီကြည့်မယ်၊ မိသားစုနဲ့ ဒါမှမဟုတ် ချစ်သူနဲ့ အတူလည်မယ်။ ကြိုက်တာလုပ်နိုင်တဲ့ ကိုယ်ပိုင်အချိန်။
ကိုယ်ပိုင်အချိန် ၃ နာရီကို
အလုပ်ထဲထည့်သူတွေရှိနိုင်တယ်။ အရက်ဝိုင်းထဲ ထားသူတွေရှိနိုင်တယ်။ စာကြည့်တိုက်မှာ သွားထားသူတွေ လည်းရှိနိုင်တယ်။
လူတစ်ယောက်အောင်မြင်မှုဟာ အဲဒီ အပိုဆောင်း ၃ နာရီမှာ အများကြီး မူတည်နေတယ်။
တစ်ရက်ကို ၃ နာရီဆိုတာ တစ်ပတ်ကို ၂၁ နာရီ
တစ်လကို နာရီ ၉၀
တစ်နှစ်ကို ၁၀၉၅ နာရီ
လူတစ်ဦးမှာ တစ်နှစ်ကို ရက်အားဖြင့်တွက်ရင် ပျမ်းမျှ ၄၅ ရက်စာလောက် ကိုယ်ပိုင်အချိန်တွေရှိတယ်။ အဲဒီ အချိန်တွေကို ဘယ်လို အသုံးချခဲ့တယ်ဆိုတဲ့ အပေါ်မှာ လူတစ်ယောက်ရဲ့ ဘဝဆိုတာ မူတည်နေတယ်။
တစ်ရက်ကို ၃ နာရီ ဘီယာဆိုင်ထိုင်မယ်ဆိုရင် ?
တစ်ရက်ကို ၃ နာရီ စာဖတ်မယ်ဆိုရင် ?
လူတိုင်းပြောတယ်။ အချိန်တွေနည်းလိုက်တာ။ အချိန်ကို အကျိုးရှိစွာ သုံးချင်သူတွေအတွက် အချိန်ရှားပါး တယ်။ အချိန်ကို ဘယ်လို သုံးရမှန်း မသိသူတွေအတွက် အချိန်ကုန်ခဲတယ်။
တစ်နေ့ ၃ နာရီ ဘာတွေ လုပ်ပြီးပြီလဲ။
အချိန်ကို အကျိုးရှိစွာ အသုံးချတယ်ဆိုတာ လုပ်ငန်းခွင်မှာချည်း ပြောတာမဟုတ်ဘူး။ အောင်မြင်သူ အများစုဟာ အပိုရတဲ့ ၃ နာရီကို ဘယ်လို အကျိုးရှိစွာ အသုံးချခဲ့တယ်ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။
ကိုယ်ပိုင်တဲ့ ၃ နာရီကို အကျိုးရှိစွာ သုံးနိုင်သူတွေသာ ပျော်ရွှင်အောင်မြင်ကြပါတယ်တဲ့။
(ယနေ့ဖတ်မိတဲ့ IHT သတင်းတစ်ပုဒ်ကို ရည်ညွှန်းပါတယ်)
၂၀.၂.၂၀၁၇
No comments:
Post a Comment