Shirakawa-Go
လွန်ခဲ့တဲ့ နှစ်နှစ်က ပေါ့ နှင်းတွေဖုံးနေတဲ့ အိမ်ပိစိကွေး တွေ ဟိုတစ်စု ဒီတစ်စု နဲ့ ဖြစ်နေတဲ့ ချစ်စရာ ရွာငယ်လေး တစ်ခု ပါတဲ့ wall sheet တစ်ခုကို ဂျပန် ကုမဏီ တစ်ခုက ကိုယ့်ကို လက်ဆောင်ပေးခဲ့တယ်.. ဖွင့်ကြည့်လိုက် တာနဲ့ အိမ်ကလေးတွေက ချစ်စရာ ကောင်းလိုက်တာ ဆိုပြီး ဖုံး နေတဲ့နှင်းထူထူတွေကို ကြည့်ပြီး ချက်ချင်း အပြင်မှာပါ ကိုယ် လိုက်ချမ်းသွားတယ်.. အဲ့ဒီ အိမ်လေးထဲ ကိုယ့်စိတ်တွေ တစ်ခါထဲ ၀င်ရောက်သွားနိုင်အောင် ဖမ်းစားနိုင်ခဲ့တယ်.. အရမ်းကြိုက်လွန်းလို့ ဒီ wall sheet လေးကို ကိုယ့်ရဲ့ ရုံးခန်းမှာ မှန်ဘောင်လေးသွင်းပြီး ချိတ်ထားခဲ့တာ .. ရုံးလာတဲ့ ဧည့်သည်တွေ တောင် တွေ့တိုင်း ဒါဘယ်နေရာလေးလဲ သွားချင်လိုက်တာ ဆိုပြီးအမြဲမေး တယ်.. ကိုယ်ကလဲ ဒီအကြောင်းမေးလာရင် မရောက်ဘူးသေးပေမယ့် သေချာရှင်းပြနေတာ မောတယ်တောင်မထင်ဘူး ..
တကယ်တော့ ဒီရွာလေးကို ကိုယ်သွားဖို့ ကြိုးစားနေတာ နှစ်နှစ်လောက်ရှိပြီ.. နှင်းဖုံးတဲ့ အချိန် ဆောင်းတွင်းမှ သွားမယ်ဆိုပြီး လုပ်ထားခဲ့တာမို့ စောင့်ရပြန်ရောပေါ့ .. ဒီနှစ်တော့ ကိုယ့်ဆန္ဒတွေ အကောင်ထည်ဖော်ပြီး အေးချမ်းနေတဲ့ ဒီဇင်ဘာလမှာ သွားဖြစ်ခဲ့တာ..
ဒီရွာလေးရဲ့ နာမည်က Shirakawa-Go ရှိရာကာဝါ ဂို လို့ခ်ါတယ်.. သူက ဂျပန်ရဲ့ အကြီးဆုံးကျွန်းဖြစ်တဲ့ ဟွန်းရူးကျွန်းပေါ်မှာ တည်ရှိတယ်.. နာမည်ကျော် မြို့ဖြစ်တဲ့ နာဂိုရာ ကနေ ၃ နာရီလောက် ကားစီးသွားရတယ်.. မေဇွန်က အိုဆာကာ ဘက်ကနေ သွားတော့ ကျည်ဆန်ရထား စိးပြီး နာဂိုရာ မြို့ကို အရင်သွားရတာ ပေါ့.. အရင်က ဂျပန် ရောက်ရင် Shinkansen လို့ခေါ်တဲ့ ကျည်ဆန်ရထား စီးဖူးပေမယ့် ဒီလောက်ကြာတဲ့ ဝေးတဲ့ ခရီးကို မစီးဘူးဘူးရယ်.. မိုင် 120 လောက်ကို မိနစ် 50ပဲ စီးရတယ်ဆိုတော့ မြန်မာ ပြည်မှာသာရှိရင် 115 မိုင်က feel မှာ မွင်းခါး ခနခနသွားစားမိမှာလို့ တွေးမိနေရာကနေ . ရထားလက်မှတ်ခက မြန်မာငွေနဲ့ တစ်ကြောင်းကို 7 သောင်းကျော်လောက်ကျတော့ ..တော်ပါပြီလို့ ဆုံးဖြတ်မိပြန်ရော.. ဒီလောက်အရျိန်နဲ့ သာသွားနေတာ ကော်ဖီခွက် တင်ထားတာ တောင်တစက်မှ မလူပ်ဖူးရယ်.. အချိန်မှန်ချက်ကတော့ ဂျပန်လေ.. ဘာတွေတွေးနေတာလဲလို့ ဆိုပြီး ကိုယ့်ဟာကို ရီချင်မိပြန်ရော .. နာဂိုရာ ဘူတာရောက်တော့ ဘေးကပ်ရပ်က ကားဂိတ် ၇ှိတဲ့ အဆာက်အဦး ကြီးကို သူငယ်ချင်းက တက်သွားတာ .. ကိုယ့်မှာ ကားလက်မှတ် အရင်ဝယ်မယ် ပဲထင်မိနေတာ.. တကယ်က သူတို့ ကားဂိတ်ရော ကားလက်မှတ်ရောင်းတဲ့နေရာ ပါ အဆောက်အဦးရဲ့ သုံးထပ်မှာ .. ဒီမှာတွေ လို ကားတွေကို ခြံကျယ် ကြီးတွေ နဲ့ ရပ်တာ မဟုတ်ပဲ အထပ်တွေ မှာ ကားဂိတ်လုပ်ထားတား ဆိုတော့ မြေဈေးကြိးလို့ပဲ နေမှာပါလို့ တွေးမိပြန်ရော.. နှစ်နာ ရီခွဲ စီးရမယ့် ခရီးကို တစ်ယောက် ကားခ 5 သောင်းလောက်ကျ တော့ ဂျပန်ဆိုတာ ပိုက်ဆံ တွေခင်းပြီးသွားရတဲ့ နိုင်ငံပါလား လို့ သူ့ရဲ့ တိုးတက်မူတွေ ကို ကြိုက်ပေမယ့် နည်းနည်းမွန်းကျပ် သလို စခံစားလာရတယ်..

ဒီလိုနဲ့ နာဂိုရာ ကနေ ကိုယ့်ရဲ့ စိတ်ကူးယဉ်ကမ္ဘာလေးထဲ က နှင်းတွေ ဖုံးနေတဲ့ ရွာလေးစီကို ကားလေးကတစ်ရွေ့ရွေ့နဲ့ ပေါ့ .. ကိုယ် နှစ်နှစ်လောက် အိမ်မက် မက်ခဲ့ ရတဲ့ နေရာလေးစီ သွားနေလို့လားမသိဘူး ရင်ခုန်သံတွေ မြန်လာပြီး ခုနက မွန်းကြပ်တာ တွေရော ဈေးကြီးတယ်ဆိုတဲ့ အတွေးတွေ ရောဘယ်ရောက် သွားမှန်းမသိဘူး .. အဲ့ဒါကြောင့်ပြောကြတာ ပေါ့ လူဆိုတာ ကိုယ်ကြိုက်တဲ့ အရာကို လုပ်ရဖို့ အတွက်ဆို ဘယ်အရာတွေ ကမှ ဆွဲထားလို့မရဘူးဆိုတာ . .. ကားပေါ်ကနေ ဖြတ်လာတဲ့ တောက်လျှောက် ကတော့ မျက်တောင် တစ်ချက်မခတ်မိဘူး .. နှင်းတွေဖုံနေတဲ့ တောင်တန်းကြိးတွေ ..လမ်းဘေးက ရွာလေးတွ .. နှင်းတွေ အရမ်းခဲနေလို့ ပုံသဏန် ကိုမှန်းဆ ပြီးသာ ထင်းရူးပင်တွေ လို့သိနိုင်တဲ့ သစ်တော အုပ်တွေ ကြားက ၀ံပုလွေ တစ်ကောင်ကောင် ပဲ ထွက်လာတော့မှာလိုလို နဲ့ မြင်ကွင်းတိုင်းဟာ ကိုယ့်အတွေးတွေ နဲ့ ယှဉ်တွဲပြီး ရုပ်ရှင်တွေ ထဲကလို လိုက်ပြီးခံစားနေ မိတော့တယ်.. နှင်းစက်လေးတွေ ကားေ၇ှ့ကို လာလာရိုက်နေတာ မြင်နေရင်းက နေ အောက်ကို ဆင်းပြေးချင် ပြီး နှင်းလေးတွေ ကို တွေ့ထိချင်နေ တဲ့စိတ်တွေ ကိုမနည်းထိန်းပြီး မြန်မြန်ရောက်ပါတော့လို့ ဆုတောင်းနေမိတယ်..
ရွာလေးက တောင်တွေပတ်လည်ဝိုင်းနေတဲ့ အလည်မှာ၇ှိတော့ ကားက တောင်တွေကို ပတ်ပြီး အောက်ကို ဆင်းတာပေါ့ .. အိမ်လေးတွေ ပေါ်နှင်းလေတွေကျနေတာ တောင်ပတ်လမ်းတစ်လျောက် ပေါ်လာလိုက် ပျောက်သွားလိုက် နဲ့ ဖြစ်နေတာကို ကိုယ့်မှာ အားမလိုအားမရနဲ့ .. wall sheet ထဲက ကိုယ်မြင်ခဲ့ရတဲ့ အတိုင်းပဲ အိမ်လေးတွေ ဟာ နှင်းတွေကြားထဲ ကွက်တိကွက် ကြားနဲ့ပေါ့ .. ကားရပ်လိုက်တာ နဲ့ ပြေးဆင်းသွားတာ ..နှင်းတွေဆိုတာ ကိုယ့်မျက်နှာ နဲ့ ဆံပင်လေးတွေဆီ အေးခနဲ အေးခနဲ နဲ့လာရိုက်နေတာ ကိုယ့်ဘ၀ ရဲ့ပထမဦးဆုံး ကောင်းကင်ပေါ်က ကျလာတဲ့ နှင်းတွေကို ပျော်ရွင်စွာ ထိတွေ့ရင်းနဲ့ပေါ့ .. သူငယ်ချင်း အာပြဲ ကြိးနဲ့ လှမ်းအော်သံ ကြားမှ ကိုယ့်ရဲ့ အိတ်တွေ ကိုကားအောက်ကနေ ရှက်ရှက်နဲ့ သွားထုတ်ရတယ်.. လူတွေ ကတော့ ထင်မှာပဲ ကိုယ့်ကို သူ့ကိုသူ VCD ရိုက်နေတယ်များမှတ်နေလားမသိဘူးလို့.. ဘယ်လိုထင်ထင်ပါ . ကြိုက်မရှက် ငတ်မရှက်ဆိုတဲ့ စကားလဲရှိနေတော့ .. ဟိဟိ..

နှင်းတွေကျနေ တာကို မအေးတဲ့ အတိုင်း အထုတ်ဆွဲပြီး ဟိုနားလျောက်သွားဒီနားလျောက်ကြည့်လုပ်နေရင်းကနေ ဗိုက်ဆာလာတာ နဲ့ ..တစ်ခုခု စားမယ်ဆိုပြီး စားသောာက်ဆိုင်လိုက်ရှာတာ .ဆိုင်လိုလို အိမ်လိုလို လေးတွေ မို ဂျပန်စာ တတ်တဲ့ သူပါလို့သာ ..နို့မို့ဆို ကိုယ့်မှာ ယောင်လည်လည် နဲ့ဖြစ်နေမှာ..အဲ့ဒီိဆိုင်လေးတစ်ခုထဲ ကို ၀င်သွားတာ ..စာပွဲခုံက လေးခုံသာ ရှိတဲ့ ဆိုင်ပိစိကွေးလေးပေါ့ ..ဂျပန်အဖွားကြီးတစ်ယောက်ထဲ ကိုယ်တွေ ၀င်လာတာကို ပြုံးရွင်ပြီးနူတ်ဆက်တာပေါ့.. သူ့ကို ကြည့်လိုက်တာ အေးဆေးပဲ.. ရေဒီယိုကနေ ဟိုးရှေးခေတ်က ဂျပန်သီချင်းလေးတွေ ကို ဖွင့်ထားပြီး ပန်ကန်တွေ ကို အ၀တ်နဲ့ နာနာသုတ်နေတယ်.. ခနနေတော့ လူပ်လူပ် လူပ်လူပ် မီနူး လာချတယ်.. မီနူးလို့သာ ပြောတာပါ တကယ်က မှာစရာ လေးမျိုး ကို ဓါတ်ပုံလေးတွေနဲ့ ပြထားတာ ဒါပါပဲ.. ဂျပန်စာတွေရဲ့ ထုံးစံ အတိုင်းပဲပေါ့ အိုးပုတ်ဂျိုးရုပ်လေးတွေ နဲ့ထမင်းစားနေရသလို ပဲ ..ခွက်လေးတွေရော မီးဖိုလေးတွေကရော ပိစိလေးတွေ ..ဂျပန် အိမ်လေးထဲက ရှေးဂျပန်အဖွားကြီးချက်တဲ့ နေလည်စာကို ဘာတွေဆိုနေမှန်းမသိတဲ့ ရေဒီယို ထဲကသီချင်းသံတွေ ကိုနားထောင်ပြီး စားရတာက ကိုယ်ကိုတိုင် ဂျပန်ရွာသူလေး တစ်ယောက်လို့ထင်နေပြီး အဲ့ဒီအခိုက်အတန့်လေးကို သာယာနေမိတယ်.. သူငယ်ချင်းနဲ့ အဲ့ဒီအဘွားကလဲစကားလက်ဆုံ ကျနေပြီး မြန်မာပြည် အကြောင်းကို သူကစပ်စုနလိုက်သေးတယ်.. စားပြီးမှ ဘယ်မှာ နေရမှာလဲ သွားရှာရမှာ ဆိုတော့ အဘွားက အိမ်တွေမှာနေလို့ရတယ်.. ဒါပေမယ့် တစ်အိမ်စီကို လိုက်မေးမှ၇မှာတဲ့ .. အဲ့ဒါနဲ့ သူ့ဆိုင်မှာ ကိုယ့်အထုပ်တွေ အပ်ထားပြီး ကိုယ်တွေ ဧည့်စာရင်းစစ်သလို မျိုး တည်းလို့ရတယ်လို့ ရေးထားတဲ့ အိမ်တွေ ကိုတံခါးလိုက်ခေါက်ရတာပေါ့ ..
မြေပုံထဲမှာ ပြထားတဲ့ တည်းလို့ရတဲ့ အိမ်တွေကလဲ ၁၀ လုံးလောက်ရှိမယ်.. ဘဲတီးတာ တော်တော်နဲ့ ထွက်မလာကြဘူး .၅ မိနစ်လောက်စောင့်မှ ထွက်လာတယ်.. မေးလိုက်တိုင်းပြည့်နေတယ် ဆိုတာကြီးပဲ ဆိုတော့ စိတ်ဓါတ်တွေ တော်တော်ကျတာပေါ့.. ၅ အိမ်လောက်မေးပြီး ဂျောင်ထဲက အိမ်ကြီးကြီးတစ်လုံးကို တံခါးခေါက်တော့ ထုံးစံ အတိုင်း အကြာကြီး နေမှ ထွက်လာတာ .. ခါးကုန်းနေ တဲ့ ဂျပန်အဘွားကြီးတစ်ယောက် ..ကျောမှာလဲ ဘုကြီးနဲ့ .. လာထဲက ရုပ်ရှင်တွေ ထဲကလို တွေးပြီးလာတဲ့ ကိုယ်ဆိုတာ ခနတော့ ကြက်သေသေသွားတယ်.. သူငယ်ချင်းကတော့ ကိုယ့်အတွေးတွေ မသိလေတော့ တည်းခိုချင် တဲ့ အကြောင်းကို ဂျပန်လို ယဉ်ယဉ်ကျေးကျေး တောင်းဆိုနေတာပေါ့.. ဟိုကလဲ အမှန်က ပြည့်နေပြီ.. ဒါမဲ့ reservation လုပ်ထားတဲ့ သုံးယောက် ကမလာသေးလို့ အဲ့ဒီ နှစ်ခန်းတော့ ရှိသေးတယ်တဲ့ .. ကိုယ်စိတ်ထဲကတော့ ဘာလို့မှန်းမသိဘူး ငြင်းလိုက်ပါစေလို့ ကိုပဲ ဆုတောင်းနေမိတယ်.. ဘယနိုင်ငံကလဲ ဆိုတော့ မြန်မာ နိုင်ငံ ဆိုတာ သူမသိဘူး ..ထိုင်းနားကလို့ ပြောလဲ မသိဘူး .. အာရှကပဲ လို့ပြောလိုက်တော့တယ်.. သူအထဲ ၀င်သွားတာ အကြာကြီးပဲ ဘာတွေသွားပြောလဲမသိဘူး .. ပြန်ထွက်လာတော့ ရတယ်တဲ့ အခန်းတွေ ကြည့်မလားဆိုပြီး လိုက်ပြတယ်.. အခန်းကတော့ ဂျပန် ပုံစံတွေပါပဲ ..အောက်မှာ ဖျာခင်းထားတာကို စောင်ထပ်ခင်းပြီး အိပ်ရတာ ဒီလောက်ပဲ .. အထဲမှာ ဧည့်ခန်းလေးပေါ့ ..အလည်မှာ မီးဖိုနဲ့ ရေနွေးအိုးတင်ထားပြီး အပေါ်က မှာ လင့်စင်နဲ့ ငါးတွေကို တံဆို့နဲ့ ထိုးပြီးကင်ထားတယ်.. ကိုယ့်မှာ လဲ အတွေးတွေ ကနှိပ်စက်ဆိုတော့ ကျန်နေသေးတဲ့ အိမ်တွေ လိုက်ကြည့်အုန်းမယ် ဆိုပြီး သူငယ်ချင်းကို ဂျီကျ တာပေါ့. အဘွားရေ ခနနေ ပြန်လာခဲ့မယ် ဆိုပြီး နောက်အိမ်တွေ ဆက်ခေါက်လဲ ..ကံကြမ္မာက ကိုယ့်ဘက်မပါလေတော့ ခါးကုန်းဘွားဘွားအိပဲ ရတော့တယ်.. ကိုယ်ကလဲ ဒီအိမ်တွေ မှာ အိပ်ရမှ ဆိုတော့ မထူးပါဘူးလေ ဘုရားရှိခိုး ပြီးအိပ်မယ် ဆိုပြီး အထုပ်တွေ သွားပြန်သယ်ပြီးနေရာချရတော့တာပေါ့ .. ပြီးမှ ပဲ ရွာသေးသေးလေးထဲ လျှောက်ကြည့်ဖြစ်တော့တယ်..
ဒီရွာလေးရဲ့ အကြောင်းကတော့ … Shirakawa-Go ရှိရာကာဝါ ဂို နဲ့ ပုံစံတူ အနီးအနားမှာရှိတဲ့ Gokayama ဂိုကာရာမ လို့ခေါ်တဲ့ ဒေသတွေဟာ Shogawa မြစ်တစ်လျှောက် တောင်တန်းဒေသနဲ့ အတန်ငယ်ဝေးတဲ့ Shigawa ချိုင့်ဝှမ်းလွင်ပြင် ဒေသတွင် တည်ရှိပြီး ဂျပန်အစိုးရက တရားဝင် ထိန်းသိမ်း စောင့်ရှောက်ထားတဲ့ ဒေသတွေ ဖြစ်တယ်… Gokayama ဂိုကာရာမ ရွာကတော့ ပိုဝေးပြီးသေးလို့ ရှိရာကာဝါဂို ကိုပဲ လာတာများတယ် .. ဒီရွာလေးတွေဟာ 1995 ခုနှစ်မှာ UNESCO ရဲ့ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်ခဲ့ပြီး ဒေသခံတွေရဲ့ ရိုးရာယာတောအိမ်လေးတွေ ဖြစ်တယ်.. ဂျပန်လို ဆိုဒီအိမ်လေးတွေကို Gassho-Zukuri …..တစ်ချို့ ယာတောအိမ်လေးတွေဟာ ဆိုရင် နှစ်ပေါင်း ၂၅၀ ကျော် သက်တမ်းရှိနေပါပြီ… Gassho-Zukuri ဆိုတာ “ဆုတောင်းနေသော လက်ပုံစံ တည်ဆောက်ထားသော” လို့ အမည်ရတယ်.. သူ့ ရိုးရာ အိမ်လေးတွေရဲ့ ခေါင်မိုးတွေကို ဘုရားရှိခိုးနေတဲ့ လက်ပုံစံ တည်ဆောက်ထားပြီး ခေတ်အဆက်ဆက် ဗိသုကာ လက်ရာ တိုးတက်လာမှုတွေ ကြောင့် ရိုးရာအိပ်ပုံစံတွေ အနည်းငယ် ပြောင်းလဲလာခဲ့တယ်…သူ့ရဲ့ ခေါင်မိုးပုံစံက ဆောင်းရာသီမှာ ကြုံတွေ့ရတဲ့ ဆီးနှင်းဒါဏ်ကို ခံနိုင်ရည်ရှိအောင် အဓိက တည်ဆောက်ထားတာ..ဒီအိမ်တွေကို တည်ဆောက်ရင် များသောအားဖြင့် သံကို လုံးဝမသုံးပဲ ဆောက်လုပ်ထားတတ်ပြီး သူတို့ရဲ့ ထပ်ခိုးမှာဆိုရင်တော့ စိုက်ပျိုးထားတဲ့ အသီးအနှံတွေကို သိမ်းဆည်းလို့ရအောင်၊ ပိုးတုံးလုံးအကောင်လေးတွေ မွေးထားလို့ရအောင် နေရာတွေ ထားထားကြတယ်.. Gassho-Zukuri ရိုးရာအိမ်လေးတွေကို “စာအုပ်တစ်အုပ်ကို ဖွင့်ပြီးမှောက်ထားတဲ့ ပုံစံရှိတဲ့အိမ်” လို့လည်း ခေါ်ဆို ကြသေးတယ်…ဒီ ဒေသရဲ့ ပြင်းထန်တဲ့ ဆောင်းဥတုဒါဏ်ကို ခံနိုင်ရည်ရှိအောင် အဓိကထားပြီး တည်ဆောက်ထားတဲ့ အိမ်တွေရဲ့ ကိုယ်ထည်တည်ဆောက်ပုံဟာ ဆိုရင်လည်း လေဒါဏ်ကို ခံနိုင်ရည်ရှိအောင် တောင်ဘက်နဲ့ မြောက်ဘက်ကို လှည့်ပြီး ဆောက်ထားတာပေါ့… အိမ်တွေရဲ့ ကိုယ်တည်နဲ့ ပြတင်းပေါက် တွေကိုတော့ ဆောင်းရာသီမှာ လေဒါဏ်၊ ဆီးနှင်းဒါဏ်ကို ခံနိုင်ရည်ရှိအောင် နွေရာသီမှာလည်း လေ၀င်လေထွက် ကောင်းမွန်အောင် ဂရုတစိုက်နဲ့ စနစ်တကျတည်ဆောက်ထားကြတာကို တွေ့ ရ တယ်… သူက ၃ ထပ်မှ ၄ထပ်အမြင့်အထိ ဆောက်လုပ်ထားပြီး လူဦးများတဲ့ မိသားစုတွေ နေလို့ရအောင်၊ စိုက်ပျိုးထားတဲ့ အသီးအနှံတွေကို သိမ်းဆည်းလို့ ရအောင် နေရာကျယ်ကျယ် ထားတတ်တယ်.. အပြင်က ကြည့်ရင်သေးသေးလေးလို နဲ့ အထဲ မှာတော်တော် ကို ကြီးတာ တွေ့ရတာယ်.. မြစ်ဝှမ်းဒေသဖြစ်တဲ့အတွက် နှုံးမြေတွေကြောင့် မြေဆီမြေသြဇာ ကောင်းမွန်လှပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ.. ပိုးချည်မျှင်ထုတ်လုပ်တဲ့ လုပ်ငန်းများ နဲ့ ယမ်းမှုန့်ထုတ်လုပ်ရာမှာ အဓိကအသုံးပြုတဲ့ ယမ်းစိမ်းတွေ ကိုအဓိက ထုတ်လုပ်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်… Ogimachi ဆိုတာကတော့ဒီ Shirakawa-Go ဒေသရဲ့ အကြီးဆုံးရွာဖြစ်တယ်.. ခရီးသွားဧည့်သည်တွေကို အဓိက ဆွဲဆောင် နိုင်တဲ့ ရွာဖြစ်ပြီး Takayama နဲ့ Kanazawa ဒေသနှစ်ခုကြားမှာ တည်ရှိတယ်..
ရွာလေးကသေးသေးလေးနဲ့ ရေခဲနေတဲ့ ချောင်းလေးနားက ပတ်ပြီးစီးနေတယ်.. ရွာဆုံးတာနဲ့ တောအုပ်ကြီး ရာယ် တောင်တွေ ရယ် ဒါပဲ ရှိတော့တယ်.. နှင်းတွေက အာလုံး ဖုံးနေလို့ ဘယ်ကို ကြည့်ကြည့် အဖြူရောင်ကြီးပဲ.. တချို့အိမ်တွေ ဆိုလူလဲမနေကြဘူး ..တချို့ကတော့ ဘေးက မြေကွက်လပ်တွေမှာ စိုက်ပျိုးရေးလုပ်နေတာတွေ့ရတယ.်.. တောင်ပေါ်မှာ view point ရှိလို့ ညနေဘက် နှင်းတွေ ပိုသည်းလာတဲ့ ကြားထဲက အတင်းကုန်းရုံးပြီးတက်ရတာပေါ့ .. လမ်းတလျောက်လဲ နှင်းဖုံနေတဲ့ အိမ်လေးတွေပဲ .. ဂျပန်သီချင်းသံ လေးသဲ့သဲ့လွင့်နေတဲ့ အိမ်လေးတွေ ရဲ့ ခန်းစီးကနေ ကိုယ်တွေကို ချောင်းကြည့်နေ လေမလားလို့ အိမ်ထဲ ကို လှမ်းလှမ်းကြည့်ရတာလဲ အမောပဲ .. တောင်ပေါ်ရောက်တော့ နှင်းကတော်တော် သည်းနေလို့ အောက်ကရွာလေးကို မြင်ရပေမဲ့ ဓါတ်ပုံ ရိုက်လို့ သိပ်ပြီး မကြည်ချင်တော့ဘူး.. အပေါ်က ကြည့်ရင် လွမ်းဆွေးချင်စရာတော်တော် ကောင်းတယ် ..အမြဲ ပျော်ပျော်နေတတ်တဲ့ ကိုယ်တောင် ဘာကို လွမ်းလို့ လွမ်းမှန်းမသိဖြစ်တယ်..
တောင်ပေါ်က ပြန်ဆင်းပြီး ကိုယ်တွေ အိမ်လေးဆီသွားတော့ ခါးကုန်းဘွားဘွားရယ် တလူပ်လူပ်နဲ့ ဟင်းတွေချက်နေလေရဲ့ .. ခနနားပြီး ထမင်းစားလို့ ရပြီလို့ လာခေါ်တော့ ထု့စံ အတိုင်း ပုဂံမျိုးစုံနဲ့ မီးဖိုဘေးမှာ ချထား တာ.. ကိုယ်တွေရယ် ..ထိုင်းကအတွဲ တစ်တွဲ ရယ်.. ကိုရီးယားမလေးနှစ်ယောက် ရယ် ပဲ အေးအေးချမ်းချမ်း တိတ်တိတ် ဆိတ်ဆိတ်လေးညစာ စားရတာပေါ့ ..အပြင်မှာတော့ နှင်းကတော်တော်များနေပြီ.. လမ်းတွေပါဖုံးနေပြီလေ.. စားပြီး ရေနွေးခြမ်းလေး မီးဖိုနားမှာထိုင်သောက် ပြီး သူတို့ သီချင်းအေးအေးလေးတွေ နားထောင်တာပေါ့.. လမ်းမီးပြပြ လေးအောက်က နှင်းလေးတွေကို ငေးရင်းနဲ့ပေါ့.. တော်တော်ကို ငြိမ်းချမ်း တာ ..ရွာကလူတွေ ကလဲ ဒီလိုတောင်တွေ ကြားကရွာလေးထဲ မှာ တနေ့နေ့ သူတို့ ဘ၀ ငြိမ်းငြိမ်းချမ်းချမ်း လောဘ ဒေါသမောဟ တွေ မရှဖြတ်သန်းနေတာ အေးချမ်းနေလိုက် ကြတာ.. ခါကုန်း ဘွားဘွားကလဲ ကိုယ်ကသာ ကြောက်နေတာ သူက မြို့က သူ့အမျိုးတွေလာလည်လို့ ချက်ကျွေးနေသလိုမျိုး ပြုံးပြူံးနဲ့ လုပ်ပေးနေတာ.. ကိုယ့်အတွေး ထဲမှာတင် သူ့ကို ပြန်အားနာပြီး စိတ်ထဲ ကနေတောင်းပန်နေမိတာ အကြိမ်ကြိမ်ပဲ .. မနက်နိုးတော့ လဲ ဂျပန် မနက်စာ လေးလုပ်ပေးတယ်.. ပါမုန့်ပေါ်မှာ ကြက်ဥကို အနှစ်လိုက်ရောကြော်ထားတာ ကော်ဖီ ကြမ်းလေးနဲ့ အဘွားရဲ့ ဇွန်းသံ ပုဂံသံတွေ ကြားမှာ မနက်စာ စားရတာ . သာယာလိုက်တာ .. မပြန်ချင်တော့ ပဲ ဒီရွာမှာ ပဲ သူတို့လို ယာလုပ်ရင်းနေလိုက်ချင်တော့ တယ်..
တစ်ရက်တာလောက်ဘာမှ အလုပ်ကိစ္စ..တခြားဘာညာ တွေ မတွေးပဲ ပေါ့ပါးနေတဲ့ ကိုယ့်စိတ်တွေကို နှင်းတွေကြားထဲက ရွာလေးထဲ လွတ်ပေးပြီး ရာသီဥတုနဲ့ အပြိုင်အေးချမ်းလိုက်တာ ခရီးထွက်ရတဲ့ အရသာဟာ သူများတွေ ရဲ့ ဘ၀ထဲ ခနသွားဝင်ကြည့်ပြီး သာယာမူနဲ့ ငြိမ်းချမ်းမူကို ရှာနိုင်တယ်ဆိုတာ ကိုယ်ကောင်းကောင်းကြီး သဘောပေါက်သွားခဲ့တယ်..
ကျေးဇူးပါ .. ရွာလေးရေ ..
ကျေးဇူးပါ .. ရွာလေးရေ ..
MZ
No comments:
Post a Comment